ပြောတော့ပြောတယ် ဒါပေမဲ့..


မြန်မာနိုင်ငံမှာ လွှတ်တော်အစည်းအဝေးများ ခြိမ့်ခြိမ့်သဲ ကျင်းပနေပါတယ်။ ချပေးထားတဲ့ ဘောင်အတွင်းက တောင်းဆိုမယ်ဆိုတဲ့ အတိုက်အခံနိုင်ငံရေးပါတီ လွှတ်တော်အမတ်များလည်း တက်ရောက်လျက် ရှိပါတယ်။ ကြက်ဖွတ်နဲ့စစ်သားအမတ်တွေက ၈၀%ကျော်၊ သူတို့မဟာမိတ် တစညပါတီအမတ်တွေ နောက်ထပ်၅%ကျော်ဆိုတော့ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အတိုက်အခံ နိုင်ငံရေးပါတီ အမတ်မင်းများက ၁၀%ကျော်ရုံလေးပဲ ရှိပါတယ်။ ဒီကြားထဲ တိုင်းရင်းသားပါတီ တချို့က သူတို့ပြည်နယ်လူမျိုးရေးကိုပဲ ရှေ့တန်းတင်ပြီး ဘေးရန်ကင်းကွာ လုပ်စားကြမှာဆိုတော့ မသိနားမလည်တဲ့ ပြည်သူအချို့ကို မစားရဝခမန်း စိတ်ထင်ရာပြောပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးသမားဟောင်းများ လွှတ်တော်ထဲမှာ ဆွေးနွေးတောင်းဆိုဖို့မပြောနဲ့ အီးတောင် ကျယ်ကျယ်ပေါက်ရဲကြမယ် မထင်ပါဘူး။
သိရတဲ့ နောက်ဆုံးသတင်းများအရ ဗိုလ်ရွှေမန်းက အောက်လွှတ်တော်ဥက္ကဌ ဖြစ်ပါတယ်။ အခြားဒေသ လွှတ်တော်အသီးသီးမှာ အလားတူ နေရာများကိုလည်း ကြက်ဖွံ့နဲ့စစ်သားအမတ်တွေပဲ ယူပါတယ်။ သူခိုးခိုးတာသူ့စရိုက်ပါ၊ မခိုးနဲ့ပြောလည်းခိုးမှာပဲ။ သိလျက်နဲ့ ဘုရားလူကြီး ပေးလုပ်လိုသူ နိုင်ငံရေးသမားများကိုသာ အပြစ်တင်လိုပါတယ်။ ငါကြိုက်တာငါလုပ်တယ် ဘာဖြစ်လဲဆိုပေမဲ့ အများနဲ့ ဆိုင်တဲ့ဘုရားဖြစ်နေလို့ ပြောရပါတယ်။ နိုင်ငံရေးမှာ တာဝန်ယူမှု ဆိုတာရှိရပါတယ်။ ဒီလိုသိတတ်မှုကို နိုင်ငံရေးသမားများ အဖွဲ့အစည်းခေါင်းဆောင်များမှာ တွေ့မြင်လိုလို့ လစ်ဘရယ်ဒီမိုကရေစီစနစ်ပုံစံကို တောင်းဆိုကြတာပါ။ ကောင်းမယ်ထင်လို့ လုပ်လိုက်တာ၊ မဖြစ်တော့လည်း ဘာတတ်နိုင်မှာလဲဆိုပြီး ဖုတ်ဖတ်ခါထွက်သွား၊ အောက်လူကိုထိုးချ၊ မဆိုင်သူကိုအပြစ်ပုံတဲ့ တာဝန်မဲ့မှုမျိုးဟာ ကျနော်တို့ဆီမှာ အရိုးစွဲသလိုစွဲနေတာမို့ စနစ်အပြောင်းအလဲနဲ့အတူ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု စတာတွေကို နိုင်ငံရေးလုပ်သူများထံမှာ မြင်လိုပါတယ်။
