“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-6) (ပြန်ပါအုံးမယ် ပြန်အုံးမယ် နှုတ်ခွန်းဆက်ပါတယ်)

“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-6)
(ပြန်ပါအုံးမယ် ပြန်အုံးမယ် နှုတ်ခွန်းဆက်ပါတယ်)

အလွမ်းသင်္ကြန် မန်းသင်္ကြန်……………
မန်းသင်္ကြန်အားလုံးထဲမှာရင်အခုန်ရဆုံးသင်္ကြန်ကတော့ မြန်မာပြည်ရဲ့အကြီးမားဆုံးသော
အပြောင်းအလဲဖြစ်ပြီးတဲ့နောက်တစ်နှစ်မှာကြုံရတဲ့သင်္ကြန်ပါ။
သင်္ကြန်ဆိုရင် ပျော်ဘို့အဆင်သင့်ဖြစ်နေတဲ့မန်းလေးသူမန်းလေးသားအားလုံး ပျော်မှ ပျော်ခွင့်ရပါ့မလားလို့ စိုးတထိတ်ထိတ်နဲ့နေခဲ့ရပါတယ်။
အချိန်တန်သင်္ကြန်နီးတော့မှ ခါတိုင်းလိုဘဲ သင်္ကြန်ဖြစ်တယ်ဆိုတဲ့ အသံလဲကြားလိုက်ရော
မိုးမရွာလို့ နွမ်းလျနေတဲ့မြက်ပင်လေးတွေမိုးနံ့ရတာနဲ့ခေါင်းထောင်ထလာသလိုဘဲပျော်လို့မဆုံးနိုင်အောင်ပါဘဲ။
ဒါပေမယ့် မန်းသင်္ကြန်ရဲ့ပုံစံပြောင်းလို့သွားပါတယ်။
ဟိုအရင်က ရပ်ကွက်နေရာအနှံ့အပြားမှာ မဏ္ဍပ်တွေရှိနေရာကနေ ကျုံးပါတ်ပါတ်လည်မှာရှိသမျှမဏ္ဍပ်တွေအားလုံးစုစည်းပြီးထားလိုက်ပါတယ်။
အဲတော့လည်စရာပါတ်စရာ ရေပက်ခံထွက်စရာနေရာက ကျုံးဘေးတစ်နေရာထဲမှာဘဲရှိပါတော့တယ်။
ကျုံးလမ်းကိုလည်း တစ်လမ်းသွားအဖြစ်ပြောင်းလဲလို့ မဏ္ဍပ်တွေထဲကိုအဝင်ခိုင်းပြီးကျုံးကိုတစ်ပါတ် ပါတ်ရပါတော့တယ်။
ပြောင်းလဲသွားတဲ့ဈေးကွက်စီးပွားရေးခေတ်နဲ့အညီ နာမယ်ကြီးအနုပညာသည်တွေကလဲ ငွေကြေးပမာဏတစ်ခုနဲ့မန်းသင်္ကြန်ကိုစီးပွားရေးတစ်ခုအနေနဲ့လာလို့ ဖျော်ဖြေကြပါတော့တယ်။
အဲဒီအခါမှာ နာမယ်ကြီးတွေရှိတဲ့မဏ္ဍပ်ရှေ့မှာပိတ်ကျပ်နေပြီးရှေ့ကရောက်တဲ့ကားက မထွက်တော့
တစ်နေရာထဲမှာတင် အသေရပ်နေရသလိုဖြစ်သွားပါတော့တယ်။
နေ့မှာဆိုလဲဒီကားတန်းကြီးထဲဝင်သွားမိရထွက်မရ ပြုမရ နေလှန်းခံရသလိုဖြစ်။
နေ့တစ်ဝက်ကုန်တာတောင်ကျုံးတစ်ဖက်ပြည့်အောင်မလည်ရ။
ညဆိုပြန်တော့လဲ ရှေ့တိုးမရ နောက်ဆုတ်မရ ဘာမှလဲမမြင်ရဆိုတော့ စိတ်ပျက်စရာ။
ဒါပေမယ့်လည်းဘယ်လိုအခက်အခဲကြုံကြုံ မန်းသင်္ကြန်မစည်ကားဘူးဆိုတာ တစ်နှစ်မှ
မရှိဘူးတာကလဲ အမှန်ပါဘဲ။
ပျော်မြဲ လည်မြဲ စည်မြဲ ဆိုတာကတော့ သင်္ကြန်မိုးဇာတ်ကားထဲက အဖွင့်စကားထဲက တင်တင်မြလေသံနဲ့ပြောရရင်
“ ယနေ့ထက်တိုင်ပါဘဲရှင်……………………………………………….“
မန်းသင်္ကြန်နဲ့ တော့ဝမ်း ………………
မန်းသင်္ကြန်ဆိုတာ တနှစ်လုံးရဲ့အဟော့ဆုံးတွေတော့ဝမ်းတွေကိုမှတ်တမ်းတင်အတည်ပြုပေးတဲ့နေရာလို့ဆိုရင်လဲမမှားပါဘူး။
အဲဒီနှစ်မှာ ဘာဘန်းစကားခေတ်စားလဲ ခေတ်စားတဲ့စကားလုံး သင်္ကြန်မှအော်ကြတာပါဘဲ။
ဟိုအရင်ကတော့ “ ခွက်စုတ်လေးနဲ့ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့“တို့
“အပျိုပိန် ပိန်ရေ စိမ်ပက်တော့ အီကြာကွေး အီကြာကွေး “ဆိုတာခေတ်စားခဲ့သလို
“ အာလူးလာမပေးနဲ့ လေနည်းနည်းလျှော့“ဆိုတာကလည်းခေတ်စားခဲ့ဘူးပြန်ပါတယ်။
အခုခေတ်နောက်ပိုင်းမှာတော့ “သေပြီဆရာ”ဆိုတာခေတ်စားခဲ့ဘူးပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်မှာတော့ ကားတစ်စင်းနဲ့တစ်စင်းတွေ့တာနဲ့စိုင်းစိုင်းခမ်းလှိုင်သီချင်းဖြစ်တဲ့တောဂေါ်လီထဲက
“အိုးလေးလှုပ်ပါဟေ့”လို့အော်လိုက်ရင် တဖက်ကလဲ “အေးလို့ မလှုပ်နိုင်ဘူး”ဆိုပြီးပြန်အော်ကြပါတယ်။

