အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း(၁၃)
သောမတ်စ် ဇနီးမောင်နှံ နှစ်ယောက် ကျွန်တော့် မွေးစားတဲ့ကိစ္စအတွက် စာရွက်စာတန်း ဘာညာတွေပြီးအောင်လုပ်ရတာ နှစ်လလောက်
ကြာသွားတယ်။ကျွန်တော့်ကို အိမ်ခေါ်သွားပြီး ၃ရက်လောက်ပဲရှိဦးမှာ။ခရစ်ယာန်ထုံးစံအရ ကင်ပွန်းတပ်မင်္ဂလာလေးတောင် မပြုရသေးဘူး ၊မစ္စတာ
သောမတ်စ်တစ်ယောက် သူ့မိန်းမ အလိုပြည့်သွားတဲ့ အကြောင်းသိသွားပါရောဗျို့။ဘယ်ကသာ..ကျွန်တော့်မွေးစားလို့ အလိုပြည့်သွားတာမဟုတ်ဘူး
ဗျ။သူ့မိန်းမ အလိုကို ဖြည့်ပေးတဲ့သူက မူဆလင် လူကြီးလူကောင်းတစ်ယောက်ပဲ။မတ်စတန် ရှိတ်ခ် တဲ့။သူက အမျိုးသမီး အဝတ်အစားတွေ ချုပ်တဲ့
လူ။အထူးသဖြင့် စကတ်တိုတိုလေးတွေဆို သူချုပ်တာ တော်တော်ကောင်းဆိုပဲ။မစ္စစ် ဖီလိုမီနာ က အဲဒီငနဲကြီးနဲ့လိုက်ပြေးသွားတာ။
သူ့ယောက်ျားနဲ့ မွေးစားသား အသစ်စက်စက်လေးကို ထားခဲ့ပြီး ခြေရာ ဖျောက်သွားခဲ့တာပေါ့ဗျာ..။ပြောကြတာတော့ ဘိုပယ်လ်
ဘက်ပြေးသလိုလိုဆိုလားပဲ။ခုများတော့ဘယ်သောင် ဘယ်ကမ်း ဆိုက်နေမလဲဆိုတာ မသိတော့ပါဘူး။
မစ္စတာသောမတ်စ် ဒါလည်း သိရော ဒေါသတွေ အလိပ်လိပ်ထွက်လာတာပေါ့။ကျွန်တော့်ကို ပုခက်ထဲကနေ ဆွဲခေါ်လာပြီး ဘုန်းတော်
ကြီးရှေ့ ဘုတ်ခနဲချပြီး-
“ဖာသာ..ဒီကလေးက ကျွန်တော့်အတွက် ဂြိုဟ်ကောင်လေးပဲဗျ။သူ့ကိုမွေးစားဖို့ ဖာသာ ကျွန်တော့်ကို အတင်းတိုက်တွန်းခဲ့တာနော်။
ကဲဗျာ..အခုဒီကောင်လေးကို ဘယ်လိုလုပ်မလဲဆိုတာ ဖာသာ စဉ်းစားပေတော့”
ဖာသာတီမိုးသီ အာမင် လို့တောင်မပြောရသေးဘူး ဒေါမနစ်သောမတ်စ် တစ်ယောက် ဘုရားကျောင်း အပြင်ဘက်ထွက်သွားပြီ။သူ့ကို
လက်ထဲမှာ ပြောင်းချောသေနတ်တစ်လက်ကိုင်ပြီး ဘိုပယ်လ် သွားမဲ့ ရထားလက်မှတ်ဝယ်နေတာ နောက်ဆုံးတွေ့လိုက်ကြတာလို့ပြောကြတာပဲ။
အဲဒီတော့ဗျာ..ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော်က ဖာသာတီမိုးသီရဲ့ တာဝန်ဖြစ်သွားတော့တာ။သူက ကျွန်တော့်ကို အစာလည်းကျွေး၊နေ
ရာလည်းပေးတယ်။နာမည်တောင် ပေးသေးတယ်။ ဂျိုဇက် မိုက်ကယ် သောမတ်စ်တဲ့။ခရစ်ယာန် ထုံးစံအရ ဘာနှစ်ခြင်း ဖျန်းခြင်းမင်္ဂလာ အခမ်း
အနားမှ မလုပ်ပါဘူး။ခြောက်ရက်အတွင်းမှာ ကျွန်တော် ဂျိုးဇက်မိုက်ကယ်သောမတ်စ် ဖြစ်သွားတာပဲဗျ။
