( နိူဝင်ဘာလ 30 ရက် )ဖတ်စရာ သတင်းများ

အာဂNovember 30, 20105min560

ကမာ္ဘ့ အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ဧရာဝတီ Tuesday, 30 November 2010 14:09 သတင်းတိုများ

၂၀၁ဝ ကမာ္ဘ့ထိပ်တန်း အတွေးအခေါ်သမားများ ၁၀ဝ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။ “ဒီမိုကရေစီအရေး ဆောင်ရွက်မှု၌ မည်သည့်အခါကမှ ဇွဲမလျှော့ခြင်းအတွက်” ဟု ရည်ညွှန်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကမာ္ဘ့အဆင့် ၇၅ တွင် ထည့်သွင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ “လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်” ဟူသော စကားကိုလည်း ကိုးကားဖော်ပြထားသည်။

Suu Kyi Among Top 100 Global Thinkers

By LALIT K JHA Tuesday, November 30, 2010

WASHINGTON — Burma’s pro-democracy icon and popular leader Aung San Suu Kyi has been named among the top 100 global thinkers for the year 2010 by the prestigious Foreign Policy magazine.

Suu Kyi, who was released by the Burmese military junta earlier this month after years of house arrest, was ranked No. 75 on a list of 100 eminent global thinkers that is topped jointly by Warren Buffett and Bill Gates.

The US President, Barack Obama, is ranked third. In a video message commemorating her selection, Suu Kyi noted how the world has changed in the years since she was imprisoned. At the same time, she reaffirmed the need to keep fighting for democracy.

“During the last two decades, my life has swung between periods when I have ample time for thought and contemplation, and periods when I hardly had time to catch thoughts on the wing, because there was so much to do,” she said.

“But in all these years, the one thought that has stayed with me is that we all have to work together to try to improve any situation. That is not an original thought; I think it’s as old as humanity: that there is strength in numbers, that we must learn to help each other. But yet, that is a thought that never ages,” the Burmese leader said.

Suu Kyi said when she came out of detention on Nov. 13, she suddenly found herself in a new world, as it were.

“The people who came to support me, to offer me their greetings and their continued belief in our cause, were much younger than the ones with whom I had worked many years ago. A whole new generation—or perhaps I should say several new generations—had joined us, and so it is a younger world,” she said.

“At the same time, it is a startling, stranger world because all these young people were so much more familiar with the new IT revolution than I am.

And that really made me happy. It encouraged me. It invigorated me, because IT technology means simply better communications, better communications between different peoples, between communication between different generations,” she said.

“I do not know what I am supposed to have contributed to the Great Thinkers of this world. All I can say is that I stand ready to be taught, to learn, to learn from the new thinking, to learn from younger people, to learn from those who have spent the years that I have spent in detention out in the free world, seeing what is going on, and from that seeing, learning to think again,” Suu Kyi said.

“We have to think again, and again, and again, and yet, we never come to the end of our thinking. We never come to the final conclusion. That is the beauty of human nature—that we can go on, we can keep on going forward, going upward, going outward in our minds and in our hearts,” she said.Foreign Policy magazine said Suu Kyi, upon her release, made a remarkably level-headed call for long-term reform of the sort that comes from within: “value change,” as she put it, not regime change.

“And she has already begun to take action, filing papers to reinstate her political party and promising an investigation into the recent election. As she said upon her release, ‘We have a lot of things to do,'” the magazine said.

နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇ဝ ကျော်ကို ဒေါ်စု တွေ့ဆုံ အားပေး

By မသိင်္ဂီထိုက် VOA iNews -တနင်္လာ, 29 နိုဝင်ဘာ 2010

အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ရဲ့ ၂ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။ ဒီလို တောင်းဆိုလိုက်ချိန်မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် ၇ဝ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွတ်လာဖို့ကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။ ဒီကနေ့မှာတော့ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ မိခင် ကွယ်လွန်တဲ့ ၃ နှစ်ပြည့် အလှူပြုလုပ်တဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို တွေ့ဆုံပြီး သူမအနေနဲ့ တတ်နိုင်တဲ့ဘက်က အကူအညီ ပေးသွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သားဖြစ်သူနဲ့အတူ ဒီအလှူကို သွားရောက်ခဲ့တာပါ။ ဒီအလှူမှာ စီစဉ်မထားဘဲ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ့နဲ့ တွေ့ခွင့်ရတာကိုလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိတဲ့အကြောင်း အခုလို ပြောကြားပါတယ်။

