အဘဂျီး မရှိထဲက ငတ်နေတာ၊ ငါးကြော်ဝေးစွ ထမင်းတောင် နပ်မမှန်ဘူး။ ဘယ်လို လုပ်ကြမဲ… ကြောင်အိမ်ထဲ ငါးခြောက် အပြည့်ပဲ၊ အနံ့လေး သင်းလို့၊ ခက်တာ သော့ခတ်ထားတယ် အနားသွားယောင်ရင်ကို မောင်းထုတ်တာ။ အိမ်ရှင်သစ်ကလည်း အကြာကြီး နေမည့်ပုံ… ဒုံးခပါပဲ။။။ ရေသောက် ဗိုက်မှောက် အိပ်နေရသော ကြောင်အပေါင်း ညည်းတွားသံ ဖြစ်သည်။ ဟုတ်လဲဟုတ်သည် ယခင် အိမ်ရှင်တုံးက အဘ အဘနှင့် ဘောမလျင် ငါးကြော် ငါးခြောက်များ စားရသည်။ ယခု အိမ်ရှင်သစ်ကတော့ ဆီမလာ ပျားမလာ.. ကိုယ်တိုင်လည်း ခြိုးခြံခြွေတာစားသည်၊ ကြောင်အိမ်ထဲရှိတာ လူအများနှင့် စားဖို့တဲ့၊ ကြောင်ဘိုးစဉ်ဘောင်ဆက် နေတာကြာပြီ။.. ဒီလို ပေါကြောင်ကြောင် စကားမျိုး တခါမှ မကြားဖူးပေ။ အဲ.. ရှေးပဝေဏသီကတော့ ရှိတယ်ဆိုလား၊ ဒါ ရာဇဝင် ဖြစ်သွားပြီလေ။ ခုမှ ဘာထ ကြောင်နေတာတုံး.. ကြောင်တောင်တောင်နက်…။

အတရားဗူးစ်…

ဟား… အကြံရပြီ။ ကြောင်အပေါင်းတို့ ခေတ်ကြီးကား ဘေးထိုင်ဘုတော တဝီဝီနေသော ခေတ်တည်း။ ရွာရှင်ဘွားတော် လေပဲရှိသည်၊ အဘခေတ်ကား မကုန်သေး၊ သူ့လူများစွာ ရွာတွင်ရှိသည် မဟုတ်လော။ ငါတို့ ဆရာ မဘသဘုန်းကြီးများအားကိုးရပေမည်။ အိမ်ရှင်မှ အထာမထားလျင် ငါတို့လည်း အထာပြန်ထားစရာ မလို၊ သူ့ကြောင်အိမ် ရအောင်ဖျက်ရလိမ့်မည်။

အိမ်ထဲ ဗလွီ ဆောက်နေတယ်ဗျို့…၊ အလုံပိတ်ကြီး သော့လည်းခတ်လို့။ အရိုးစည်းရိုး ထိုးပါတော့လား ဘာလား ညာလား။ နက်ဖြန်ဆို ကလားပြည် ဖြစ်မယ်၊ အမြန်ဖျက်ပါတော့လား။ မီညောင် မီညောင် ခွီး ဂရား…။ ကြောင်ဝတုတ်၊ ကြောင်လေး၊ ပူစီကြောင်၊ ကြောင်ကြီး စသော ကြောင်အများ ဆေးထိုးသံဖြစ်သည်။ မျိုးခြစ်ဆိတ် အပြည့်ရှိသော ရွာကား တမဟုတ်ခြင်း ဆူပွက်လာချေပြီ။ ချကွာ ဆော်ကွာ… ဟေး ဟေး ဟေး… လူအုပ်ကြီး များသထက် များလာချေပြီ။ မဟုတ်ပါဘူး ခမျာ… ကြောင်အိမ် အစစ်ပါ။ သော့ခတ်တာကလဲ ခိုးစားမှာ ဆိုးလို့ပါ။ ဘာလဲကွ… ရွာမှာ သူခိုး မရှိဘူး… ရွာကို စော်ကားတာလား… အမလေး အရပ်ကတို့.. ရွာကို သူခိုးတဲ့….။ ကြောင်များကလဲ မခေ.. အမြီး မီးတုတ်ချည်ရွေ့ ကြောင်အိမ်နား ပတ်ပြေးသည်။

ရွာသားများ အိမ်အတွင်း ဝင်လာကြပြီ။ ဘယ်မှာလဲ ကြောင်အိမ်၊ ဟုတ်သည် ကြောင်အိမ် အလုံပိတ်၊ သံဇကာ တံခါးနှင့် သော့တန်းလန်း။ ဟောသည်မှာ စားပြီးသား ကြက်လျှာစွန်းဒံပေါက်ထုပ်နဲ့ မဂိုလမ်းက ရွှေလက်ရာ ဒိန်ချဉ်ဗူးခွံ။ ညအမှောင် လယ်ပြင် ဆင်ထုံးဖြူသုတ် ထားသလို ရှင်းနေပြီ ပိတ်သက်ကျီး။ ချကွာ ဖျက်ဟေ့.. ဝုန်း ဒိုင်း ဂွမ်း… တားမရတော့၊ တမဟုတ်ခြင်း ကြောင်အိမ်ခ တစစီ ဖြစ်သွားသည်။ အောင်ပြီကွ အောင်ပြီ အမျိုး၊ ဘာသာ၊ သာသနာ…..အော်နေသော လူများအလစ် ငါးခြောက်များ ကြောင်ဝင်ဆွဲ ပစ်လိုက်ကျသည်။ မှတ်ပလားကွ…..

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 625 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး