proxy fight


ဒီနေ့ ဘီဘီစီ၊ အာရ်အက်ဖ်အေ သတင်းတွေမှာ အမေရိကန် ဒြုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာစစ်တပ် နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်ရင် အမေရိကန်ဖက်က ဘားမားဆိုတဲ့ နာမည်အစား မြန်မာလို့ခေါ်ဝေါ်သုံးစွဲဖို့ တောင်းဆိုတယ်လို့ မြန်မာတိုင်းမ်းဂျာနယ်ကို ကိုးကား ဖေါ်ပြထားတာ တွေ့ပါတယ်။ တိုင်းပြည်အမည်နဲ့ပတ်သက်ပြီး အငြင်းပွားနေတာ ကြာပါပြီ။ ကိုယ့်အသက်အရ သိမှီတာကိုပြောပါဆိုရင် ၁၉၈၈ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ကထဲကပါ။ တရားဝင်အမည်ကို ပြည်ထောင်စု ဆိုရှယ်လစ် သမတ မြန်မာနိုင်ငံကနေ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောင်းခဲ့တယ်ထင်ပါတယ်။ အခုတော့ ပြည်ထောင်စု သမတ မြန်မာနိုင်ငံ ဖြစ်မှာပေါ့လေ။ အနောက်တိုင်း သိုးဆောင်းစကားနဲ့ဆိုရင် အရင်က Burma နောက်ပိုင်းမှ Myanmar ပြောင်းခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်အမည်တောင် ကွဲကွဲပြားပြား မသိဘူးလားလို့ အပြစ်တင်လည်း ခံရမှာပါပဲ။ ကုလားကြီးနဲ့ အရာကြီးဖြစ်လို့ စိတ်မဝင်စားပါဘူး။
စစ်အစိုးရ အတိုက်အခံများနဲ့ အနောက်တိုင်းအစိုးရများက ဘားမားလို့ အာဏာမသိမ်းခင်ကအတိုင်း ဆက်ခေါ်ပါတယ်။ တရုပ်၊ အာစီယံ၊ ဂျပန်နဲ့ စစ်အစိုးရနဲ့ ပလဲနံပါတ်သင့်သူများ၊ ရူးချင်ယောင် ဆောင်သူများ၊ ခြံစီးရိုးခွထိုင်သူများက မြန်မာလို့ပြောင်းလဲခေါ်ပါတယ်။ ပြည်သူအများစုကတော့ ဘာခေါ်ခေါ် သိပ်ဂရုစိုက်မယ် မထင်ပါဘူး။ သူတို့လိုလားတဲ့ ခေါင်းဆောင်၊ ပါတီက ဒီလိုကောင်းသဟေ့ဆို ကောင်းလိုက်မှာပါဘဲ။ အများစုကို အနည်းစုက ထိန်းချုပ်တာ နိုင်ငံတိုင်းမှာ ဖြစ်နေကြပါ။ ပြည်တွင်းမှာ အခြေအနေအရပ်ရပ်ကြောင့် မြန်မာလို့ ခေါ်နေရတာကိုတော့ နားလည်ပေးရပါမယ်။
နိုင်ငံရေးနိုးကြားမှု မရှသူများအတွက်တော့ ပြသနာမရှိပေမဲ့ ကွက်ကျော်နိုင်ငံရေးမှာတော့ အရေးပါတဲ့ ကိစ္စတရပ်ပါ။ နိုင်ငံရေးလက်ဦးမှုနဲ့ ဆိုင်ပါမယ်။ စစ်တပ်အာဏာသိမ်းအပြီးမှာ တိုင်းပြည် သယံဇာတတွေကို တရုပ်၊ ထိုင်း၊ စင်္ကာပူတို့ကို ထိုးကျွေးပြီး ဒေသဆိုင်ရာနိုင်ငံများရဲ့ အသိအမှတ်ပြုမှုကိုယူတယ်။ အစိုးရတရပ်ရဲ့ နောက်ဆက်တွဲ တည်ရှိမှုအနေနဲ့ သူအုပ်ချုပ်ရာ တိုင်းပြည်အမည်နာမက အရေးကြီးလာပါတယ်။ ဒေါ်စုနဲ့ အတိုက်အခံတွေက သူတို့ရဲ့တရားဝင်မှုကို အသိအမှတ်မပြုတဲ့အနေနဲ့ မူလအမည်အတိုင်း ဆက်သုံးပါတယ်။ တချို့ပညာရှင်တွေပြောတာ မြန်မာဆိုတဲ့ နာမည်ကပဲ မူလအခေါ်ဘားမားထက် ပိုရှေးကြတယ်၊ ပိုမှန်တယ်လို့ ရေးတာတွေလည်းရှိတယ်။ ဘားမင်ဆိုတဲ့ အသုံးအနှုန်းလည်း ကြားဖူးပါတယ်။
စစ်အစိုးရက မြန်မာဆိုတဲ့အခေါ်အဝေါ် တွင်ကျယ်ဖို့ စီမံချက်ချ ဆောင်ရွက်ပါတယ်။ ဗမာ၊ ဘားမား ဝေါဟာရပါရင် စာစောင်တွေမှာ ငွေမှင်နဲ့အဖျက်ခံရတဲ့အထိ ပြင်းထန်ခဲ့ဖူးပါတယ်။ စာပို့စနစ်မှာဆိုရင်လည်း လိပ်စာတပ်တဲ့အခါ ဘားမားလို့များပါခဲ့ရင် စာပြန်အပို့ခံရတာ၊ စာဖျောက်ဖျက်တာ လုပ်ပါတယ်။ တချိန်မှာဆို Myanmar (Burma) လို့ သုံးရင်တော့ သတ်မှတ်ထားတဲ့ ဘောင်မဝင်ပါဘူး။ နိုင်ငံတကာ ထုံးစံအရ အာဏာ လက်ဝယ်ရှိသူကို အစိုးရလို့ လုပ်နိုင်ကိုင်နိုင် ထိတွေ့ဆက်ဆက်နိုင်အောင် သတ်မှတ်ထားလို့ မြန်မာစစ်အစိုးရ ကို defecto အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့အစိုးရလို့ သတ်မှတ်ထားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ မြန်မာလို့ အက္ခရာစဉ်အလိုက် ထည့်သွင်းပေးပါတယ်။ ယူအက်စ်အစိုးရနဲ့ဆိုင်တဲ့ ကိစ္စတွေမှာတော့ ဘားမား လို့ပဲ ရှာမှရပါတယ်။ ဥပမာ ဒီဗွီကံစမ်းမဲ။ စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေကတော့ ဘားမားလို့ အသိများပေမဲ့ အများစုက နှစ်မျိုးစလုံး မသိကြပါဘူး။ ဘားမားဆိုရင် ဘဟားမား၊ ပနားမား၊ အယ်လ်ဘားမား စတဲ့ တိုင်းပြည်၊ ပြည်နယ်တွေနဲ့မှားသလို မြန်မာဆိုလည်း မကြားဘူးလို့ ရမ်းသမ်းပြီး မလေးရှားထင်သူ အများကြီး ရှိပါတယ်။
ပြည်ပမှာ သာမန်အားဖြင့် ဘားမားလို့ခေါ်ရင် အတိုက်အခံ၊ ဒီမိုကရေစီလိုလားသူ၊ မြန်မာဆိုရင် စစ်အစိုးရလူလို့ ခွဲနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားများနဲ့ ဆွေးနွေးတဲ့ အခါမျိုးတွေမှာပါ။ နိုင်ငံရေး စိတ်မဝင်စားသူများကတော့ မြန်မာလို့အလွယ် သုံးပါတယ်။ ကျနော်တို့လည်း ကိုယ့်အချင်းချင်းဆို မြန်မာလို့ အသုံးများပါတယ်။ မိတ်ဆွေ တိုင်းရင်းသားများလည်း မြန်မာလို့ အရောင်အသွေးမပါ သုံးလေ့ရှိပါတယ်။ တိုင်းပြည်မှာ မှီတင်းနေထိုင်သူအားလုံးက ကိုယ်နဲ့ဆိုင်တယ်လို့ သတ်မှတ်လို့ အားလုံးကိုခြုံငုံ ကိုယ်စားပြုတဲ့ နာမည်ကို ကြိုက်တာ မဆန်းပါဘူး။