“ထောင်ဝင်စာတွေ့တဲ့ ကိစ္စတွေမှာ မိသားစုတွေ အနေနဲ့ အခက်အခဲတွေရှိရင် ကျမတို့ဆီကို အချိန်မရွေးပြောပါ။”

နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ဖို့ အခက်အခဲရှိရင် သူမတို့အနေနဲ့ အစွမ်းကုန် ကူညီမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အကျဉ်းကျနေဆဲ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ကျန်းမာရေး ဂရုစိုက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“အဓိကကတော့ ကျန်းမာရေးပဲ။ ကျမ အမြဲပဲပြောတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အဓိကက ကျန်းမာရေးပဲ၊ သူတို့ကိုပြောပါ၊ ကျန်းမာအောင် နေကြပါ၊ ကျန်းမာမှ အလုပ်ဆက်ပြီး လုပ်လို့ရမယ်။”

၂၀၀ရ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအပြီး ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေရဲ့ ထောင်တွင်းက အခြေအနေတွေကိုလည်း သူမ ကြားသိထားပါတယ်။ ဒီအတွက်လည်း ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

ကိုဌေးကြွယ်ရဲ့ မိသားစုဝင် တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ထဲက အခုလို ထုတ်နှုတ် ပြောကြားပါတယ်။

“ရပ်တည်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ဆက်ပြီး ရပ်တည်နိုင်ဖို့အတွက် အားပေးစကား ပြောတာပါ။ အားပေးစကား ပြောပြီး အခု ထောင်ဝင်စာ သွားတွေ့တဲ့ အခြေအနေမှာ သူတို့ကို အပြင်က အခြေအနေတွေကိုလည်း ပြောပြပါ၊ သူတို့လည်း အတွင်းထဲကနေပြီး သူတို့ဖြစ်ချင်တဲ့၊ ပြောချင်တဲ့ အခြေအနေတွေကိုလည်း လွတ်လွတ်လပ်လပ် ပြောခွင့် ရသင့်တယ်ဆိုပြီး သူက ပြောသွားတာပါ။”

ဒီနေ့ပြုလုပ်တဲ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်ပေါင်း ၇ဝ ကျော်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကိုဌေးကြွယ်ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေလည်း လာရောက်ခဲ့ပါတယ်။

အလှူကို လာရောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို လာရောက် အားပေးတာကို ကျေနပ်မိပါတယ်လို့ ပြောပါတယ်။

“ဝမ်းသာတယ်၊ အန်တီက ဒီမိသားစုတွေပေါ်မှာ အလေးထားပြီးတော့ ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံတာကို တွေ့ရတော့ အကုန်လုံးက ကျေနပ်ကြတယ်၊ ပီတိဖြစ်ကြပါတယ်။”

နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ မိသားစုနဲ့ဝေးတဲ့ နယ်ဝေးထောင်တွေကို စစ်အစိုးရက ပို့နေဆဲပဲလို့ ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို ပြောပြတာကတော့ …

“အခုနောက်ဆုံး ဦးအုန်းသန်းဆို ခန္တီးထောင်က မန္တလေးထောင်ပို့တယ်၊ မန္တလေးကနေ မြစ်ကြီးနားပို့တယ်၊ မြစ်ကြီးနားကနေ ပူတာအို ပို့တယ်။ ဖျာပုံထောင်ဆို နိုင်ငံရေး အကျဉ်းသားက မရှိသလောက် ဖြစ်ပါတယ်။ တော်တော်နည်းပါတယ်။ အဲဒီမှာ မန္တလေးက NLD အဖွဲ့ဝင် ရွှေခမောက်လုပ်တဲ့ ဦးရွှေမောင်ကို သူတို့ဖမ်းတယ်၊ အခု ဖျာပုံထောင်မှာ နှိပ်စက်ညှဉ်းပန်းမှုတွေ များနေတဲ့ အခါကြတော့ သူက မျက်လုံးကို အပြင်မှာ ၂ ကြိမ်တိတိ သွားပြရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။”

၂၀၀ရ ခုနှစ် သံဃာ့လှုပ်ရှားမှု အပြီးမှာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို ၂ ဆတိုးပြီး ဖမ်းဆီးလာတယ်လို့ အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

