သြဂုတ် ၂၇ ရက်က မြန်မာသတင်းမီဒီယာတွေအားလုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ စစ်အာဏာရှင်ထိပ်တန်းခေါင်းဆောင်

တွေ အနားယူတဲ့သတင်းဟာ ဒီကနေ့မှာတော့ ရှင်းရှင်းကြီး မှားမှန်းသိလိုက်ရပါပြီ။ ဘာလို့လဲဆိုတော့ ဒီကနေ့ ၃၁ ရက်ထုတ် မြန်မာသတင်းစာမှာ မလေးရှားနိုင်ငံဘုရင်ဆီကို လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင် ဥက္ကဌနေရာကနေ သ၀ဏ်လွှာပို့ထားတာကို တွေ့ရလို့ပါပဲ။

အညာနွေတမာမြေက ကြားတဲ့သတင်းတခုကို အသိပေးလိုပါတယ်။ ခိုင်လုံတယ် မခိုင်လုံဘူးဆိုတာတော့ စာဖတ်သူပဲဆုံးဖြတ်ပါ။ ရွေးကောက်ပွဲနီးလာလေလေ နအဖဘက်က ကြိုတင်စီစဉ်ထားတဲ့ မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သတင်းအမှားတွေကို ပြည်ပမီဒီယာတွေဆီကိုထည့်ပြီး ပြည်သူက ပြည်ပမီဒီယာတွေကို အထင်သေးအောင် လုပ်ဆောင်လာနေတဲ့အချိန်ဆိုတော့ အစစအရာရာ ကိုယ့်ဘက်က သတိထားမှ တော်ယုံပဲရှိမှာပါ။ ယခု ထိပ်ပိုင်းခေါင်းဆောင်တွေ အနားယူလိုက်တဲ့ သတင်းရဲ့ နောက်ကွယ်က ဖြစ်စဉ်လေးတခုကို တင်ပြချင်ပါတယ်။