တူးပို့နဲ့အီလက်ထရိုဗုံသံအပြောင်းအလဲ………………………..
မန်းသင်္ကြန်ဆိုတာ နှစ်ပေါင်းများစွာ မြို့မအဖွဲ့ရဲ့ မြနန္ဒာ တူးပို့ ညိုမြ ရွှေမန်းမာလာဆိုတဲ့သီချင်းသံတွေလွှမ်းနေခဲ့ပါတယ်။
မန်းလေးသားရေးတဲ့ထဲကဆိုရင်တော့ ဦးသန်းကြွယ်ရေးပြီး မန်းလေးသိန်းဇော်ပြန်ဖော်လို့ လူသိများလာတဲ့
“အိပ်မက်စေတမန်”သီချင်းတပုဒ်ရှိပါတယ်။
ထူးထူးခြားခြားဖောက်ထွက်နိုင်တဲ့သီချင်းတပုဒ်ကတော့ အကော်ဒီယံအုန်းကျော်ကိုယ်တိုင်ရေးကိုယ်တို်င်ဆိုဖြစ်တဲ့
“သိကြားမင်းက သိသွားရင်နော် မှတ်ချက်ယူသွားမှာ သတိထားပါ……………….”
စာသားလေးပါတဲ့ “ ပိတောက်လက်ဆောင်“သီချင်းဘဲဖောက်ထွက်နိုင်ပါတယ်။
နောက်တပုဒ်ကတော့ အဉ္စလီမောင်မောင်ရေးဖွဲ့တဲ့ “သင်္ကြန်မိုး”ဖြစ်ပါတယ်။
1980အလွန်မှာတော့ ရေနံ့သာစိုးလှိုင်ရေးဖွဲ့ပြီး
“ဒေလီမြင့်” ဆိုထားတဲ့ “ရေတွေရွဲကုန်ပြီ ရေတွေရွဲကုန်ပြီ လန့်လိုက်တာ အသဲကိုတုန်ရောရှင့် ဟောတော့”
ဆိုတဲ့သီချင်းရယ် “ရွှဲစိုအောင်ပက်လိုက်တော့ ချမ်းပါတယ်ခင်ဗျ……….သင်္ကြန်ရေတွေအေးပါတယ်ဆို သင်္ကြ်န်ရေကချမ်းပါတယ်ကွယ်” ဆိုတဲ့ “ချမ်းပါတယ် “သီချင်းလေးက မြန်မာပြည်သိန်းတန်အသံနဲ့ပျံ့လွင့်လိုလာခဲ့ပါတယ်။
မန်းလေးနေဝင်းဆိုတဲ့သီချင်းထုတ်လုပ်သူရဲ့စီစဉ်မူ့နဲ့“စိုးလွင်လွင်”ဆိုတဲ့ လူငယ်ကြိုက်နာမယ်ကြီးနေတဲ့လူငယ်လေးကလဲ သင်္ကြန်သီချင်းတစ်ခွေစာဆိုလိုက်တာ
“ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာ ရောက်ခဲ့ပြီ ဘယ်အရပ်သူဇာတိမှန်းလဲ မသိတော့အခက်တွေ့ပြီ” ဆိုတဲ့သီချင်းသံက မြန်မာတပြည်လုံးပျံ့နှံ့သွားခဲ့ပါတယ်။
ပြောင်းလဲသွားတဲ့ခေတ်ရေစီးပြောင်းလဲသွားတဲ့ ယဉ်ကျေးမှု့ ပြောင်းလဲသွားတဲ့ အနုပညာခံစားမှု့
ပြောင်းလဲသွားတဲ့လူငယ်တွေရဲ့အတွေးအမြင်ကြောင့် နှစ်ပေါင်းများစွာ သင်္ကြန်ကိုစိုးမိုးထားခဲ့တဲ့
တူးပို့ သံဟာ တဖြည်းဖြည်းနဲ့မှိန်ဖျော့ပျောက်ကွယ်လို့လာပါတယ်။
ရီးမစ်စ်တွေခေတ်စားတဲ့အချိန် ဗွီစီဒီတွေခေတ်စားတဲ့အချိန်ကစလို့
“သင်္ကြန်ရေ ……………အားလုံးဘဲအေးချမ်းကြပါစေ”
“ သင်္ကြန်ရောက်ရင် ကိုယ့်အသဲလေး ရေဆေး………………………..“
“ သင်္ကြန်ဒိုးလေး ဒိုးလေး ရေနန်းဗဟို…………………ဟေ့လာ မဏ္ဍပ်ရှေ့လာ………………………………“
“တုန်ဘူးဆို တုန်ဘူးဆိုပက်………………………… “
“အဖြူကတစ်မျုးိ အနီကတစ်မျုးိ ဒီမဏ္ဍပ်က အလှဆုံး……………………………. “
“ ဒီအနားမှာလာပါစားပါ ………………………….ကြည်စားသလား“
“ ဂိုက်ပေးကြမ်းတဲ့ကိုလူချောရေ…………………..အိုကေနားထား“

ဆိုတဲ့ပိတောက်နဲ့ရေနဲ့ မကင်းလွတ်သေးတဲ့သင်္ကြန်သီချင်းတွေကြားနေရပါသေးတယ်။
2000ခုနှစ်အလွန်ခေတ်များထဲက တစ်နှစ်မှာတော့
“ဆိုင်းသံကိုကြားရုံနဲ့ ရင်ထဲကမနေနိုင်ပေါင် ဆိုင်းကြိုက်တဲ့မောင်”ဆိုတဲ့မြန်မာသံစစ်စစ်အဆိုသံရယ်
မြန်မာဆိုင်းသံရယ် အီလက်ထရောနစ်ဗုံသံရယ်ပေါင်းစပ်လို့ မြူးကြွလန်းဆန်းနေတဲ့ ို
ရောသမမွှေလို့ အမည်ပေးထားတဲ့ ဂီတအသစ်က သားစိုး ဆိုတဲ့ မြန်မာဂီတပညာရှင်လူငယ်လေးက
ဖန်တီးလိုက်တဲ့ သီချင်းသံက သင်္ကြန်မှာ တူးပို့ နေရာမှအစားထိုးဝင်ရောက်သွားပါတယ်။
တစ်နှစ်ကတော့ ဘယ်သင်္ကြန်မဏ္ဍပ်မှာမဆို “ထူးလဲထူးတယ်မြုးလဲမြူးတယ်ဒို့ကိုကြီးကျော်”
ဆိုတဲ့ရောသမမွှေထားတဲ့သီချင်းက နေရာယူခဲ့ပြန်ပါသေးတယ်။
အရင်က မြန်မာဆန်ဆန် သင်္ကြန်သီချင်းနေရာမှာ
သံချပ်အစား တရို့ရို့နဲ့အော်တဲ့ ဟစ်ဟော့တွေကလဲနေရာယူပြန်ပါတယ်။