မြန်မာ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀ဝ ကျော် ရှိနေတာပါ။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဒီ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်ဖို့ တောင်းဆို တိုက်တွန်းမှုတွေ ရှိနေပေမဲ့ ဒီ နိုင်ငံရေး အကျဉ်းသားတွေ လက်ရှိ အနေအထားကတော့ မိသားစုနဲ့ဝေးတဲ့ နယ်ဝေးထောင်တွေ ပို့ခံနေရတာတွေ၊ ထောင်တွင်း ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတာတွေ၊ ထောင်ဝင်စာ ပိတ်ပင်ခံရတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ စစ်အစိုးရရော KIO ပါ လုံခြုံရေးတိုးမြှင့်

2010-11-29

ရွေးကောက်ပွဲအနိုင်ရထားတဲ့ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဝန်ကြီး ဦးအောင်သောင်းတို့အဖွဲ့က ကချင်ပြည်နယ် ခရီးစဉ် ရှိတဲ့အတွက် မြစ်ကြီးနားမြို့မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ဒီအတွက် ပုဂ္ဂလိက စားသောက်ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။ စစ်အစိုးရနဲ့ အပစ်ရပ် KIA ၊ KIO ကချင်အဖွဲ့တို့ နှစ်ဖက်ဆက်ဆံရေး တင်းမာနေတဲ့အချိန်မှာ အခုလို စစ်အစိုးရ နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် တာဝန်ရှိသူတွေ ရောက်နေတာဟာ ကချင်အဖွဲ့နဲ့ စကားပြောဖို့လားလို့ စုံစမ်းကြည့်တဲ့အခါမှာ အမည်မဖော်လိုတဲ့ ကချင်အဖွဲ့အရာရှိတဦးက မဟုတ်ကြောင်း ပြန်လည် ပြောကြားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက စစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ကချင်ပြည်နယ်မှာ ရှိတဲ့ KIO ၊ KIA အဖွဲ့ရဲ့ ဆက်ဆံရေးရုံး အားလုံး ပိတ်လိုက်ရပြီး၊ နှစ်ဖက်ဆက်ဆံရေး ပြတ်တောက်သွားခဲ့ပါတယ်။

ဒါကြောင့် လက်ရှိကာလမှာ KIO ၊ KIA အဖွဲ့ရဲ့ ဗဟိုဆက်ဆံရေးရုံးတရုံးနဲ့ မြစ်ကြီးနားကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ KIO ရဲ့ ကုမ္ပဏီရုံး၊ စုစုပေါင်း နှစ်ရုံးပဲ ဆက်လက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရဖက်က လုံခြုံရေး တင်းကျပ်ထားသလို၊ KIO ဘက်ကလည်း လုံခြုံရေး တိုးချထားတယ်လို့ သိရပါတယ်။

ဒါကြောင့် လာမဲ့ ၂၀၁၁ ခု-နှစ်ဆန်းတွေလောက်မှာ စစ်အစိုးရနဲ့ KIO အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း အမည်မဖော်လိုတဲ့ ကချင်အရာရှိက ပြောပါတယ်။

မကြာခင်တုန်းက စစ်အစိုးရက KIO ကို သောင်းကျန်းသူလို့ သတင်းစာတွေမှာ ပြန်လည်သုံးနှုန်း ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။

စစ်တွေ-အမ်း ရထားလမ်း ရှေးဟောင်းအမွေအနှစ်ဒေသကို ရှောင်ကွင်း

2010-11-29 RFA

စစ်တွေ အမ်း ရထားလမ်းကို မြောက်ဦးမြို့ ကိုးသောင်းဘုရားပုထိုးနဲ့ ကိုက် ၅၀ဝ အကွာက ဖောက်လုပ်မဲ့ လမ်းကြောင်းအစား တခြားလမ်းက လမ်းလွှဲဖောက်လုပ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားချက် ထုတ်ပြန် လိုက်ကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နာမည်ကြီး ရှေးဟောင်း စေတီ ဖြစ်သော ကိုးသောင်းဘုရားကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ ရခိုင် မင်းနေပြည်တော်ဟောင်း မြောက်ဦးမြို့တွင် အဖိုးမဖြတ်နိုင်သော ရှေးဟောင်း ဘုရားနှင့် သမိုင်းဝင် အဆောက်အအုံ များစွာ တည်ရှိနေပါသည်။ (Photo: Jmhullot/ WikiMedia)