နယ်ခြားစောင့်တပ်ပြောင်းလဲရေးမှာ ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ရဲမြင့်ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ လက်ရုံးတဆူဖြစ်သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအလိုကျ ဒုဥက္ကဌ ဗိုလ်ချုပ်မောင်အေးရဲ့ အင်အားစုတွေကို ထောက်လှမ်းရေးနည်းနဲ့ နောက်ကနေ စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်ပေါ်ပါတယ်။ တချိန်တည်းမှာပဲ ရဲမွန်တပ်ရင်းနဲ့ တခြားတပ်ရင်းတွေမှာ စုဆောင်းငွေတွေပြန်လည်ရရှိရေး အပါအ၀င် စားဝတ်နေရေးအကြပ်အတည်းတွေကို အောက်ခြေက အပေါ်ကိုတင်ပြလာနေချိန်ဖြစ်ပါတယ်။ ဗိုလ်ချုပ်သောင်းအေး ဗိုလ်ချုပ်မောင်ရှိန်တို့ အစီရင်ခံစာတွေအရ တပ်တွင်းရပိုင်ခွင့်တွေကို အောက်ခြေက တောင်းဆိုလာနေတာတွေကြောင့် ဒီကိစ္စတွေကို အရင်ဖြေရှင်းပေးပို့ ကကကြည်းကို အစီရင်ခံစာတွေ တင်ပို့တယ်လို့ ဆိုပါတယ်။ ဒုတိယ ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမောင်အေးကလည်း တပ်ကိစ္စတွေ အရင်ဖြေရှင်းပြီးမှ ရွေးကောက်ပွဲကြေငြာဖို့ ပြောတယ်လို့ကြားသိရပါတယ်။ ဒီလိုကိစ္စတွေ အရှုတ်အရှင်း ရှိနေတဲ့အချိန်မှာ ဗိုလ်ချုပ်ရဲမြင့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် စိတ်ချလက်ချ ယုံကြည်မှုမထားတဲ့ ဗိုလ်ချုပ်ကြီးမောင်အေးရဲ့ အင်အားတွေလို့ ထင်တဲ့သူတွေနောက်ကို ထောက်လှမ်းနေတယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၄ ရက်နေ့က နေပြည်တော်က အထွက်မှာ ဗိုလ်ချုပ်ရဲမြင့်လိုက်ပါလာတဲ့ ယာဉ်တန်းကို တပ်ကြပ်ကြီးတဦးက လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဗိုလ်ချုပ်ရဲမြင့်ကားကို မောင်းတဲ့ဒရိုင်ဘာ ဗိုလ်ကြီးကျော်စိုးထွန်း သေနတ်ထိမှန်သေဆုံးခဲ့ပြီး ကားတိမ်းမှောက်မှုဖြစ်ကာ ဗိုလ်ချုပ်ရဲမြင့်လည်း လက်မှာ ဒဏ်ရာရတဲ့အတွက် အရေးပေါ် ဆေးရုံတင်လိုက်ရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ တပ်ကြပ်ကြီးကိုတော့ ချက်ချင်းဖမ်းမိပြီး စစ်ဆေးနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ တချိန်တည်းမှာပဲ ဗိုလ်ချုပ်မောင်အေးကို ထိမ်းသိမ်းထားပြီး ဆက်နွယ်ပတ်သက်သူတွေကို လိုက်လံဖမ်းဆီးတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းထွက်ပြီး မကြာခင်မှာပဲ နအဖ အဖွဲ့အတွင်း အပြောင်းလဲသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီကိစ္စဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတဦးတည်းရဲ့ အစီအမံလို့လည်းပြောဆိုနေကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ ဗိုလ်ချုပ်မောင်အေးတို့ နုတ်ထွက်တယ်ဆိုတဲ့သတင်းထုတ်လွှင့်လိုက်တာဟာ တမင်အကွက်ကျကျ စီမံလိုက်တာ မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းလည်းထွက်ပေါ်လာပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ယူထားတဲ့သူဟာ ရုတ်တရက် ၀န်ကြီးတွေ ထိပ်ပိုင်းရာထူးယူထားသူတွေကို ထုတ်ပယ်တာ ပြောင်းလဲတာတွေမှာ အထုတ်ခံရသူတွေကိုယ်တိုင် အမိန့်စာကျလာမှသာ သိရှိရတယ်လို့ တပ်တွင်းသတင်းတွေအရ သိရပါတယ်။ တပ်တွင်းပုန်ကန်မှုတွေ ဖြစ်ပေါ်မလာအောင် လက်ရှိကာကွယ်ရေး ဦးစီးချုပ်ရာထူးယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ အသေချာကာကွယ်မှာပါပဲ ။ တကယ်လို့ ရွေးကောက်ပွဲလုပ်ဖြစ်ရင် တခုသတင်းတွေထွက်ပေါ်နေတဲ့ သူရမြင့်အောင်ကိုပဲ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လွှဲကောင်းလွှဲနိုင်တယ်လို့ ထင်ကြေးတွေပေးနေပါတယ်။ ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင်ကလည်း ခိုင်းတဲ့အတိုင်း တသွေမတိမ်းလုပ်ဆောင်ပေးတဲ့ ဗိုလ်ချုပ်သူရမြင့်အောင်ကို အားကိုးပြီး မှူးကြီးကိုယ်တိုင်ကလည်း ခိုင်းတဲ့အတိုင်းလုပ်မဲ့ သူရမြင့်အောင်ကိုပဲ ယုံကြည်တယ်လို့ သိရပါတယ်။

ခု တင်ပြခဲ့တဲ့သတင်းကိုလည်း စာဖတ်သူတို့ ဆက်လက်စီစစ်စေချင်ပါတယ်။ ရှေ့ဆက်ဖြစ်ပေါ်လာမဲ့ တပ်တွင်းသတင်းတွေအပေါ်မှာလည်း မီဒီယာတွေအနေနဲ့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေဆီက အချက်လက်ရမှ အတည်ပြုထုတ်ပြန်သင့်ကြပါတယ်။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုတဲ့ စကားကို အထပ်ထပ်စဉ်းစားပြီး ပြန်လည်တိုက်ခိုက်နိုင်ကြပါစေ။

အညာနွေတမာမြေ

(Forward Mail မှ ကူးယူဖော်ပြသည်။)

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။