မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို ဆက်လက်ဆောင်ရွက်ရန် အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦး မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၇ ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

အမေရိကန် အဆင့်မြင့် အရာရှိမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး (deputy assistant secretary of state) ဂျိုးဇက်ယွန်း ဖြစ်ပြီး ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာခဲ့သည့် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သည်။

၎င်းသည် မြန်မာအစိုးရ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ နေထိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံးက ပြောကြားခဲ့သည်ကို အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားချက်အရ သိရသည်။

အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံဆွေးနွေး သွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်း ထုတ်ပြန်ချက်ပြီးနောက် အမေရိကန် အစိုးရအရာရှိများသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် အရှိန်ရလာစေရေးအတွက် မြန်မာအစိုးရနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုများ ပြုလုပ် သွားသင့်သည်နှင့် ပတ်သက်၍ မြန်မာ့အရေးနှင့် ဆက်စပ်သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ ခုနစ်လကြာပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ အပေါ်ထားရှိသည့် အမေရိကန်၏မူဝါဒ အားသာချက်၊ အားနည်းချက်များကို လေ့လာမှု လအတော်ကြာ ပြုလုပ်ပြီးနောက် အမေရိကန်အနေဖြင့် မြန်မာအစိုးရ နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

About toyo

toyo 1960 has written 41 post in this Website..

good site...