ရန်ကုန်-စစ်တွေ ရထားလမ်း ဖောက်လုပ်ရာမှာ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးကုန်တဲ့အတွက် ဒေသခံတွေက တိုင်ကြားရာက အခုလို လမ်းလွှဲဖောက်လုပ်ဖို့ စီမံချက် ထွက်ပေါ်လာတာ ဖြစ်ကြောင်း ရခိုင် ရှေးဟောင်း အမွေအနှစ်တွေကို လေ့လာနေတဲ့ ဒေသခံတဦးက RFA ကို ပြောပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနကို မေတ္တာရပ်ခံစာ ပို့တဲ့အခါမှာ ယဉ်ကျေးမှုဝန်ကြီးက အဲဒီ မီးရထားလမ်းကို တားပေးဖို့အတွက် စာထုတ်ပြီး ရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးဖို့ ခိုင်းကြောင်း ပြောပါတယ်။ အဲဒီလို ကွင်းဆင်း စစ်ဆေးပြီးနောက် ရထားလမ်းကို မြောက်ဖက်ကို ရွှေ့လိုက်ကြောင်း အဲဒီ ဒေသခံက ပြောပြပါတယ်။

ဒါ့အပြင်လည်း ပြိုပျက်နေတဲ့ သဇင်တံ ဘုရား ၂ ဆူကိုလည်း ပြန်လည် ပြုပြင်ပေးဖို့ ယဉ်ကျေးမှုဝန်ကြိီးဌာနက အမိန့် ထုတ်ပြန်ထားကြောင်းလည်း ပြောပါတယ်။

ရထားလမ်း ဖြတ်သွားတဲ့ ဇုံနယ်မြေအတွင်းမှာ နောက်ထပ် တစုံတရာ မြေကြီး မတူးရ၊ တောင်မဖြိုရ၊ နောက်တခါ ရှေးဟောင်း အဆောက်အအုံ တွေ့ရှိရင် ချက်ချင်း ရပ်ရမယ်၊ ဥပဒေအရ အရေးယူမယ်ဆိုတဲ့ စာတွေကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကို ပို့ကြောင်း သူက ပြောပြပါတယ်။

အခုလို လမ်းလွှဲဖောက်လုပ်မဲ့ အစီအစဉ်ကြောင့် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမှု နည်းပါးသွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ အနည်းငယ် စိတ်သက်သာရာ ရသွားကြတယ်လို့လည်း ဆိုပါတယ်။

ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

By နိုင်ကွန်းအိန် VOA iNews တနင်္လာ, 29 နိုဝင်ဘာ 2010

မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ အကြားမှာ တပ်အသွင်ပြောင်းလဲရေး ဖိအားပေး အကျပ်ကိုင်မှုတွေကြောင့် အခြေအနေတွေ တင်းမာနေပါတယ်။ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ မနေ့ညနေက နယ်ခြားစောင့်တပ် အသွင်ကို လက်မခံတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်ရေးအရ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် အခုဆိုရင် ဘုရားသုံးဆူဒေသမှာ မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ တိုးချထားပြီး လုံခြုံရေး အခြေအနေတွေ တင်းကျပ်ထားသလို တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာခဲ့ရင် နှစ်ဦးနှစ်ဘက် အကျိုးမရှိသလို ဒေသခံတွေသာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ ဒုက္ခရောက်ဦးမှာမို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း စစ်ရေးအရ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအကူအညီ ပေးဖို့နဲ့ တပ်ပေါင်းစု တည်ဆောက်ပြီး စစ်ရေးပြင်ဆင်နေတဲ့ အခြေအနေတွေကို တွေ့နေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်ဖွဲ့တို့အကြား နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းလောက်မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို DKBA တပ်ရင်း ၉၀၆ က ဗိုလ်မှူး စောအေဝမ်းကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို ပြောပါတယ်။

“ဒီညနေ ၃ နာရီ ၁၅ မိနစ်မှာ နအဖတပ်နဲ့ ကျနော်တို့အဖွဲ့တွေ တဲ ၃ လုံးမှာ ပစ်ကြတယ်နော်။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက် ရှိတာပေါ့ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၁ ယောက်ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်၊ အဲဒီ ၄၀၆ အဖွဲ့တွေပေါ့။ သူတို့ဟာ ဟို ရင်ဘောင်တန်းတက်ပြီး လာတယ်လေ။ အဲဒီရွာ မဝင်ခင်မှာ ကျနော်တို့ဟာ အဲဒီမှာ ပစ်ခဲ့တယ်။ ၁၅ မိနစ်၊ မိနစ် ၂ဝ နဲ့ ကျနော်တို့ ပြန်ဆုတ်တယ်။ အခုဟာ သူတို့ အဲဒီ ကျနော်တို့ပစ်တဲ့ ရွာအနားက ဘုန်းကြီးကျောင်းထဲမှာ သူတို့ရှိနေတယ်။ ပြီးတော့ ဒဏ်ရာရရှိတဲ့သူကို ကုသတယ်။”

