မာရ်နတ် ဘုရားရှင်အား နှောက်ယှက်စဉ်


တလောက အင်တာနက်ဆိုက်တခုမှာ မာရ်နတ်အကြောင်း မေးတာတွေ့လို့ မာရ်နတ်သည် နတ်ကောင်းလား၊ နတ်ဆိုးလားဆိုတာ ရှာဖွေစပ်စုမိပါတယ်။ နတ်ခြင်းတူမတူ မသိပေမဲ့ မာရ်နတ်လိုမျိုး အစွမ်းဆုံး နတ်ဆိုးမျိုးသည် ဘာသာတိုင်းမှာ ရှိပါတယ်။ ခရစ်ယာန်လိုစေတန်၊ မွတ်စလင်မှာရှိုက်တန်၊ အခြားဘာသာတွေမှာလည်း နာမည်တမျိုးမျိုးနဲ့ ရှိပါတယ်။ ပစ္စုပ္ပန်ဝါဒီများကတော့ ဆိုးသွမ်းတဲ့စိတ်လို့ ဆိုမယ်ထင်ပါတယ်။ သူတို့ကိုတော့ ဒီပို့စ်မှာဘေးမဲ့ လွှတ်ထားပါတယ်။
မှတ်မိသလောက် မာရ်နတ်သည် နတ်ပြည်ခြောက်ထပ်မှာ အပေါ်ဆုံးနတ်ပြည်က (နာမည်မေ့) နတ်သားပါ။ အဲဒီနတ်တွေက ဘယ်လောက်စွမ်းသလဲဆို ရထားတဲ့ စည်းစိမ်ခံစားမှုတွေအပြင် မိမိ အလိုရှိရာကို တောင့်တလိုက်ရုံမျှနဲ့ ပြည်စုံပါတယ်။ ဖန်ဆင်းဖို့တောင် မလိုတော့တဲ့သဘောပါ။ (သူ့ထက်နိမ့်တဲ့ နတ်တမျိုးက လိုရာပြည့်စုံဖို့ ဖန်ဆင်းရသေးတယ်၊ ကျန်အောက်ဖက် လေးထပ်က နတ်တွေကတော့ ရှိထားတဲ့စည်းစိမ်ကိုပဲ စံစားရပါတယ်။ အကြမ်းမျဉ်း နားလည်ထားတာပါ)။
အမေးပုစ္ဆာမှာ အသောကမင်းကြီးရဲ့ တတိယ သံဃာယနာတင်ပွဲကို နှောက်ယှက်ဖို့ကြိုးစားတဲ့ မာရ်နတ်ကို ရှင်ဥပဂုတ္တမထေရ်က ဆုံးမလိုက်လို့ နောင်တရပြီး ဘုရားဆုပန် ဗုဒ္ဓဝါဒီဖြစ်သွားတယ်လို့ မဟာယန ကျမ်းစာမှာဆိုပါတယ်။ ထေရဝါဒ အယူကတော့ ရှင်ဥပဂုတ် ဆိုတာကိုတောင် လက်မခံဘူး။ ဒါပေမဲ့ အတော်များများ ကိုးကွယ်ယုံကြည်ကြပါတယ်။ ရန်ကုန် တရုတ်တန်းမှာဆို နှစ်တိုင်း ရှင်ဥပဂ္ဂုတ် ပူဇော်ပွဲဆိုတာရှိပါတယ်။ ရန်ကုန်မြစ်ထဲ ဆီမီးဖောင်တော်နဲ့ ခြိမ့်ခြိမ့်သဲ ပူဇော်ကြပါတယ်။ တရုတ် ပရိတ်သတ် အလွန်များတယ်လို့ ကြားဖူးပါတယ်။
ကြုံလို့ပြောရရင် ရေနဲ့ပတ်သက်စီးပွားရှာသူများ ပင်လယ်ထဲ ဒုက္ခတွေ့ရင် ကြေးပြသာဒ်နဲ့ သီတင်းသုံးတဲ့ ရှင်ဥပဂုတ်ကိုယ်တော်ကိုဖူးရပြီး ဘေးလွတ်တာ အပြောများပါတယ်။ ရဟန္တာလို့လည်း ဆိုထားပြန်တော့ သက်တော်ထင်ရှား ကိုယ်ယောင်ပြတာထက် သူ့အဓိဌာန်သဘော၊ အကြွင်းအကျန် ဝေနေယျများ ဖြစ်ပုံရပါတယ်။
စွန်းလွန်းဆရာတော်ဘုရားကြီး ထေရုပတ္တိမှာ မထ္ထီလာရေလယ်ဆရာတော်နှင့် တရားဓမ္မ ဆွေးနွေးစဉ် အသံနဲ့လာပြီး အာယုသင်္ခလွှတ်ခိုင်းတော့ ဆရာတော်ကငြင်းပြီး မေတ္တာပို့လိုက်လို့ လက်လျော့သွားပါတယ်။ လိုက်ကြည့်တော့ မာရ်နတ်ရဲ့အခြွေအရံပါ၊ မာရ်နတ်က သူတော်ကောင်းကြီး လို့ပြောပါတယ်။ http://www.dhammaransi.net/ebooks4/SunlunVippassana6.pdf စာမျက်နှာ ၄၉တွင်အကျယ် ဖတ်ရှုနိုင်ပါသည်။
ကျနော်ဖတ်ဖူးတဲ့ စာတပိုဒ်မှာ မာရ်နတ်သည် နယ်နယ်ရရမဟုတ်၊ ဘုရားလောင်း လူမဖြစ်တဲ့ ကာလမှာ သတ္တဝါများအကျိုးကို သူမတူအောင် ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့တယ်။ ဘုရားနဲ့မာရ်နတ် တို့ဘဝသင်္ချေဖြစ်ခဲ့ကြပေမဲ့ ဆုံခဲ့ကြတာ အနဲအကျဉ်းမျှလို့ မှတ်သားခဲ့ဖူးပါတယ်။
ဘာလို့ဖွရသလဲဆိုရင် ကျနော်တို့ ထေရဝါဒမှာ လုံးဝအသိမှတ်မပြုပေမဲ့ မဟာယနဝါဒအရ သာသနာ့သမိုင်းဝင် ရဟန္တာမြတ်ကြီးတပါးနဲ့ ဒီဖက်ခေတ် ထေရဝါဒ မီးရှုးတန်ဆောင် ရဟန္တာကြီးတပါး ဆက်နွယ်မှုကနေ ရှေ့ဆက်အတွေး နယ်ချဲ့နိုင်အောင်လို့ပါ။ ဆက်စပ်ရင်း တဖြည်းဖြည်းနဲ့ မဟာယန ကျမ်းစာများကနေ ကျနော်တို့ လှစ်ဟာနေတာတွေကို တွေ့ကောင်းတွေ့ နိုင်ပါလိမ့်မယ်။ တနေရာနဲ့ တနေရာ ပိုမိုကူးသန်းဆက်ဆံလာတဲ့ ၂၁ရာစု အနာဂတ်မှာ ဗုဒ္ဓဘာသာဂိုဏ်းများအကြား အချင်းချင်း ကူးလူးဆက်ဆံမှုသည် ခေတ်သစ်တခုဆီသို့ ရောက်တော့မည်မှာ မဝေးတော့ကြောင်း ကြိုတင်နမိတ် ဖတ်ရင်း နိဂုံးချုပ်လိုက်ပါရစေ။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး