ရုပ်ပြောင်များနှင့်ပျော်သောပန်းချီ

ဥက္ကာကိုကို
ရုပ်ပုံများက ရယ်နေကြသည်။ ရယ်နေသော ရုပ်ပုံများကြားမှာ ရယ်နေသော ပန်းချီဆရာရှိနေသည်။ ပန်းချီဆရာရဲ့ ရုပ်ပုံတွေက ရုပ်ပြောင်တွေဖြစ်သည်။ ရုပ်ပြောင်တွေက ရယ်မောနေသော ရုပ်ပြောင်များ ဖြစ်သောကြောင့် မြင်လိုက်သည်နှင့် အပျော်စိတ် ကလေးကို ဖြစ်ပေါ်စေသည်။
ရုပ်ပြောင်များကို ဖန်တီးသူက ပန်းချီသိန်းထွန်းဦး ဖြစ်သည်။ ““ရယ်သောသူများ”” ဟု အမည်ပေးထား သော သူရဲ့ ရုပ်ပြောင်ပန်းချီ(Caracitura)ပြပွဲလေးကို ယခု ၂၁ ရက်မှ ၂၅ ရက်အထိ၊ ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ပန်းဆိုး တန်းဂယ်လာရီတွင် ပြသခဲ့ခြင်းဖြစ်သည်။
““ရုပ်ပြောင်ပွဲကို ပြချင်နေတာကြာပြီ။ ရယ်ရတဲ့ပုံတွေကို ရေးချင်တာ ကြောင့်ပါ”” ဟု သူကပြောသည်။ ပြပွဲတွင်ပြသထား သော ရုပ်ပြောင်ပန်းချီကားများကို ပုံမှန် ပန်းချီကားချပ် အရွယ်အစားအတိုင်း ရေဆေးဖြင့် ကျနစွာရေးဆွဲထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ရုပ်ပြောင်များကို ပန်းချီကားကဲ့သို့ သေချာစွာရေးဆွဲ၍ တစ်ကိုယ် တော်ပြသသည် မှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
““တချို့က ကယ်ရီကေးချာကို ရုပ်ဖျက်တာလို့ မြင်တယ်။ အမှန်တော့ ရုပ်ဖျက်တာမဟုတ်ပါဘူး။ သူ့အချိုးနဲ့ သူရှိပါတယ်”” ဟု ပန်းချီသိန်းထွန်းဦးက ဆိုသည်။
ကယ်ရီကေးချာမှာ ပုံတူရေးဆွဲခြင်းနှင့် မတူဘဲ လူများကို သရော်ခြင်းနှင့် ပျော်ရွှင်စေရန် အဓိကအားထုတ်ရကာ ရုပ်လည်းတူမှ ပုံလည်းရယ်ရပါမှ လက်ရာ မြောက်ကြောင်း သိရသည်။ ““ဒါက ပန်းချီနဲ့ မတူဘူး။ ပန်းချီကရသပါအောင် ဆွဲရတော့ လွတ်လပ်တယ်။ ဒါက ရယ်ရအောင် တူအောင်ဆွဲရတော့ နည်းနည်း ပင်ပန်း တယ်”” ဟု သူက ပြောပြသည်။မြန်မာနိုင်ငံတွင် ပြသသော ပန်းချီပြပွဲများနက် ကယ်ရီကေး ချားခေါ် ရုပ်ပြောင်ပန်းချီပြပွဲမှာ အလွန်နည်းပါးနေသေးသည်။ ကယ်ရီကေးချား လိုင်းကိုရေးဆွဲသူများရှိသော်လည်း တကယ်တမ်းရေတွက်ကြည့်ပါက ဆယ်ဦး ပင်မပြည့်ကြောင်း သိရသည်။
ကယ်ရီကေးချား ပန်းချီများကို ရုပ်ဖျက်ခြင်းဟု အထင်လွဲမှုများ၊ နားမလည်မှုများ ရှိနေသေးသကဲ့သု့ိ ဈေးကွက် လည်း သိပ်မရှိဟု သိရသည်။ ထိုသို့ အခြေအနေများကြားမှ မရောင်းရမှန်းသိရက်နဲ့ပင် လုပ်ချင်စိတ် တစ်ခု တည်းနှင့် ယခုလို တစ်ကိုယ်တော် ရုပ်ပြောင်ပန်းချီပြပွဲကို ကိုသိန်းထွန်းဦးက ပြုလုပ်ခဲ့တာဖြစ်သည်။
