သီတင်းကျွက်ဆင်လှူပွဲတော်ကိုရောက်ဖို့လိုနေသေးပေမယ့်လည်း ကျောက်ဆည်မြို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဒီလိုအချိန်ကတည်းက ဆင်အရုပ်အကများ လှည့်လည်လို့နေပါပြီ…. နာမည်များမျိုးစုံအောင်ပေးထားတဲ့ ဆင်အရုပ်များဟာ မိမိမြို့နယ်မှာရှိတဲ့ ဘုရား၊ကျောင်းကန်၊စေတီပုထိုးများ ဘုန်းကြီးကျောင်းများ ၊ ဗုဒ္ဓဝေယျာဝစ္စကိစ္စများအတွက် လှည့်လည်ပြီး အလှူခံထွက်ကြခြင်းပဲဖြစ်ပါတယ်။ ဒီလိုအချိန်ဆိုရင်ကျောက်ဆည်မြို့ရဲ့နေရာတိုင်းမှာသီချင်းများနဲ့အတူ ဆင်အကအလှများကိုလည်း မြင်တွေ့နေရပါပြီ။ ဆင်များမှာ အလှဆင် ဘော်ကြယ်ထိုးထားသောဆင်များ၊ ရိုးရာဆေးခြယ်ထားသောဆင်များ၊ အမည်းရောင်ခြယ်ထားသော အရိုင်းဆင်များ ကိုမြင်တွေ့ရပါသည်။  ကျောက်ဆည်မြို့၏ ဆင်အကဟာဖြင့် မြန်မာသာမက ကမ္ဘာကပါသိလာပါပြီ။ကျောက်ဆည်ဆင်လှူပွဲတော်သို့ နိုင်ငံခြားသားများ နှစ်စဉ် အများအပြားလာရောက်ကြပါသည်။ ဂျာမနီမှအများဆုံးလာကြပါသည်။ ဆွပ်ဇာလန်လူမျိုးများ၊ ထိုင်းလူမျိုးများ၊ရုရှားလူမျိုးများ အများအပြားလာရောက်ကြည့်ရှုရင်း မှတ်တမ်းတင် ဗီဒီယိုများလည်း ရိုက်ကူးသွားကြပါသည်။

သီတင်းကျွက်ဆင်လှူပွဲတော်သည် ကျောက်ဆည်မြို့တွင် လူအစည်ကားဆုံးသောပွဲတော်တစ်ခုဖြစ်ပါသည်။ ဆင်အကအလှပြိုင်ပွဲများကိုလည်း ရပ်ဝေးရပ်နီးမှ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် လာရောက်ကြည့်ရှုကြပါသည်။ ဆင်လှူပွဲတော်ပြီးရင် ကျောက်ဆည်ရွှေသာလျောင်းတောင်တော်ပေါ်သို့ တက်ရောက်ကာ ဘုရားများလည်းစုံအောင် ဖူးကြပါသည်။ ဘုရားဖူးများဟာဖြင့်  အလွန်ကိုများပြားလှပါသည်။ ကျယ်ဝန်းလှသည့်တောင်တက်ကားလမ်းကြီးတွင် ကားများ ဆိုင်ကယ်များ ခြေလျင်တက်သူများ များပြားလှပါသည်။ အနောက်ဘက် တောင်တက်လှေကားလမ်းမှာဆိုလျှင်လည်း လူများကြိတ်ကြိတ်တိုး စည်းကားလှပါတယ်။ တောင်ပေါ်မှာလည်း ဆုရဆင်များက စတုဒီသာများဖြင့် လာသမျှရပ်ဝေးရပ်နီး ဧည့်သည့်များကို တည်ခင်းဧည့်ခံကျွေးမွေးကြပါတယ်။ ဆင်အကအလှများကိုလည်း တောင်ပေါ်တွင် ကြည့်ရှုနိုင်ပါတယ်။ ကျောက်ဆည်ရွှေသာလျောင်းတောင်ပေါ်မှာကျောက်သေတ္တာစေတီဆိုတာလည်း ရှိပါသေးတယ်။ ကျောက်သေတ္တာကတော့ မနုစာရီရဲ့ဂျေရာအမှတ်တံဆိပ်မှာတဲ့ လက်ပြက်ရှိတယ်လို့သတင်းကြီးနေတာပါ။ နောက်ကို အလျဉ်းသင့်ရင်ဖော်ပြပေးပါမယ်။ သိတဲ့သူတွေရှိရင်လည်း တင်ပေးစေချင်ပါတယ်။ ကျောက်သဘောင်္စေတီလည်းရှိတယ်။ ထိုင်းနိုင်ငံမှပင့်ဆောင်လာတဲ့ ဘုရားကြီးကိုလည်း ဖူးမြော်နိုင်ပါတယ်။