အခုတော့ မိုးလားကဲလားပြောခဲ့တဲ့ အတိုက်အခံအမတ်များ နိုင်ငံရေးစကားမပြောနိုင်ဘဲ သတင်းသမားလို ကိုယ်တွေ့တာလေးတွေကို မီဒီယာကိုပြောရတဲ့အဆင့် ရောက်နေပါတယ်။ သူတို့ကိုရွေးလိုက်တာ နိုင်ငံရေးအခွင့်အရေးတွေ တောင်းဆိုဖို့၊ ညှိနှိုင်းဖို့ပါ။ အစည်းအဝေးခန်းမထဲ သွားထိုင်ငိုက်ပြီး ဘယ်သူကဘာဖြစ်သွားပြီ၊ ဘယ်လောက်ကြာတယ်၊ ဘာစားရတယ် ကြားရဖို့ မဟုတ်ပါဘူး။ မလုပ်နိုင်မှန်းသိရင် အခုကထဲက ဗျူဟာချပြီး အောင်မြင်စွာဆုတ်ခွာဖို့ exit strategy ကိုပြင်ကြပါ။ ပြောမဲ့သာပြောရတယ် အင်တာဗျူးတွေမှာ သူတို့က နောင်ငါးနှစ်သက်တမ်းကိုတောင် လှမ်းမျက်စပစ်နေတယ်။
ကျနော်ရဲ့ အတွင်းလူမှ ပေးပို့လာတဲ့ လျှို့ဝှက်ထုတ်ပြန်ထားတဲ့ လွှတ်တော်အမတ်များ ဆောင်ရန်ရှောင်ရန် do and don’ts အချက်ကို ရွာသူရွာသားများ သိရန်အလို့ငှာ တင်ပြအပ်ပါတယ်။

၁. အစားအစာ မှာယူရာတွင် လိုအပ်သလောက်သာ မှာယူပြီး စားကြွင်းစားကျန်များ ပန်းကန်ထဲတွင် မကျန်ခဲ့စေရန်၊ စားသောက်ရာတွင် ပါးစပ်မှ အသံမမြည်ရန်၊ အစည်းအဝေးခန်းမလေထုကို ညစ်ညမ်းစေမည့် ဒညင်းသီး၊ ပဲကြီးလှော်ကဲ့သို့သောအစာများ မစားရန်ဖြစ်သည်။
၂. အစည်းအဝေး၌ ပြောဆိုရာတွင် ကြက်သရေမင်္ဂလာ မရှိသော အရာများ၊ (ဥပမာ- သေပြီးသူများ၊ သုဘရာဇာများ၊ ဂိလာန၊ ကပ်ဘေးအန္တရယ်၊ ဖမ်းဆီးမိန့်အထုတ်ခံထားရသူ၊ အဖမ်းခံရဖူးသူ၊ အဖမ်းခံနေရသူများ)၊ ပြည်သူလူထု အထိတ်တလန့် ဖြစ်စေမည့် အသုံးအနှုန်းများ (ကုန်ဈေးနှုန်းတက်၊ မတရားဖိနှိပ်၊ ဆူပူဆန္ဒပြ)၊ အထင်လွဲစေမည့် စကားလုံးများ (ဖက်ဆစ်၊ အာဏာရှင်၊ ဥပဒေမဲ့) စသည်တို့ကို ရှောင်ကြဉ်ရန်ဖြစ်သည်။
၃. အစည်းအဝေး ကျင်းပနေစဉ် အကြောင်းမဲ့ ခန်းမပြင်ပ မထွက်ရ။ အပေါ့အပါး သွားလိုလျင် သဘာပတိထံ ပလိစ်မေအိုင်ဂိုးအောက်ဟု အော်ပြောရမည်။ သဘာပတိ ခွင့်ပြုချက်ရမှ ထွက်ခွာပြီး ငါးမိနစ်ထက် မပိုသော အချိန်အတွင်း သတ်မှတ်ထားသော ထိုင်ခုံတွင် ပြန်လည်နေရာယူရန်ဖြစ်သည်။ အိမ်သာသုံးစက္ကူကို လိုသလောက်သာသုံးပြီး မိမိအိမ်အတွက် မယူရန်ဖြစ်သည်။
၎. သဘာပတိ၊ လွှတ်တော်အမတ်၊ တာဝန်ရှိပုဂ္ဂိုလ်တဦးဦး မိန့်ခွန်းပြောဆိုစဉ် တဝါးဝါးသန်းဝေခြင်း၊ နှာချေချောင်းဆိုးခြင်း၊ အီးအသံမြည်အောင်ပေါက်ခြင်း၊ အသက်ပြင်းပြင်းရှုခြင်း၊ မျက်နှာရှုံ့မဲ့ပြခြင်း၊ မျက်စပစ်ခြင်း၊ မျက်စောင်းထိုးခြင်း၊ ခေါင်းကုတ်ခေါင်းခါခြင်း၊ ခေါင်းဖီးမိတ်ကပ်လိမ်းခြင်း၊ ခြေဆန့်ခြင်း၊ လက်သီးလက်မောင်းတန်းခြင်း၊ ကိုယ်လိမ်ကျောဆန့်ခြင်း၊ အိပ်ငိုက်ခြင်း၊ ပီကေဝါးခြင်း၊ ကွမ်းမြုံ့ခြင်း၊ ဘုရားစာရွတ်ခြင်း၊ ပြင်ပစာဖတ်ခြင်း၊လက်ခေါက်ချိုးခြင်း၊ အချင်းချင်းတီးတိုးပြောဆိုခြင်း၊ ရယ်မောခြင်း၊ ငါးခုံးမအပြုံးပြုံးခြင်း၊ မျက်စိပေကလပ်ပေလပ်လုပ်ခြင်း၊ ထိုင်ခုံဖင်လျောထိုင်ခြင်း၊ ခြေထောက်ချိတ်ခြင်း စသည့်လူကြီးမဆန်သော အမူအယာများ မပြုမိစေရန်ဖြစ်သည်။