ဒီပွဲက သူ့အနေနဲ့ ပထမအကြိမ် တစ်ကိုယ် တော်ပြပွဲဖြစ်သော်လည်း တခြားသူများနှင့် တွဲဖက်၍ ပန်းချီပြပွဲ ခြောက်ပွဲ ပြသဖူးသည်။ ကာတွန်းနှင့် ကယ်ရီကေးချားပြပွဲ လေးပွဲတွင်လည်း ပါဝင်ခဲ့ ဖူးပြီး ၂၀၀၄ ခုနှစ်တွင် ပြုလုပ် သော အောက်စီဂျင် (၁)နှင့် ၂၀၀၅ ခုနှစ်တွင် ပြုလုပ်သော အောက်စီဂျင် (၂)ပွဲများတွင် သူ့ လက်ရာ ကယ်ရီကေးချား ပန်းချီ များကို စတင်ပြသခဲ့သည်။
ကိုသိန်းထွန်းဦးက ဘိုကလေး သားဖြစ်သည်။ ယဉ်ကျေးမှုတက္က သိုလ်(ရန်ကုန်) မှ ၁၉၉၈ ခုနှစ် တွင် ဘွဲ့ယူခဲ့ပြီး ယခုအချိန်တွင် အသက် ၃၃ နှစ်သာရှိသေးကာ အိမ်ထောင်ရှင်တစ်ဦးလည်း ဖြစ် သည်။ ကယ်ရီ ကေးချားရုပ်ပြောင်ပန်းချီကို တက္ကသိုလ် ဒုတိယနှစ် ၁၉၉၅ ခုနှစ်ကတည်းကပင် ရေး ဆွဲခဲ့ပြီး ကာတွန်းသိန်းထွန်းဦး အမည်ဖြင့် ကာတွန်းများလည်း ရေးဆွဲနေသူဖြစ်သည်။
သူ့ကယ်ရီကေးချား၊ ကာတွန်း၊ သရုပ်ဖော်ပုံများကို Forever အားကစားဂျာနယ်၊ မြန်မာတိုင်းမ်ဂျာနယ် နှင့် တခြားမဂ္ဂဇင်း ဂျာနယ်များတွင် ရေးဆွဲပေးခဲ့ဖူး ပြီး၊ Grand Royal ဝီစကီအတွက်လည်း ကြော်ငြာရုပ်ပြောင် ရေးဆွဲပေး ဖူး ကြောင်းသိရသည်။ ကုန်သည်ကြီးများ ဟိုတယ်ရှိ ပန်းချီပြခန်းတွင်လည်း ရုပ်ပြောင်ပုံ ၁၅ဝ ကျော်ဆွဲဖြစ်ခဲ့ပြီး သံအမတ်များ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များကို ရုပ်ပြောင်ရေးဆွဲပေးခဲ့သေးသည်။ သံရုံးပွဲ၊ ပါတီ ပွဲ၊ မွေးနေ့ပွဲများတွင် ““၅ မိနစ်ရုပ်ပြောင်”” များကို သွားရောက်ရေး ဆွဲရသူလည်းဖြစ်သည်။
““မင်္ဂလာဆောင် လက်ဖွဲ့အတွက်ဒီဇိုင်းတွေအပ်ကြတယ်။ နိုင်ငံခြားပြန်မယ့် သူတွေလက်ဆောင်ပေးချင် သူတွေ အပ်တယ်။ ဟိုတယ်တွေက လူဝင်အောင် ရုပ်ပြောင်တွေ ချိတ်ဖို့အပ်ကြတယ်”” ဟု သူက ရေးဆွဲရမှု တချို့ ကိုရှင်း ပြသည်။
တချို့သူများက သူတို့ပုံအား ရုပ်ပြောင်လွန်းသွားလျှင် မကြိုက် ကြသောကြောင့် ချစ်စရာကောင်း အောင်၊ ကာတွန်းဆန်သော ရေးဆွဲပေးရတာမျိုးလည်းရှိကြောင်း သိရသည်။ ““တစ်ခါတလေ အဖေက သမီးမွေးနေ့အတွက် ရုပ်ပြောင်အပ်တယ်။ ဆွဲပြီးတဲ့ အခါကျမှ သမီးက မကြိုက်တာမျိုးလည်း ကြုံ ရပါတယ်”” ဟု သူက ရယ်မောရင်းပြောလာသည်။ ထိုကြောင့် ““ခပ်ပြင်းပြင်း လား၊ ကာတွန်းလိုလား၊ ချစ်စရာကောင်းအောင်လား”” ဟု ကြိုတင်မေးပြီးမှ ရေးဆွဲပေးသဖြင့် ပြန်ပြင်ရသည့်ပုံများ မရှိခဲ့ကြောင်း သိရသည်။
စုပေါင်းကာတွန်း ပေါင်းချုပ် ၆ အုပ်ခန့်တွင် ကာတွန်းသိန်းထွန်းဦး အမည်ဖြင့် သူကပါဝင်ခဲ့ သည်။ ကယ်ရီကေးချား နှင့်ပတ် သက်သော ဟာသစာအုပ်လေး တစ်အုပ်ထုတ်ရန် ဆန္ဒရှိကြောင်း လည်း သူ့စိတ်ကူးကို ပြောပြသည်။
သူကငယ်ငယ်ကတည်းက ကာတွန်းပုံတွေကူးဆွဲခြင်းဖြင့် ဝါသနာကိုပျိုးထောင်ခဲ့သူဖြစ် သည်။ ကျောင်းပန်းချီပြပွဲ တွေ ဝင်ပြိုင်သည်။ လူပုံတွေကြည့်ဆွဲလေ့ကျင့်သည်။
““ငါးတန်းကျောင်းသား လောက်တုန်းက ဗိုလ်ချုပ်ပုံတို့၊ ရှင်ဥပဂုတ္တပုံ၊ ဘုရားပုံတို့ကို ဘောလ်ပင်လေးနဲ့ ဆွဲပြီး သူငယ်ချင်းတွေကိုငါးကျပ်နဲ့ ပြန်ရောင်း စားတာ”” ဟု သူငယ်စဉ်ကအ ကြောင်းလေး ကို ပြုံး၍ပြောသည်။ ကယ်ရီကေးချားပညာကို စတင် လေ့လာစဉ်က တိုင်းမ်မဂ္ဂဇင်းနှင့် အခြားသော နိုင်ငံခြား စာအုပ်များ မှ ပုံများကို ကူးဆွဲ လေ့ကျင့်ခဲ့ရသည်ဟု သူကပြောသည်။ ကယ်ရီကေးချား ရုပ်ပြောင် ရေးဆွဲရခြင်းနှင့် ပတ်သက်၍ အဆွဲခံရ သူ ရော၊ ကိုယ်တိုင်ပါ ပျော်ရသည့်အတွက် ကျေနပ်ပါကြောင်း သူကဆိုသည်။ လူတွေ မှာ တစ်ယောက်တစ်မျိုး ထူးခြား ချက်လေး တွေ ရှိတတ်ကြသော ကြောင့် လူတိုင်းနီးပါးကို ရုပ်ပြောင် ရေးဆွဲချင်သော ဆန္ဒကသူ့မှာရှိသည်။
““လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ မျက်စိထဲမှာ ရုပ်ပြောင်လို့မြင်မိတယ်။ တော်တော်များများကို မြင်မိတာက များတယ်”” ဟု သူကပြောသည်။ ““သူများတွေတော့ ဘယ်လိုတွေးလဲ မသိဘူး။ ကယ်ရီကေးချား ဆွဲတဲ့သူဟာ ခန္ဓာဗေဒကို ကျွမ်းကျင်ရမယ်။ နည်းနည်းတော့ သိရမယ်ပေါ့။ လူတစ်ယောက်ရဲ့ ထူးခြားချက် ကလေးကို အမွှန်းတင်ပြီး ဆွဲပေးရတာပါ”” ဟု သူက ဆက်ပြောသည်။
““ရယ်သောသူများ”” ရုပ်ပြောင်ပြပွဲတွင် ပန်းချီဝသုန်၊ ကာတွန်းတာရာ၊ ကာတွန်းစိုးသော်တာ၊ ချစ်သုဝေ၊ ဒေးဗစ်ဘက်ခမ်း၊ အိုဘားမား၊ မစ္စတာဘင်းစသော လူပုဂ္ဂိုလ်များနှင့် သူ၏ ရင်းနှီး သော သူငယ်ချင်းများ၏ ရယ်မောနေသော မူရင်းပုံများကို ရုပ်ပြောင်ပန်းချီအဖြစ် ရေးဆွဲပြသခဲ့သည်။ ရုပ်ပုံများမှာ ၁၅ လက်မx ၂ဝ လက်မ အရွယ်အစားများဖြစ်ပြီး ရေဆေးဖြင့် ရေးဆွဲထားကာ ပြပွဲအတွက် ပန်းချီကား ၂ဝ အား နှစ် လအချိန်ယူခဲ့သည်ဟု သိရသည်။
