================
ငါ့ကို
မင်းနင်းခိုင်းခဲ့တဲ့ အောင်မြေသာစံက
လောင်ဂျီကျူ့ဘယ်လောက်
လတ်တီကျူ့ဘယ်လောက် ဆိုတာ ငါမသိဘူး။
မင်းကျွေးခဲ့တဲ့ ထမင်းကျော်က
ကယ်ရီကေချာထုံမွန်းထားတဲ့ အရသာမှန်းတော့ သိတယ်။
မင်းဧည့်ခံခဲ့တဲ့ ကျောင်ဆစ်မှုန့်တွေက
မြန်မာရနံ့လိုလိုနဲ့ အနုပညာကို အသက်ရှူကျတ်တယ်
မင်းပို့ခဲ့တဲ့ ၇၆ လမ်း ကုန်းဆင်းတစ်ခုက ဒဏ်ရာ
ခုထိ ဇစ်ပိတ်မရသေးဘူး။
မင်းတိုက်ခဲ့တဲ့ ဂေါဝန်ဆိမ်းကမ်းက
နန်းကျသွားတဲ့ ခြေသံကို ငါမူးယစ်နေတုန်း။
ဒီထက်ဆိုးတာ ပြောမယ်ကွာ
မင်းနဲ့ငါ ကြည်ညိုလွန်းတဲ့ ဘုရားကြီးကို ကျောပေး
နေ့လည်ကြောင်တောင်မှာ
ယမ်းငွေ့တွေစူးနေတဲ့သွေးက
ဒီမြို့ဟာ
ယောယုဝ ဂိတ်တံခါးလား။
ဆရာ ဝင်းသူရကိုတော့ အားနာပါရဲ့
ဆရာ့ဇာတိက
ဘီလူးမကြောက်တဲ့မြို့ဆိုတာ လက်ခုပ်တီးခဲ့ပေမယ့်
လူလူချင်း ကြောက်နေရတဲ့ပုံက
ရိုးရိုးသားသားစိတ်တွေကို
ပြောင်ပြောင်းတင်းတင်း
ဆင်ဆာ အဖြတ်ခံနေရသလိုမျိုးဆိုတော့
ဒါဟာ
ကျုံးရှိနေသေးတယ်ဆိုတဲ့ ရာဇဝင်တောင်
ဆီလို အပေါက်ရှာ လစ်မယ့်ကိန်းပဲ။
ဘုန်းရှိနေသေးတယ်ဆိုတဲ့ ကြာတစ်ပင်တောင်
ဒီလို အခေါက်ကွာ နစ်မယ့်ကိန်းပဲ။
စုန်းရှိနေသေးတယ်ဆိုတဲ့ ညာသလင်ညောင်
ဗီတို အရောက်လာ ထစ်မယ့်ကိန်းပဲ။
ဟုတ်တယ်
မင်းရှိနေသေးလို့သာပေါ့
မဟုတ်ရင်
ဒီမြို့ကို တရုတ်နိုင်ငံ အလယ်တည့်တည့်မှာလို့
ထင်နေတော့မှာ။

ကိုစစ် (Phys)
own new poem.

About ko six

ko six has written 108 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014