သတင်းစာတွေမှာ အမွေပြတ် စွန့်လွှတ်တဲ့ သတင်းတွေ တွေ့လို့ တွေးမိ မြင်မိတာလေး ရေးလိုက်တာပါ။

အမွေဖြတ် တာတွေကြည့်ရင် အများအားဖြင့် မိဘ သဘောမတူတဲ့ သူကိုယူတာနဲ့ ငွေကိုဖြုန်းလို့ ဆိုတာတွေ့ ရတယ်။

လုပ်ငန်းရှင် သူဋ္ဌေးတစ်ယောက် တွေ့ဘူးတယ်။ သူ့စီးပွားရေး လုပ်ငန်းကလည်း တော်တော်အောင်မြင် ပါတယ်။ သူ့သားတစ်ယောက်က မိန်းကလေး တစ်ယောက်နဲ့ ကျောင်းမှာကတည်းက ရည်ငံနေကြတယ်။ သူ့သား ကျောင်းပြီးတော့ သူ့ရည်စားနဲ့ အိမ်ထောင်ပြုဖို့ မိဘကိုဖွင့်ပြောတယ်။ အဖေဖြစ်သူက သဘောမတူဘူး။ အဓိက  အကြောင်းကတော့ မိန်းကလေးဖက်က ငွေကြေးမပြည့်စုံမှု့ ကြောင့်ပေါ့။ သူ့သားကလည်း မိန်းကလေးနဲ့ မခွဲနိုင်တော့ ခိုးပြေးတာပေါ့။ အဲ့ဒီမှာ အဖေဖြစ်သူမှာ ဒေါသပေါက်ကွဲပြီး ချက်ချင်း အမွေပြတ် စွန့်လွှတ်ကြောင်း ကြေငြာပါတော့တယ်။

နောက်တစ်ဦးလည်း တွေ့ဘူးတယ်။ သူက ဌာနတစ်ခုမှာ အရာရှိကြီးပါ။ သူ့သားတစ်ယောက်က ဘွဲ့ရပညာတတ် တစ်ယောက်ပါပဲ။ ဒါပေမယ့် သူက အခုခေတ် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လို့ခေါ်တဲ့ ဘောလုံး၊ နှစ်လုံးထီ၊ ချဲထီ လောင်းတာ ၀ါသနာ ပါတယ်။ အဲ့ဒီ လောင်းကစားနည်း တွေကလည်း နည်းနည်းလောင်းတဲ့ သူတွေသာ လက်ငင်းပိုက်ဆံ ပေးပြီး လောင်းကြတာ။ များများလောင်းတဲ့ သူတွေကြတော့ ယုံကြည်မှု့နဲ့ တစ်ပါတ်လုံးပြီးမှ စာရင်းရှင်းကြတာ။ ပထမတော့ သူ့ဟာသူ အဆင်ပြေနေတယ်။ နောက်တော့ ရှုံးပြီးအကြွေး မရှင်းနိုင်တော့ ဒိုင်က အိမ်လိုက်တောင်း တာပေါ့။ အဲဒီတော့ မိဘတွေကလည်း မျက်နှာပျက် သိက္ခာကျ မှာစိုးတာနဲ့ ရှင်းပေးလိုက်တာပေါ့။ အဲဒီလို အိမ်ကရှင်းပေးရတာ ခဏခဏပဲ။ ဒိုင်တွေကလည်း အိမ်ကရှင်းပေးမှန်းသိတော့ သူလောင်းချင်သလောက် ပေးလောင်းတယ်။ နောက်ဆုံး တစ်ခေါက်ကျတော့ သိန်းရာနဲ့ ချီသွားတယ်။ အဲဒီလောက်များတော့ အိမ်ကလည်း မရှင်းပေးတော့ဘူး။ သားကို အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာမှာ ကြေငြာထည့်တယ်။ သားကလည်း ခဏရှောင်နေပြီး နောက်တော့ အိမ်ပေါ်ပြန်တက် နေတာပဲ။

ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူဆိုရင် အလွယ်တကူ အမွေပြတ် စွန့်လွှတ်လို့ မရဘူးလို့ မှတ်သားဘူး ပါတယ်။ မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ ဥပဒေက အတူတူ ပါပဲ။ သားသမီး ဖြစ်သူဟာ မိဘကို ရန်သူလို ဆဲဆို၊ ရိုက်နှက်၊ စော်ကားတာကို ဘေးပတ်ဝန်းကျင်က သက်သေရှိမှ အမွေပြတ်စွန့်လွှတ်ကြောင်း ရုံးကိုလျှောက်ထား ရတယ်လို့ မှတ်သားရဘူး ပါတယ်။ ဒါကြောင့် တစ်ချို့က သူ့ပိုင်ဆိုင်တာကို သူပေးချင်သူကို ပေးလို့ရအောင် မသေမှီ ဘာသာပြောင်းပြီး သေတမ်းစာနဲ့ လွှဲခဲ့ကြတယ် လို့သိရတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ အနုပညာရှင် တစ်ယောက်လည်း ဒီလိုမျိုး လွှဲခဲ့ဘူးတယ်လို့ ကြားဘူးတယ်။

အခု သတင်းစာက ကြေငြာတွေကို တွေ့တော့ ဒါတွေမသိ လို့လား။ ဒါမှမဟုတ် ဘာကြောင့်များ ကိုယ့်သိက္ခာ ကိုယ်ချပြီး ကြေငြာနေကြ တာလဲလို့ စဉ်းစားကြည့်မိ ပါတယ်။

About nagargyi

has written 12 post in this Website..