မနက်ဖြန် (၁)

ကျွန်တော့် အသက်ငယ်ငယ်လေးတုန်းက မနက်ဖြန် ဆိုတဲ့ စကားလုံး အကြောင်းကိုု ခပ်ပါးပါးလေး တွေးမိဖူးတယ်။ သူငယ်ချင်းတွေရော အဲဒီ စကားလုံးအကြောင်းကို စဉ်းစားကြမိလား မသိဘူး။ အဲဒီအချိန်တုန်းက ငယ်သေးတော့ သာမန်လောက်ပဲ စဉ်းစားခဲ့ပါတယ်။ အခုတော့..

အဲဒီ ငယ်ငယ်လေးတုန်းက ကစားစရာတစ်ခုဝယ်ပေးဖို့နဲ့ ပက်သက်ပြီး အမေက ပြောခဲ့တာလေးကို ပြန်ပြီး မှတ်မိပါသေးတယ်။ “သားရယ် .. အမေ ဒီနေ့တော့ မအားဘူး။ မနက်ဖြန် မှပဲ ဝယ်ပေးတော့မယ်နော်” တဲ့။ ကျွန်တော်ကလည်း ဝယ်ပေးမယ်လို့ ပြောတော့ ဘာမှ မပြောဖြစ်တော့ပါဘူး။ အမေက မနက်ဖြန် ကြဝယ်ပေးမယ်ပေါ့။ ထူးဆန်းတာလေးကို ပြောရဦးမယ်။ အဲဒီအချိန်တုန်းက တွေးမိတာပါ။ အမေ ကစားစရာကို ဝယ်ပေးတော့ မနက်ဖြန် မဟုတ်ဘူးဗျ။ ဒီနေ့။ ကျွန်တော်လည်း စဉ်းစားသေးတာပေါ့။ ခေါင်းသာ ကိုက်သွားတယ်။ အဖြေက ထွက်မလာဘူး။ အဲဒါနဲ့ပဲ လက်လျော့လိုက်တယ်လေ။

အဲဒီအကြောင်းလေးကို တွေးမိရင်း ရေးချင်တာလေးတွေ ချရေးမိတယ်။ ခုတော့ မနက်ဖြန် ဆိုတာ နာမည်ရှိပြီး ကိုယ်ထည်မရှိတဲ့ အရာ လို့ ထင်ပါတယ်။ ဒါက ကျွန်တော့် ထင်မြင်ချက်တစ်ခုပါ။ သူငယ်ချင်းတို့ လက်ခံချင်ရင် လက်ခံလို့ ရပါတယ်။ မဟုတ်ဘူးဆိုလည်း မဟုတ်လို့ပေါ့။ အဲဒါဆို ကျွန်တော်တို့က အဲဒီ မနက်ဖြန် ဆိုတဲ့ စကားလုံးကို တစ်နေ့ အကြိမ်ရေ အများကြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် အဲဒီ မနက်ဖြန် ဆိုတာက ကျွန်တော်တို့ဆီ တစ်ကြိမ်တစ်ခါမှ ရောက်မလာဘူး။ ထိုင်စောင့်နေလည်း ရောက်လာမှာ မဟုတ်ပါဘူး။ ထမင်းသိုးရုံသာ အဖတ်တင်မယ်။

ခုဆို အတွေးခေါ်တွေ တိုးတက်လာတဲ့ နည်းပညာခေတ်ရောက်လာပြီး ဆိုတော့ ဘယ်သူမှ ဝေဖန်မူ မရှိသေးတဲ့ အဲဒီ စကားလုံးအကြောင်းကို ပြောကြတာပေါ့။

ကျွန်တော်က မနက်ဖြန် ဆိုတာ မကောင်းဘူး၊ ကောင်းတယ် လို ့ ပြောချင်တာ မဟုတ်ပါဘူး။ သူက လူတစ်ယောက်အတွက် ကောင်းချင်ကောင်းမယ်။ ဒါမှမဟုတ် ကောင်းချင်မှလည်း ကောင်းမယ်။ လက်ခံသူအတိုင်းအတာပေါ် မူတည်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်ပြောရရင် မနက်ဖြန် ထက်စာရင် ယခု ဆိုတာက ပိုပြီး ကောင်းတယ်လို့ထင်ပါတယ်။ ပြောမှ ပြောတတ်လိုက်လေခြင်းလို့လည်း မရေရွတ်လိုက်ပါနဲ့။