ကျောက်ဆည်ရွှေသာလျောင်းတောင်ထိပ်ပေါ်ကနေပြီးတော့ ကျောက်ဆည်မြို့ရှုခင်းများ ဇော်ဂျီမြစ်ကြီး စီးဆင်းနေပုံတို့ကို စိတ်ကြည်နူးဖွယ် မြင်တွေ့နိုင်ပါတယ်။ အခုအခါတော့အရင်ကနဲ့မတူတော့ပဲ ဘုရားရင်ပြင်တော်ကြီးကိုလည်း ပိုက်ဆံသိန်းပေါင်းရာချီ အကုန်အကျခံပြီး တိုးချဲ့ထားပါတယ်။ တစ်ခါကမြန်မာနိုင်ငံမှာအကြီးဆုံးဖြစ်ခဲ့တဲ့ ဘုရားလေးဆူ ရပ်တော်မူရုပ်ပွားတော်ကြီးများကိုလည်း ဖူးမြော်ရမှာဖြစ်ပါတယ်။ မကြာသေးခင်ကမှ ပြီးစီးသွားတယ့် လာဘမုနိ ရုပ်ပွားတော်ကြီးလည်း ဖူးမြော်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဒ ရဲ့ဓာက်တော်များကိုလည်း မြင်တွေ့ဖူးမြော်ကြရမှာပါ။ အခုအခါမှာတော့ ဆရာတော်ဦးဝိသုဒ္ဒရဲ့ဓာက်တော်များကို ဌာပနာတည်ထားကိုးကွယ်ရန်စေတီတစ်ဆူကိုလည်း ဆောက်လုပ်နေရာ ယခုအခါ တစ်ဝက်နီးပါးလောက်ဆောက်လုပ်ပြီးစီးနေပါပြီ။ ကျောက်သဘောင်္ဆရာတော်၊ ငြိမ်းချမ်းရေးကျောင်းတိုက်ဆရာတော်၊ ဝေဘူဆရာတော် တို့မှာကျောက်ဆည်တောင်ကြီးကို သာယာလှပအောင် စေတီပုထိုးအပျက်များကို အသစ်ပြန်လည်ပြုပြင်ခြင်း၊ အဟောင်းများကို ရောင်တော်ဖွင့်ခြင်း၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းများကို ပြုလုပ်ဆောင်ရွက်နေကြပါတယ်။ တောင်တက်ကားလမ်းကိုလည်း ကွန်ကရစ်လမ်းအဖြစ်ခင်းပြီး ဖြစ်ပါတယ်။ ကျောက်ဆည်ရွှေသာလျောင်းတောင်ပေါ်တွင်စေတီပုထိုးအများအပြားကိုလည်းမြင်တွေ့ရပါသည်။ ဆယ်ဆူဘုရားပွဲလည်းရှိသေးသည် ဝေဘူချောင်ကနေ တောင်တက်တဲ့ကားလမ်းရှိသေးတယ်။ အဲဒီကားလမ်းဘေးမှာရှိတဲ့ ဘုရားဆယ်ဆူကို ကျောက်ဆည်မြို့ကရပ်ကွက်ကြီး ဆယ်ရပ်ကွက်ကနေပြီးတော့ တစ်ဆူကြစီတာဝန်ယူပြီး ဧည့်သည်များကို ဧည့်ခံကျွေးမွေးကြပါတယ်။ ကျောက်ဆည်ရွှေသာလျောင်းတောင်ပေါ်တွင် သစ်ပင်ကြီးများ အများအပြားပေါက်ရောက်လျက်ရှိပါတယ်။ အများစုကတော့ ပန်းတောက်ပင်များပဲဖြစ်ပါတယ်။ ကျောက်ဆည်ရွှေသာလျောင်းတောင်တော်သည် စေတီပုထိုးများ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးများ နှင့် စိမ်းလန်းစိုပြေနေသော သစ်ပင်ကြီးများ အများအပြားရှိသောကြောင့် အဝေးကကြည့်လျှင်ပင် စိတ်ကြည်နူးစရာဖြစ်လှပါသည်။ သာယာလှပ ကျက်သရေ ရှိလှတဲ့ ကျောက်ဆည်ရွှေသာလျောင်းတောင် သို့တစ်ခေါက်လောက်တော့ လာစမ်းစေချင်ပါသည်။

About thihayarzar

thiha yarzar has written 76 post in this Website..