ခုနစ်ရက်မြောက်နေ့မှာတော့ ဖာသာ တီမိုးသီဆီကို လူနှစ်ယောက်ရောက်လာတယ်။ကွတ်ရ်သာ နဲ့ချည်ဘောင်းဘီပွပွဝတ်ထားတဲ့ လူ
ဝကြီးတစ်ယောက်ရယ်၊ဒူးဖုံးတဲ့ ရင်စေ့ကုတ်အင်္ကျီလက်ရှည်ဝတ်ထားတဲ့ ပိန်ပိန်ပါးပါး မုတ်ဆိတ်နဲ့လူတစ်ယောက်ရယ်။
“ကျွန်တော်တို့ သဒ္ဓါထက်သန် ကော်မတီကပါ” လူဝကြီးက စပြောတာ။
“ကျွန်တော် နာမည်က မစ္စတာဂျာဒစ်ရှားမား ပါ။သူကတော့ အီနာရတ် ဟီဒရာတူလာ။ကျွန်တော်တို့ တတိယဘုတ်အဖွဲ့ဝင်လူကြီး
ဖြစ်တဲ့ ဆစ်ဘာသာရေးကိုယ်စားလှယ် မစ္စတာ ဟာဗင်ဒါ ဆင်း လည်းပါလာမလို့ပဲ။ဒါပေမဲ့ သူက ဂုရုဒွါရမှာ ကျန်ခဲ့တယ်ဗျ။ကျွန်
တော်တို့နှစ်ယောက်ကတော့ ဒီကို တန်းလာခဲ့တာ။ကျွန်တော်တို့ကြားတာ မိဘမဲ့ ကလေးလေးတစ်ယောက်ကိုခေါ်ထားတယ်ဆို။”
“အင်း..ဟုတ်တယ်။ဒီကလေးရဲ့ မွေးစားမိဘတွေက ကျွန်တော့်လက်ထဲထားပြီး ထွက်သွားကြတာပဲ။”
ဖာသာ တီမိုးသီ ပြောသာပြောနေရတာ၊ဒီလူတွေလာရတဲ့အကြောင်းကို စဉ်းစားလို့မရသေးဘူး။
“ဒီကလေးကို နာမည် ဘယ်လိုပေးထားလဲ”
“ဂျိုးဇက် မိုက်ကယ်သောမတ်စ် တဲ့”
“အဲဒါ..ခရစ်ယာန် နာမည် မဟုတ်ဘူးလားဗျ”
“ဟုတ်တယ်လေ..ဒါပေမဲ့..”
“သူ့မိဘတွေ ခရစ်ယာန်တွေမှန်း ခင်ဗျားသိလို့လား”
“အင်း..မသိဘူး”
“ဒါဆို ဘာလို့ ခရစ်ယာန် နာမည်ပေးလဲဗျ”
“အာ..သူ့ကို နာမည်တစ်ခုခုတော့ ပေးရမှာပေါ့ဗျ..ဂျိုးဇက်မိုက်ကယ်သောမတ်စ် ဆိုတာ ဘာဖြစ်နေလို့လဲ”
“ဖြစ်နေတာတော့ အကုန်ပဲ..ဖာသာ ခင်ဗျား မသိဘူးလား ..ဘာသာပြောင်းတဲ့ ကိစ္စတွေကို အပြင်းအထန် ဆန့်ကျင်နေကြတာလေ။
ခရစ်ယာန် ဘုရားကျောင်း တော်တော်များများတော့ မီးရှို့ခံလိုက်ရတယ်။ပေါက်ကွဲနေတဲ့ လူရမ်းကားတွေပေါ့ဗျာ။ခရစ်ယာန်ဘာသာ
ပြောင်းမယ်ဆို ဒီဘုရားကျောင်းတွေထဲ လုပ်ကြတာမို့လား”
“နို့..သူ့ကို ကျုပ်က ဘာသာပြောင်းပေးတာမှ မဟုတ်တာ”
“ဒီမယ် ဖာသာ..ကျွန်တော်တို့ကို ခင်ဗျား ဘာမှ ဖုံးမထားဘူးဆိုတာ သိပါတယ်ဗျာ..။ဒါပေမဲ့ ပတ်ဝန်းကျင်မှာတော့ ခင်ဗျားက
ဟိန္ဒူကလေး တစ်ယောက်ကို ဘာသာပြောင်းပေးလိုက်တယ်လို့ စကားထွက်နေတာပဲ။”
“ဒီကလေး ဟိန္ဒူမှန်း ခင်ဗျား ဘယ်လိုသိလဲ”
“အဲဒါ ပြဿနာမဟုတ်ဘူးဗျ..။မနက်ဖြန်ဆို စဉ်းစားဉာဏ်မရှိတဲ့ ငမိုက်သားတစ်စုက ခင်ဗျား ကျောင်းကို မြေလှန်ရှာတော့မှာ..