တစ်ခါက နာမယ်ကြီး မင်းသားကြီးက ပိတောက်နဲ့ရေ မပါတဲ့ သင်္ကြန်သီချင်းရေးပေးပါဆိုတော့
အားလုံးက မဖြစ်နိုင်ဘူူးလို့ငြင်းပယ်ခဲ့ပါတယ်။
အခု 2000ခုနှစ်ရဲ့ဆယ်စုနှစ်စွန်းစွန်းမှာ ပိတောက်နဲ့ရေမပါတဲ့ သင်္ကြန်သီချင်းတွေက သင်္ကြန်မဏ္ဍပ်တွေမှာနေရာယူနေကြပါပြီ။
မနှစ်ကတော့ အေပရယ်ကွင်းလို့ အမည်ရတဲ့ သင်္ကြန်ခွေထဲက အေသင်ချိုဆွေရဲ့
“ဒီမှာ တင်းတယ် တင်းတယ် ………………….တင်းတယ်ဟေ့” ကသင်္ကြန်မဏ္ဍပ်တိုင်းမှာ လွင့်ပျံ့နေခဲ့ပါတယ်။
2011သင်္ကြန်မှာရော အခုထွက်နေတဲ့အေပရယ်ကွင်းသင်္ကြန်ခွေထဲက
ကြားလား ပြောနေတာကြားရဲ့လားကဘဲ လွှမ်းမိုးနေမှလား
နန်းဆုရတီစိုးနဲ့ဆုပန်ထွာတို့ညီအမ သုံးယောက်တွဲဆိုထားတဲ့
” ဒို့က အပျိုကြီးလုပ်မှာ……….တို့က အပျိုကြီးလုပ်မှာ”က ဘဲ ခေတ်စားမလား မပြောတတ်တော့ပါဘူး။
သင်္ကြန်မှာတူးပို့ပျောက်ကွယ်သွားတာကို မိ်တ်ဆွေတစ်ယောက်ရဲ့မှတ်ချက်ကတော့
“ လူငယ်တွေက တူးပို့ တူးပို့ကို လက်မခံတော့တာမဟုတ်ပါဘူးကွာ။
သူတို့လေးတွေရဲ့ ရင်ခုန်သံက အီလက်ထရိုဗုံသံနဲ့မှ စီးချက်ညီနေလို့ပါ။
အမြန်ခေတ်လေကွာ”လို့ပြောဘူးပါတယ်။
သီချင်းတွေတင်ပြောင်းတာမဟုတ်ပါဘူး။
ရေပက်တဲ့ပုံစံတွေလဲအများကြီးပြောင်းလဲသွားပါတယ်။
ရှေးရှေးက သပြေခက်နေရေပက်ရာကနေ ငွေဖလားနဲ့ရေကစားကြပါတယ်။
ပြွတ်စုတ်လေးနဲ့ထိုးရာကနေ အခုအချိန်မှာ တရုပ်ပြည်ဘက် ကလာတဲ့ပုံစံမျုးိစုံနဲ့ထုတ်လုပ်ထားတဲ့
ပလပ်စတစ်ရေကစားစရာမျိုးစုံနဲ့ကလေးတွေရေဆော့ကြပါတယ်။
မြန်မာသင်္ကြန်ရဲ့စီးပွားရေးတစိတ်တဒေသကိုခေတ်နဲ့အမှီလိုက်ပြီး အပိုင်သိမ်းထားလိုက်တာပါဘဲ။
ဟိုးအရင်က ရေစုပ်စက်သေးသေးလေးတွေကို ရေပိုက်အသေးလေးတွေထပ်ခွဲလို့ မဏ္ဍပ်ပေါ်က ခပ်ကျဲကျဲလေး
ရေပိုက်နဲ့ထိုးရာကနေ ပြင်းအားကောင်းတဲ့ ရေတင်စက်တွေ မီးသတ်ပိုက်ခေါင်းတွေသုံးလို့ ကားပေါ်က
ရေပက်ခံထွက်သူကို အလဲအကွဲ သဲသဲမဲမဲဆော်တဲ့ခေတ်ရောက်သွားပြန်ပါတယ်.
အရင်က ကားနဲ့လည်မယ်ဆိုရင် စိတ်တူတဲ့သူငယ်ချင်းတွေစု ကျသင့်ငွေကို အချိုးကျထဲ့လို့ ဂျစ်ကားငှားလည်ရာကနေ
တစ်ရက်ဘယ်လောက် ဆိုပြီးဈေးနုှန်းတစ်ခုသတ်မှတ် သိသိ မသိသိ သကြ်င်္န်ရက်မှာအတူလည်တဲ့ခေတ်ကိုလဲရောက်ပါပြီ။