ဒီတိုက်ပွဲဟာ ဘုရားသုံးဆူမြို့နဲ့ ၁၃ မိုင်ကျော်ကျော် ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးမှာ ခလရ ၄၀၆ တပ်ရင်းကို ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေက ကြိုတင် သတင်းရလို့ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ဗိုလ်မှူး စောအေဝမ်းက ပြောပါတယ်။ ခလရ ၄၀၆ တပ်ရင်းဟာ လူနာတွေ ထမ်းဖို့အတွက် တဲသုံးလုံးမှာ ပေါ်တာ အထမ်းသမားတွေ လိုက်လံဖမ်းဆီးနေတယ်လို့ မျက်မြင်သက်သေ မော်တော်ဆိုင်ကယ် အငှားသမားတဦးက ပြောပါတယ်။

အဲဒီလို နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံတဲ့ ဗိုလ်မှူးကြီး စောနော်တရာနဲ့ ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA ၉၀၆ တပ်ရင်းနဲ့ စစ်အစိုးရတို့ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘုရားသုံးဆူမြို့ အတွင်းမှာ လုံခြုံရေးတွေ အထူးတင်းကျပ်နေတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“ညမထွက်ရတော့ မဟုတ်ဘူး၊ သူတို့ ကြေညာထားတာမျိုး အခု ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့၊ ဒီ သူတို့ လုံခြုံရေးအရပေါ့နော်၊ မော်တော်ကားများသည် မသင်္ကာဖွယ်ရာ တကယ်လို့ သည်းညည်းခံဖို့၊ ရပ်ပြီးတော့ အစစ်ဆေးခံဖို့၊ မောင်းမပြေးကြဖို့နော်။ တကယ်လို့ မောင်းပြေးလို့ ဆိုင်ကယ်တွေ ကားတွေ မောင်းပြေးလို့ ပစ်ခတ်မိရင် ဒီတပ်ကနေပြီးတော့ လုံးဝ တာဝန်ယူမှာ မဟုတ်တဲ့ အကြောင်းပေါ့နော် သူတို့ လိုက်ကြေညာတယ်။

“ဥပမာ ချောင်ကြိုချောင်ကြားမှာရှိတဲ့ သွားလာတဲ့ လူတွေလည်း အဲဒီလိုမျိုးပေါ့၊ အစစ်ဆေးခံဖို့၊ တကယ်လို့ မသင်္ကာဖွယ်ရာ ခရီးသွားလာတာတို့ ဖြစ်ရင် သူတို့ ပစ်မယ် ခတ်မယ်ပေါ့၊ သူတို့ တာဝန်မယူဘူးပေါ့။ ဟို ၁၄၄ တော့လည်း မဟုတ်ဘူး။ မသင်္ကာဖွယ်ရာတွေ့ရင် ပစ်ခတ်မယ်ဆိုတဲ့ သဘောပေါ့။ သူတို့ ညပိုင်းတချက်တော့ ကင်းတွေလှည့်တယ်။ ရပ်ကွက်ထဲမှာလည်း သူတို့ရဲဘော်တွေ တွေ့တယ်၊ အမှောင်ထဲမှာ ရဲဘော်တွေ စောင့်နေတယ်။ လေးငါးယောက်တဖွဲ့ အဲဒီလိုမျိုးပေါ့။ ပတ်ပတ်လည် ဝိုင်းပြီးတော့ စောင့်နေတယ်။ ညဘက် စစ်ကား ၃ စီးနဲ့ သူတို့ လှည့်နေတယ်။ ရဲတွေရော ရဲဘော်တွေရော အကုန်လုံးပေါ့။”

ဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘုရားသုံးဆူမြို့ကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီး စစ်အစိုးရ တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁၀,၀၀ဝ ကျော် ထိုင်းဘက်ခြမ်းနဲ့ တခြား လွတ်မြောက်ရာ ဒေသတွေဘက်ကို တိမ်းရှောင် ထွက်ပြေးနေခဲ့ရပါတယ်။ အခုခါမှာတော့ နယ်မြေ တည်ငြိမ်မှု ရှိစပြုပြီ ဆိုပေမဲ့ လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ဘုရားသုံးဆူမြို့ခံ တဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်တော့လည်း ကျနော်တို့ ဒီမှာ သူတို့ပစ်တာက တဘက်နဲ့ တဘက် ထိကြတာ မဟုတ်ဘူး၊ ပြည်သူတွေဘက် သွားကျတယ်။ အခု နဂါးတောင်က ပစ်တာလည်း မြို့ထဲပဲ ပစ်ထည့်တယ်။ DKBA ကလည်း ဝင်တာ မြို့ထဲကိုပဲ။ အကုန်လုံးကလည်း မြို့ထဲကလူတွေပဲ အထိနာနေကြတော့ အကုန်လုံးက စိတ်ပူတယ်။ ဖြစ်လာတော့ အဲဒီလိုပဲ၊ ဖြစ်လာတော့ အကုန်လုံး ပစ်ပြီး ပြေးရတာပဲ ဒီမှာတော့။ ပြေးတဲ့နေရာကလည်း သိပ်ပြီးရှိတာ မဟုတ်ဘူး။ အဲဒါကြောင့်ပေါ့၊ ဖြစ်နိုင်ရင် မဖြစ်စေချင်ဘူး။

“ဘာမှလည်း သူတို့အတွက် အကျိုးရလဒ် သိပ်ရှိတာ မဟုတ်ဘဲ။ ဒီမှာက စီးပွားရေးလုပ် နယ်မြေပဲ။ သူတို့လည်း ထိထိရောက်ရောက် လုပ်ရင်တော့ တမျိုးပေါ့။ တောထဲ တောင်ထဲမှာပစ်ရင် အကြောင်းမဟုတ်ဘူး။ မြို့ထဲမှာပစ်တာ အဲဒါ စိတ်ညစ်ရတယ်၊ ပြေးရ လွှားရတာနဲ့။”

ဒီလို ဘုရားသုံးဆူမြို့ကို ဝင်ရောက် သိမ်းပိုက်တာဟာ နိုဝင်ဘာလ ရ ရက်က စစ်အစိုးရက ကျင်းပပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲကို ကန့်ကွက် ဆန့်ကျင်တဲ့ အနေနဲ့ ဝင်ရောက်သိမ်းပိုက်ခြင်း ဖြစ်တယ်လို့လည်း DKBA ဘက်က ပြောပါတယ်။

အခုအနေအထားမှာတော့ ဘုရားသုံးဆူမြို့နဲ့ ပတ်ဝန်းကျင် ဒေသမှာ မြန်မာစစ်အစိုးတပ်ကနေ တပ်အင်အား ၅ ရင်း ထပ်ဖြည့်ထားပြီး ခွဲထွက်သွားတဲ့ DKBA တပ်တွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်တွေနောက်ကို လိုက်လံ ထိုးစစ်ဆင်နေတဲ့ အခြေအနေကြောင့် တိုက်ပွဲတွေ ထပ်မံ ပြင်းထန်လာဦးမယ်လို့ ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူတွေက ပြောပါတယ်။

တောတွင်း လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း တောတွင်း ပြောက်ကျားစစ်ဆင်ရေး သာမက မြို့တွင်း ပြောက်ကျားစနစ်ပါ လုပ်ဆောင်လာနိုင်မယ့် အနေအထားမှာ ရှိတဲ့အတွက် မြို့ခံပြည်သူတွေရဲ့ လုံခြုံရေးဟာ အာမခံချက် မရှိနိုင်သေးသလို တကယ်လို့ တိုက်ပွဲပြင်းထန်လာရင် စစ်ပြေးဒုက္ခသည်တွေ ပိုပြီး တိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အလားတူ မြဝတီမြို့နယ် ဖလူးနဲ့ ဝေါ်လေဒေသတွေ ဘက်မှာလည်း ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ အများအပြား နေရပ်ကို တိမ်းရှောင်ပြီး ထိုင်းနယ်မြေထဲကို ဒုက္ခသည်အဖြစ် ဝင်ရောက်လာမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံ ငြင်းပယ်ခဲ့တဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ကလည်း စစ်အစိုးရ အနေနဲ့ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအရ အကူညီပေးဖို့ တပ်ပေါင်းစုတခု ဖွဲ့စည်းထားတယ်လို့ တပ်ပေါင်းစုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။ အခုလို စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ သဘောထား တင်းမာလာပြီး စစ်ရေးအရ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ထားပါတယ်။