ဗုံးပေါက်ကွဲသည်ဟူသော ကောလဟာလများထွက်ပေါ်နေသော်လည်း မှန်ကန်ခြင်းမရှိ

klnApril 26, 20101min680

ရန်ကုန်မြို့တွင်း နေရာများဖြစ်သည့် ကမာ္ဘအေးစေတီလမ်း၊ ကန်တော်ကြီးမျှော်စင်ကျွန်း၊ လပြည့်ဝန်းပလာဇာ၊ ဗညားဒလလမ်းရှိ ဘုရင့်နောင်ရုပ်ရှင်ရုံ၊ North Point ရှော့ပင်းစင်တာများတွင် ဗုံးပေါက်ကွဲသည်ဟူသော ကောလဟာလများနေ့စဉ်ထွက်ပေါ်ခဲ့သော်လည်း မှန်ကန်ခြင်းမရှိကြောင်း သိရသည်။ “ဧပြီလ ၂၁ရက်နေ့ ညနေပိုင်းက ကျောက်မြောင်းမှာရှိတဲ့ ဘုရင့်နောင်ရုပ်ရှင်ရုံမှာ ဗုံးပေါက်တယ်ဆိုပြီးပြောကြတယ်။ ဒီမတိုင်ခင်ကလည်း ဟိုနေရာမှာ ဗုံးပေါက်မှုဖြစ်နေတယ်၊ ဒီနေရာမှာ ဗုံးပေါက်တယ်ဆိုပြီး နေ့တိုင်းလိုလိုကြားနေရတယ်။ ဖြစ်စဉ်တွေက မဟုတ်မှန်းသိရပေမယ့် ဘယ်အချိန်၊ ဘာဖြစ်လာမလဲဆိုပြီး စိုးရိမ်နေရတယ်” ဟု တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ “ဧပြီလ ၁၅ရက်နေ့ ဗုံးကွဲတဲ့နောက်မှာ ဗုံးပေါက်တယ်ဆိုတဲ့အသံတွေတော်တော်ကြားနေရတယ်။ မျှော်စင်ကျွန်းမှာပေါက်တယ်ကြားလိုက်၊ လပြည့်ဝန်းပလာဇာမှာပေါက်တယ်ကြားလိုက်နဲ့ နေရာအနှံ့ပါပဲ။ ဘယ်ကနေ ဘယ်လိုပျံ့နေတဲ့ ကောလဟာလတွေလည်း မသိပါဘူး။ ဒီလို ဟိုကြား ဒီကြား၊ ဟိုလန့် ဒီလန့်ဘဝမျိုးက တော်တော်ဆိုးပါတယ်” ဟု ဗဟန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးကဆိုသည်။ “လူတွေက ဘယ်ကနေသတင်းကြားလို့လဲတော့မသိဘူး။ ခဏခဏ ဖုန်းဆက်ပြီး မေးကြတယ်။ ရန်ကုန်မြို့တွင်းမှာဖြစ်တဲ့ အကြောင်းအရာဆိုရင် မီးသတ်တပ်ဖွဲ့က မသိစရာအကြောင်းမရှိပါဘူး။ ဧပြီလ ၁၅ရက်ဖြစ်စဉ်နောက်ပိုင်းမှာ အားလုံးအေးအေးဆေးဆေးပါပဲ” ဟု ရန်ကုန်တိုင်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ဗုံးပေါက်ကွဲသည်ဆိုသည့် ကောလဟာလများအပေါ် ရှင်းပြသွားခဲ့သည်။ ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့တွင်းရှိ ရှော့ပင်းစင်တာများ၊ ရုပ်ရှင်ရုံများ၊ အပန်းဖြေပန်းဥယျာဉ်များနှင့် အခြားလူစည်ကားရာနေရာများတွင် လုံးခြုံရေးများ ပိုမိုတင်းကျပ်လာကြောင်း သိရှိရသည်။ www.khitlunge.org.mm