ကယ်ရီကေးချားပြပွဲများ နည်းပါးသော်လည်း သေချာစွာ လေ့ကျင့်၊ လေ့လာနိုင်သူများရှိလျှင်တော့ ကျယ်ပြန့်လာ လိမ့်မည် ဟု သူတွေးထင်မိကြောင်း သိရ သည်။
““ကိုယ်ဝါသနာပါတာတော့ တောက်လျှောက် လုပ်သွား မှာပဲ။ တစ်နှစ်တစ်ပွဲ ပြကိုပြမှာပါ။ နောက်နှစ် ဒီထက်ကဏ္ဍစုံလာမှာပါ”” ဟု သူ့ရဲ့ ရည်မှန်းချက်ကိုလည်း ခိုင်မာစွာပြောလာသည်။ ကိုသိန်းထွန်းဦးက ပရဟိတ လုပ်ငန်းများကိုလည်း ဦးဆောင် သူဖြစ်သည်။ Children Future အမည်ဖြင့် သူငယ်ချင်းမိတ်ဆွေ များကို စုစည်းကာ မိဘမဲ့ဂေဟာများ၊ ကျောင်းများတွင် သွားရောက်၍ ပွဲလေးများလုပ်ဖြစ်သည်မှာ လေးနှစ်ပြည့်တော့မည် ဟုသိရသည်။
ကယ်ရီကေးချားနှင့်ပတ်သက်ပြီး သူ့မှာ စိတ်ကူးတွေ အများကြီးရှိသည်။ တိုင်းရင်းသားများ၏ ချစ်စဖွယ် ပုံစံများကို ရုပ်ပြောင်ဆွဲမည်။ လူတင်မက တိရစ္ဆာန်များ တွင်လည်း ရယ်မောစရာအကွက်များ ရှိသောကြောင့် တိရစ္ဆာန်ရုပ်ပြောင်များ လည်း ဆွဲမည်။ ဝါသနာပါသော အောက်ဒိုးရေးခြင်းကိုလည်း မပြတ်လုပ်နေမည်။ ကယ်ရီကေးချားပန်းချီကို နေရာအနှံ့က နားလည်ကြစေရန် နယ်လှည့်၍ လိုက်ဆွဲမည် ဟု လည်း သူစိတ်ကူးသည်။
ဖြစ်နိုင်လျှင်သူက ကယ်ရီကေးချားပုံတူ များဆွဲပြီး လူတွေကို သူတို့၏ ဧည့်ခန်းတွင် ချိတ်ဆွဲထားစေချင်သည်။ ““လူတွေက ကိုယ့်ရဲ့ အတည် အခန့်ပုံတွေပဲ သိမ်းထားကြတာ များတယ်။ ကိုယ့်ရဲ့ရယ်စရာပုံတွေ ကို သေသာသွားတယ်။ မမြင်သွား ကြဘူး”” ဟု သူက ထင်မြင်ထား သည်။ သူ့အား ကယ်ရီကေးချား ရေးဆွဲပေးရန် ယခင်က နိုင်ငံခြားသားအများစု သာ ပုံအပ်များခဲ့ရာမှ ယခုနောက်ပိုင်းတွင် မြန်မာများပါ အပ်လာကြကြောင်း သိရသည်။
““ဒီပွဲမှာလည်း မြန်မာတစ်ယောက်က သူ့ဧည့်ခန်းမှာထားဖို့ ပုံကြီးတစ်ပုံအပ်သွားတယ်။ ဒီလို ပုံလေး တွေ အိမ်မှာ ရှိရင်တော့လာ တဲ့ဧည့်သည်တွေလည်း ကြည့်ပြီး ပျော်တာပေါ့”” ဟု သူကဆိုသည်။
ယခုပြုလုပ်ခဲ့သည့် ““ရယ်သောသူများ”” ရုပ်ပြောင်ပန်းချီပွဲလေးအား တော်တော်များများ လက်ခံကြသည်ဟု သူက ယူဆထားသည်။ ထို့အတွက်လည်း ကိုသိန်းထွန်းဦးက ပျော်သည်။
““ပျော်စရာတော့ ကောင်း ပါတယ်”” ဟု သူက ပျော်ရွှင်စွာ ပြော လေသည်။
7 DayNews ဂျာနယ်၊ အတွဲ(9)၊ အမှတ်(32)။