အရင်ကတော့ ကိုယ်နဲ့သိကျွမ်းရာမိတ်ဆွေရဲ့မဏ္ဍပ်မှာ ဘာကုန်ကျစားရိတ်မှမရှိဘဲ မဏ္ဍပ်က ဧည့်ခံတာကိုစားရေကစားပြီး
ပြန်ရတာကနေ မဏ္ဍပ်ပေါ်မှာရေးကစားချင်ရင် တစ်ရက်ဘယ်လောက်ဆိုတဲ့သတ်မှတ်ငွေနဲ့ရေကစားခွင့်လက်မှတ်တွေပေးဝယ်လို့ရနေပြန်ပါတယ်။
အဲတော့ လဲ မဏ္ဍပ်တစ်ခုထဲမှာမနေချင်သူက သင်္ကြန်သုံးရက် တစ်ရက် တစ်မဏ္ဍပ်လက်မှတ်ဖြတ်လို့ကဲသူတွေလဲရှိပါတယ်။
အရင်ခေတ်က သင်္ကြန်နဲ့အတူတွဲနေတဲ့ယမကာကို မှီဝဲချင်ရင် ကိုယ်ဘာသာကိုယ်သယ်ချင်ရင်သယ်
မသယ်ချင်ရင်လမ်းဘေးခွက်ပုံးဆိုင်လေးတွေမှာတွယ်ရတဲ့ခေတ်ကနေ
ဘီယာစတေရှင်တွေမှာ လမ်းဘေးကဆိုင်လေးတွေမှာ မဟာသင်္ကြန်ပွဲကို ဘီယာ ယမကာနဲ့တွဲလို့
ဇိမ်ကျကျ ဆင်နွဲနိုင်တဲ့ခေတ်ကိုရောက်နေပါပြီ။
ခေတ်တွေစံနစ်တွေဆိုတာ သူ့အလိုအလျောက်စီးမြောပြောင်းလဲနေတဲ့အတွက် တားဆီးပိတ်ပင်လို့တော့ မရနိုင်ပါဘူး။
ဒီတော့ ခေတ်သစ်ကိုလဲ လက်ခံ ရှေးမူလဲ မပျက်ပြန်ရအောင် ဘယ်လိုကြံကြမလဲဆိုတာကိုတော့အဖြေရှာဘို့လိုအပ်နေပါပြီ။
ဘာတွေဘဲပြောပြော မန်းသင်္ကြန်မှာ ကျွန်တော့်ရဲ့ ရင်ခုန်သံစီးချက်ကို မြန်အောင်ဖန်တီးခဲ့တဲ့
တူးပို့ တူးပို့ အသံလေးကိုတော့ လွမ်းနေဆဲ…………………………
မဖွင့်ပေမယ့် နားထဲမှာ တူးပို့ သံကိုကြားနေဆဲ……………………………………မှာဘဲ
အလှပြကားတွေက မဏ္ဍပ်က ထွက်ခါနီးအချိန်မှာ နုတ်ဆက်သလိုသင်္ကြန်နောက်ဆုံးနေ့မှာလဲ
သီချင်းလေးနဲ့နုတ်ဆက်တတ်ကြပါတယ်။
“နောင်နှစ်ကိုလဲ ဆီးလို့ ကြိုကွယ်မောင်ကြီးလာပါမယ်
ဒီနှစ်လိုဘဲ ဆီးလို့ကြို်ကွယ်မောင်ကြီးလာပါမယ်
ပြန်ပါအုံးမယ် ပြန်အုံးမယ် နုတ်ခွန်းဆက်ပါတယ်……………………………………………”
ဆိုတဲ့ နုတ်ခွန်းဆက် သီချင်းလေးလိုဘဲ သင်္ကြန်ဆိုတာကတော့ နောင်နှစ်စဉ်မပျက်မကွက်တည်ရှိနေအုံးမယ်ဆိူတာအသေအချာပါဘဲ။
တကယ်တော့ မြန်မာ့သင်္ကြန်ဆိုတာ တစ်နှစ်လုံးမှာမောပန်းနွမ်းလျသမျှတွေကို အေးမြအောင် သင်္ကြန်ရေနဲ့ ဆေးချ
တစ်နှစ်ပါတ်လုံးမွန်းကြပ်ပိတ်လှောင်သမျှကို အပျော်တွေနဲ့အော်ဟစ်လို့ဖောက်ခွဲပေါက်ကွဲပြလု့ိရတဲ့
အပူတွေကိုလျှော့ပါးစေတဲ့အချိန်သမယလဲဖြစ်ပါတယ်။
ဒီတော့ မန်းသင်္ကြန် မြန်မာသင်္ကြန်ကို ကိုပေါက်ကတော့ ပျော်ဘို့အတွက် မျှော်နေဆဲပါဘဲခင်ဗျာ။

