သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံတွင် မိခင်နှင့် မွေးကင်းစ ကလေးငယ် နှစ်ဦးစလုံး သေဆုံးရမှု အပေါ် သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ အာဏာပိုင်များက ဧပြီလ ၂၅ ရက်နေ့တွင် စုံစမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၁ ရက်နေ့က သျှမ်းသံတော်ဆင့်သတင်းဋ္ဌာန၏ အဆိုပါ သေဆုံးမှု  သတင်းဖေါ်ပြပါ အချက်အလက်များ မှန်ကန်မှု ရှိမရှိ နှင့် ပြည်ပသတင်းမီဒီယာသို့  သတင်းပေးပို့သူများကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်နေ ဒေါ်ခမ်းခင် (၃၅) နှစ်သည် နမ့်ခမ်းဆေးရုံတွင် ကလေးမွေးဖွားရန် ခွဲစိတ်မှုခံယူပြီး နောက် ယခုလ ၁၀ ရက်နေ့က သေဆုံးသွားပြီး နောက်တစ်နေ့ နံနက်တွင် မွေးကင်းစကလေးငယ်ပါ သေဆုံးမှုကို သတင်း ရေးခဲ့ခြင်း ဖြစ်သည်။

လားရှိုး မူစယ်နှင့် နမ့်ခမ်း ရဲသတင်းအထူးတပ်ဖွဲ့မှ ၄ ဦးခန့်ပါဝင်သည့် အာဏာပိုင်အဖွဲ့က သေဆုံးသူ၏ ခင်ပွန်းစိုင်းအိုက် ၀င်း အပါအ၀င် အောင်မေတ္တာ ရယကဥက္ကဋ္ဌနှင့် ဆေးရုံဝန်ထမ်းများကို နမ့်ခမ်းဆေးရုံတွင် ၎င်းနေ့နံနက် ၉ နာရီမှ ည ၉ နာရီအထိ ခေါ်ယူမေးမြန်းခဲ့ကြောင်း မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“သူတို့က(အာဏာပိုင်) သတင်းမှာပါတဲ့စာကိုမိတ္တူကူးပြီး အဲဒီမှာပါတဲ့အချက်တွေဟုတ်သလားလို့မေးတယ် မွေးလူနာ ခွဲစိတ်ဖို့ ကျပ်ငွေ ၅ သောင်းတောင်းတာ ဟုတ်သလား ဒီကိစ္စဘယ်သူသတင်းပို့လဲဆိုတာမေးတယ်” ဟု သူက ဆိုသည်။

မွေးလူနာခွဲစိတ်ရန် ကျပ်ငွေ ၅ သောင်းတောင်းခံခဲ့သည် ဆိုသည့်အပေါ် နမ့်ခမ်းဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်အုန်းကြည် နှင့် လက်ထောက် ဒေါက်တာရဲမြင့်မှလွဲ၍ ကျန်ဝန်ထမ်းအများစုက ဟုတ်မှန်ကြောင်းဝန်ခံခဲ့ပြီး သတင်းပေးပို့သည့် အကြောင်းကို မည်သူမျှမသိရှိကြောင်း ပြန်လည်ဖြေဆိုခဲ့သည်ဟု သူကဆိုသည်။

ယခုသေဆုံးရသည့် ဖြစ်ရပ် အပေါ် မသေသင့်ပဲသေဆုံးရခြင်းဖြစ်ကြောင်း မိသားစုဝင်နောက်တစ်ဦးက ပြောသည်။

“ခွဲတဲ့အချိန်လည်း တော်တော်ကြာတယ်လေ မနက် ၉နာရီကနေ ၁၂ နာရီအထိ ၄ နာရီလောက်ကြာတယ် ခွဲတော့မယ် ဆိုတော့ သူတို့ ငွေတောင်းတယ်လေ ငွေမပေးတော့ ခွဲမပေးချင်ဘူးလေ အဲလိုမျိုးဖြစ်တယ်လေ သူတို့ယောင်္ကျား က ဆေးရုံအုပ်ကို အိမ်မှာ သွားကြိုတာလည်း မင်းတို့ကားငါတို့မစီးချင်ဘူး အဲလိုပြောတယ်လေ ခွဲဖို့ထုံဆေးကထိုးထားပြီးပြီ သူတို့ အရေးမယူချင်ဘူးအဲလိုမျိုးပေါ့ ” ဟု သူက ပြောသည်။

အာဏာပိုင်များက စုံစမ်းမှုများပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်းသိရသည်။
အဆိုပါသေဆုံးမှု နောက်ပိုင်း နမ့်ခမ်းဆေးရုံတွင် မွေးလူနာရှင်များ ဗိုက်ခွဲမွေးခြင်းမပြုရန် ဆေးရုံဝန်ထမ်းများကိုယ်တိုင် ပြောဆိုနေကြောင်းသိရသည်။

Source : http://www.mongloi.org/

About Bayote

Bayote has written 395 post in this Website..