ကိုမင်းကိုနိုင် ကျန်းမာရေး ချို့ယွင်းနေ

cobraDecember 17, 20101min43
ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်သည် ဆိုးရွားသည့် ရာသီဥတုကြောင့် ခြေလက်များ ကိုက်ခဲသည့် ဒဏ်ကို ပြင်းထန်စွာ ခံစားနေရကြောင်း မိသားစုဝင် တဦးက ပြောသည်။

ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က “သံတိုင်တွေ ကြားက လေက ဝင်တယ်၊ ရာသီဥတုက အရမ်းအေးတော့ ရေခဲ သေတ္တာထဲ ဝင်နေရသလို ဖြစ်တယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။

ကျိုင်းတုံထောင် ထောင်အာဏာပိုင်များက ထောင်ပရဝုဏ် ကျဉ်းမြောင်း လွန်းသည်ဆိုသော အကြောင်း ပြချက်ဖြင့် ကိုမင်းကိုနိုင်အား အပြင်ထွက် လမ်းလျှောက်ခွင့်၊ လေ့ကျင့်ခန်း လုပ်ခွင့် မပြုကြောင်း၊ ထို့ကြောင့် အခန်းအတွင်းမှာသာ နေထိုင်ရကြောင်း ဒေါ်ကြည်ကြည်ညွန့်က ဆက်လက် ပြောသည်။

ကိုမင်းကိုနိုင်မှာ ၁၉၈၉ ခုနှစ် ပထမအကြိမ် စစ်တွေထောင်၌ ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရစဉ်က ရရှိခဲ့သည့် အရိုးကျီးပေါင်း တက်သည့် ရောဂါကိုလည်း ခံစားနေရကြောင်း၊ ယခု တကြိမ်တွင်လည်း ဝေးလံသည့် ကျိုင်းတုံထောင်သို့ ပို့ခဲ့သည့်အတွက် မိသားစုမှ သုံးလ တကြိမ်သာ ထောင်ဝင်စာ သွားရောက် တွေ့နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကိုမင်းကိုနိုင် အပါအဝင် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျာ၊ ကိုပဏ္ဍိတ်ထွန်း စသည့် ကျောင်းသား ခေါင်း ဆောင် ၁၅ ဦးကို  စစ်အစိုးရက ၂၀၀ရ ခုနှစ် ဩဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ခဲ့သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်ဆီ အသီးသီးချမှတ်ပြီး နယ်ဝေးထောင်များသို့ ပို့ခဲ့သည်။

ယခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကျရောက်သည့် ကိုမင်းကိုနိုင်၏ အသက် ၄၈ နှစ် ပြည့် မွေးနေ့ အထိမ်းအမှတ်ကို မိ သားစုဝင်များက နေအိမ်တွင် သံဃာတော်များအား ဆွမ်းကပ်ခဲ့သည်။

ကျိုင်းတုံထောင်မှာ အအေးလွန်ကဲ၍ ကျန်းမာရေးအတွက် စိုးရိမ်ရသည့်အပြင် ကိုမင်းကိုနိုင်အား ထောင်အာဏာပိုင်များမှ လွဲ၍ မည်သူနှင့်မျှ တွေ့ခွင့်မပေးကြောင်း၊ တလတကြိမ် ဖွင့်လှစ်သည့် ထောင်တွင်း ဝိပဿနာတရားစခန်းကိုပင် တက်ရောက် ခွင့်မပြုကြောင်း ဒေါ်ကြည်ကြည်ညွန့် က ဆိုသည်။

ပထမ အကြိမ် စစ်တွေထောင်တွင် ထောင်ဒဏ်ကျခံခဲ့စဉ်က လမ်းလျှောက်ခွင့်၊ သစ်ပင်စိုက်ခွင့် စသည့် အခွင့်အရေးများကို ရရှိသည့်အပြင် စစ်တွေထောင်မှာ ပင်လယ်နှင့် နီးသည့်အတွက် ကျန်းမာရေးနှင့်လည်း ညီညွတ်ကြောင်း ဆက်လက်ပြောပြသည်။

ပြီးခဲ့သည့်လအတွင်းက ဘူးသီးတောင်ထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်သည့် သုံးနှစ်ပြည့် နှစ်လည်ဆွမ်းကျွေး တရားနာပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်မှ ကိုမင်းကိုနိုင်၏ အစ်မ ဒေါ်ကြည်ကြည်ညွန့် အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစု ၇ဝ ခန့်ကို တွေ့ဆုံ၍ အားပေး စကား ပြောဆိုခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ဝေးလံသည့် ထောင်များတွင် နှစ်ရှည်ထောင်ဒဏ်များ အသီးသီးကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ အခြေအနေကို သိရှိပါကြောင်း၊ မိသားစုအနေဖြင့်လည်း ဆက်လက်၍ ကြံ့ကြံ့ခံသွားစေလိုကြောင်း၊ ဒီမိုကရေစီအရေးကိုဆက်လက် အားပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ကိုမင်းကိုနိုင်ကို ပန်းချီဆရာကြီး ဦးသက်ညွန့် နှင့် ဒေါ်လှကြည် တို့မှ ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းများတွင် တတိယမြောက် သားဖြစ်သည်။

ရန်ကုန် တက္ကသိုလ်တွင် သတ္တဗေဒ ပညာရပ်ဖြင့် ပညာဆည်းပူးခဲ့ပြီး ၁၉၈၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသား လှုပ်ရှားမှုများကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ(ဗကသ) ဥက္ကဌ အဖြစ် တာဝန်ယူ ဦးဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီး ထိန်း သိမ်း ခံရကာ ၂၀၀၄ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ပြီးခဲ့သည့် နှစ်က ကိုမင်းကိုနိုင် ၏ ၄ရ နှစ်မြောက် မွေးနေ့တွင် ၎င်းကိုယ်တိုင်ရေးသားသည့် ၁၉၈၈ အရေးတော်ပုံ သမိုင်းကို နောက်ခံထားသော “နောက်ကြည့်မှန်” အမည်ရှိ ဝတ္ထုစာအုပ်ကို မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ဝေခဲ့သည်။