(ပြီးပါပြီ)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

3 comments

  • manawphyulay

    March 30, 2011 at 12:49 pm

    ဒီလောက် ပျော်စရာကောင်းပြီး စည်တဲ့ မန်းသင်္ကြန်ကို တစ်နှစ်မှ မလာဖူးသေးဘူး။ လာချင်လိုက်တာ………….

  • search123

    March 31, 2011 at 10:12 am

    အခုခေတ် သင်္ကြန်သီချင်းတွေ ကို ခံစားလို့ကို မရတော့တာပါ…
    သင်္ကြန်အကြောင်း မပါ၊ရေပက်တဲ့ အကြောင်းမပါ။
    ဘာတွေဆိုနေလို့ ဆိုနေမှန်းကို မသိ။
    ဟိုအရင် က သင်္ကြန်နဲ့၊ သီချင်းတွေ ကို ပဲ တစ်ကယ်လွမ်းမိပါတယ်။

  • kopauk mandalay

    March 31, 2011 at 11:14 am

    တစ်ခါတစ်လေသင်္ကြန်ရက် အိမ်မှာရှိနေတဲ့အချိန် မဏ္ဍပ်က ဖွင့်နေတဲ့ခေတ်သီချင်းတွေကြားမှာ ရေဒီယိုကနေ
    အကော်ဒီယံအုန်းကျော်ရဲ့
    ပြုံးတော်မူပါ ရွှေမျက်နှာ…………………..ဆိုတာကြားမိရင် အလိုလိုလွမ်းလာသလိုပါဘဲ.

Leave a Reply