စစ်အစိုးရအဆက်ဆက်ရဲ့ ဆင်ခြေကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အားလုံးကို ကိုယ်စားပြုတဲ့ နာမည်ကိုသုံးရတာပါ။ လက်တွေ့မဆိုထားနဲ့ သူတို့အပြောမှာပဲ တမျိုးနဲ့တမျိုး မညီတာတွေ အများကြီးပါ။ ဥပမာ -အာဏာသိမ်းပြီးတော့ နိုင်ငံ၊ အစိုးရအမည်ကို ပြောင်းတယ်၊ နိုင်ငံအလံ၊ အစိုးရအဖွဲ့ အမှတ်တံဆိပ်တွေကျတော့ မဆလလက်ထက် အတိုင်းပါ။ နိုင်ငံရေးအရ ငါတို့သည် အပေါ်ယံကြောသာ ပြောင်းရတာ၊ အနှစ်သာရအားဖြင့် မူလအတွေးအခေါ်၊ မူလသခင်၊ မူလအကျင့်အကြံအတိုင်းလို့ စိတ်ဓာတ် ရေးရာ ထိန်းချုပ်ထားတယ်လို့ ယူဆနိုင်ပါတယ်။
တကယ်လည်း သက်ဆိုင်ရာ ပြည်နယ်၊တိုင်း ဥက္ကဌတွေက မဆလလက်ထက် ဒေသဆိုင်ရာပါတီ ကော်မတီ ဥက္ကဌရာထူးပါယူထားတဲ့ စစ်တိုင်းမှူးတွေပါ။ ပထစ ပါလီမန်ခေတ်မှာ ရွေးကောက်ပွဲအနိုင်ရ ပါတီကိုယ်စားလှယ်တွေကို လွှတ်တော်အမတ်လို့ သုံးပါတယ်။ မဆလ လက်ထက်ကျတော့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားပါတယ်။ ဆိုရှယ်လစ်လူ့ဘောင်သစ် တည်ဆောက်တဲ့အခါ ခေတ်နဲ့မညီတဲ့ အတွေးအခေါ်ဟောင်းတွေကို စွန့်ပယ်ခဲ့တာလို့ အကောင်းမြင်နိုင်ပါတယ်။ အခေါ်အဝေါ်တင် နိမ့်သွားတာ မဟုတ်ပါဘူး၊ လုပ်ပိုင်ခွင့် အာဏာတွေပါ မရှိတော့တာပါ။
စစ်တပ်အစိုးရ လက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ အသုံးအနှုန်းအတိုင်း ဆက်လက် သုံးစွဲပါတယ်။ ပြောစရာရှိတာ ခေတ်နဲ့ညီအောင် လုပ်တာဆိုရင် နိုင်ငံခြားတိုင်းပြည်မှာ အစိုးရကိုယ်စားပြုရန် စေလွှတ်ခန့်အပ် ထားခံရသူများကြတော့ ဘာလို့ သံအမတ်လို့ သုံးနေရတာလဲ။ သံကိုယ်စားလှယ် မဖြစ်သင့်ဘူးလား။ ကိုယ့်လူအမတ်ဖြစ်မှ ဘိက်သိက်ခံ နန်းတက်လို့ရမယ်ဆိုတဲ့ ဗေဒင်နမိတ်ကြောင့်လား၊ အစီအစဉ်ရှိရှိနဲ့ နိုင်ငံရေးအမြတ်ထုတ်နေတာလား ဆိုတာ စဉ်းစားစရာပါ….

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး