အမေရိကန်နိုင်ငံ၊ ကင်းဆတ်မြို့မှ အသက် ငါးနှစ်အရွယ် ကလေးတစ်ဦးသည် ၎င်းခံစားရသည့် ကင်ဆာရောဂါ ကုသနိုင်ရန် ၎င်းကြိုက်နှစ်သက်သည့် ကြောက်မက်ဖွယ် ဧရာမ တိရစ္ဆာန်ပုံ ၃၀၀ဝ ကျော်ကို ရေးဆွဲရောင်းချခြင်းဖြင့် ဆေးကုစရိတ် ရှာဖွေခဲ့သည်။ အသက် ငါးနှစ်အရွယ်ရှိ အိုင်ဒန်ရိဒ်သည် သွေးကင်ဆာကို ပြီးခဲ့သည့် စက်တင်ဘာ ၃၁ ရက်တွင် ဆိုးရွားစွာ ခံစားခဲ့ရခြင်း ဖြစ်သည်။ ရိဒ်သည် ဓာတုကုထုံး၊ ကျောရိုးဖောက် ကုသမှုနှင့် အခြား နာကျင်သည့် ကုသမှုများဖြင့် လပေါင်းများစွာ ကုသမှု ခံခဲ့ရသည်။ ရောဂါကုသမှု ကုန်ကျစရိတ်အတွက် ရိဒ်သည် ကြောက်မက်ဖွယ် ဧရာမ တိရစ္ဆာန်ပုံ ၃၀၀ဝ ကျော်ကို ရေးဆွဲရောင်းချပြီး ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏မိဘများသည် သားဖြစ်သူ၏ ရောဂါဝေဒနာကြောင့် ဝမ်းနည်းပက်လက် ဖြစ်ခဲ့သော်လည်း ကျွမ်းကျင်ပညာရှင်များက အိုင်ဒန်ရိဒ် ခံစားနေရသည့် ကင်ဆာရောဂါသည် ၉ဝ ရာခိုင်နှုန်း ကုသ၍ ပြန်လည် ပျောက်ကင်းမည့်ရောဂါ အဖြစ် မျှော်လင့်ချက်ပေးခဲ့သည်။ သို့သော်လည်း ရိဒ်၏မိဘများသည် ဆေးကုသမှု ကုန်ကျစရိတ် မြင့်တက်မှုနှင့် ကြုံတွေ့ခဲ့ပြီး ဆေးကုသမှု စရိတ်ပေးရန်အတွက် နေအိမ်ကို ရောင်းချရန် ဈေးကွက်တင်ခဲ့ကြောင်း သိရှိရသည်။ ရိဒ်က တိရစ္ဆာန်ပုံများ ရေးဆွဲရောင်းချ၍ ဆေးကုစရိတ် ရှာကြံခဲ့ရာမှ အိမ်ကို ရောင်းချရန် မလိုအပ်တော့ခြင်း ဖြစ်သည်။ ရိဒ်သည် ယင်းပုံများကို ဆေးရုံတွင် ဆေးကုသမှု ခံရစဉ်အတွင်း ၎င်းကုတင်ပေါ်တွင် ပုံကြမ်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ၎င်းရေးဆွဲသည့်ပုံများ ရောင်းချခဲ့ရာတွင် အံ့ဩဖွယ် ကောင်းလောက်အောင် စုစုပေါင်း ဒေါ်လာ ၃၀၀၀ဝ ကျော် ရရှိခဲ့ပြီး ပုံဝယ်ယူခဲ့သူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

www.friendmyanmar.com

About မမေလး

has written 129 post in this Website..