အဲဒီကိစ္စတွေ ပြေလည်အောင်ရှင်းဖို့ ကျုပ်တို့လာခဲ့တာပဲ.. သိပြီလား။”
“ဒါဆို ခင်ဗျားတို့ကျုပ်ကို ဘာလုပ်စေချင်လဲ”
“ကျွန်တော်တို့ကတော့ ကလေးနာမည်ကိုပြောင်းစေချင်တာပဲ”
“ဘယ်လိုပြောင်းရမှာလဲ”
မစ္စတာရှားမားက-
“အဲဒါဆို..ကလေးကို ဟိန္ဒူနာမည်လေးပေးလိုက်ရင် မဆိုးဘူးဗျ။လှည့်ကွက်ကလေးပေါ့..။ ရမ် လို့ပေးရင်မကောင်းဘူးလားဗျာ..၊
ကျွန်တော့်တို့ အင်မတန် နှစ်သက်တဲ့ နတ်ဘုရားနာမည်ပဲ။”
မစ္စတာ ဟီဒရာတူလာက ခပ်ဖြေးဖြေး ချောင်းတစ်ချက်ဆိုးလိုက်ပြီး..
“ဒီမှာ မစ္စတာ ရှားမား ရဲ့ ကျုပ်တို့ ကုလားကြီးနဲ့ အရာကြီး ပြောင်းသလိုမျိုး လုပ်နေတာမဟုတ်ဘူးနော်..အဲ..ကျုပ်ပြောချင်တာက
ဒီကလေးက ဟိန္ဒူလေးပါဆိုတာ ဘယ်လိုသက်သေပြမလဲ။သူက မူဆလင်လေးလဲ ဖြစ်ချင်ဖြစ်မှာ။ဒါ့ကြောင့် သူကို မိုဟာမက် လို့
မခေါ်သင့်ဘူးလားဗျ။”
သူတို့နှစ်ယောက် သူတို့ အမြင်နဲ့သူတို့ မိုဟာမက်က ကောင်းတယ်..၊ရမ်က ကောင်းတယ်နဲ့ ငြင်းခုန်နေတာ နာရီဝက်လောက်ကြာမယ်။
နောက်ဆုံး ဖာသာတီမိုးသီ လက်လျှော့လိုက်တယ်။
“ဒီမှာဗျာ..ကလေးနာမည်လေး ပြောင်းရုံနဲ ့ ဒီလူရမ်းကားတွေ နောက်ဆုတ်သွားမယ်ဆို ကျွန်တော်ပြောင်းပါ့မယ်။ခင်ဗျားတို့နှစ်ယောက်
လုံးရဲ့ အကြံဉာဏ်ကို လက်ခံပြီး ကလေးနာမည် ကို ရမ် မိုဟာမက် သောမတ်စ် လို့ပြောင်းလိုက်မယ်ဗျာ..ကိုင်း ဘယ့်နှယ်လဲ။လူတိုင်း
ကြိုက်ရောပေါ့။”
အဲဒီနေ့က မစ္စတာ ဆင်း(ဂ်) မလာတာကျွန်တော့်အတွက် ကံကောင်းတာပဲ။