၅. မိမိတို့တည်းခိုအဆောင်၊ အိပ်ခန်းအတွင်း၌ မှန်ဘီလူး၊ ကင်မရာ၊ ဝါယာကြိုးစသည်တို့ကို မတော်တဆ တွေ့မိပါက ခြေဆော့လက်ဆော့မလုပ်ဘဲ သူ့နဂိုအတိုင်း ပုံစံမပျက်ထားရှိရန်ဖြစ်သည်။
၆. ဧည့်ခန်းဆောင်အတွင်း အများနှင့်အတူ ညဖက်တီဗွီကြည့်လျင် ကိုရီးယားကားနှင့် ပရီးမီးယာလိခ် ဘောလုံးပွဲ ပြချိန်တိုက်ဆိုင်နေပါက မဲခွဲဆုံးဖြတ်ရန်ဖြစ်သည်။
၇. လွှတ်တော်ကျင်းပစဉ် ကာလအတွင်း သေလုမြောပါး နာမကျန်းထိခိုက် ဒဏ်ရာရမှသာ ဆေးခန်းပြ ဆေးရုံတက်ရန်ဖြစ်သည်။ အသက်အန္တရယ်ကျရောက်ပြီး၊ သွေးထွက်သံယိုဖြစ်ပြီး၊ အခိုး အလုအယက် ခံရပြီးမှသာ ရဲစခန်းသို့ အကြောင်းကြားရမည်။ မသေချာဘဲ မဖြစ်သေးဘဲနှင့် တာဝန်ရှိသူများအား အနှောက်အယှက် မပေးမိစေရန်ဖြစ်သည်။ ထို့အတူ ပေးထားသော ကတ်ဖုံးဖြင့် ပြင်ပသို့ဆက်သွယ် စကားပြောဆိုရာတွင် အချိန်မကြာစေရန် အလာပသလာပ မပြောမိစေရန်နှင့် မိမိပြောလိုသည်များကို ကြိုတင်စာရွက်တွင် ရေးချပြီးမှ တယ်လီဖုံးပြောဆိုရန်ဖြစ်သည်။
၈. ပြည်ပမီဒီယာအသံလွှင့်ချက်များ နားထောင်ရတွင် ဘေးပတ်ဝန်းကျင် အနှောက်အယှက်မဖြစ်စေရန် နားကျပ်တပ်ပြီး နားထောင်ရန်ဖြစ်သည်။
၉. နားရက်၊ အားလပ်ချိန်များအတွင် ဘုရားသွားကျောင်းတက်ပြုပါက ညဖက်သန်းကောင်အချိန်မှ သွားရန်ဖြစ်ပြီး လူမမှားစေရန် အပေါ်ဖြူအောက်ဖြူ ဝတ်ဆင်ရန်ဖြစ်သည်။ အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့သွားလျင် ခြေဆုံးခေါင်းဆုံး အဝတ်မည်းအုပ်ပြီး တဦးတည်းသွားရန်၊ အများနှင့် မရောနှောရန်ဖြစ်သည်။ လူနေရပ်ကွက်ရှိ အသိများထံ သွားရောက်ပါက အကျဉ်းဦးစီးဌာနမှ ပေးလိုက်သော သံခြေကျင်း၊ မိတ်ဆွေနာမည်ပါသော ထောင်ဝင်စာပုံစံစာရွက်ကို အရင်ပြရန်ဖြစ်သည်။
၁၀. ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များမပါဘဲ တွေ့ဆုံမိပါက စကားမပြော၊ စာမရေးဘဲ ခြေဟန်လက်ဟန်ဖြင့်သာ ဆက်သွယ်ရန်ဖြစ်သည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး