ဖတ်မိဖတ်ရာ တွေးမိတွေးရာ နေရင်းကနေ ရွာထဲက လူတွေနဲ့ လေကန်နိုင်ဖို့ ခေါင်းစဉ်တစ်ခုပေးထားတယ်နော်ဗျ

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဆရာအောင်သင်းသည် ၁၉၅၈  ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့သည်။

ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေးစာပေများ ရေးသားနေဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေဟောပြောပွဲများကိုလည်း လိုက်လံဟောပြောနေသည်။

ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ်ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များအပေါ်ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

(မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)

ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။

aungthin“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က
နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဘက်က။ ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့သူ သူ့အုပ်ချုပ်ရေးနဲ့သူ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လိုဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက
ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့်မရဘဲနဲ့”

၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ်ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

“ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုးသွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ကိုက်အောင် ပညာရေးကလုပ်။ အထက်တန်းထိအောင်ကတော့ ပညာရေးဝန်ကြီးဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”

အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။

“အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကိုလည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”

လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။

“ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလိုဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”

အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။

“ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည်လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည်တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက်ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက်ပေးသလဲ ကျနော်မသိဘူး”

ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့
ဝေဖန်ကြတဲ့ အပေါ်မှာကော။

“ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေးစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”

သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေစနစ် ဆိုပြီးတော့
ပြောကြဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေးစနစ်ကို အလေးပေးလဲ။

“တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေးစနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာမဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်းကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေးတတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”

သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။

“အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ရုပ်ပုံကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”

ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော်တယ်လို့ ကြားပါတယ် အဲဒီအပေါ်မှာကော။

“ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့်တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ်ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက်ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”

ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။

“အရင်တုန်းကတော့ ရ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြလုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းကဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကိုအရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေးအရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆိုကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”

တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ
မျှော်မှန်းလို့ရနိုင်လဲ။

“အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီးတွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေရှိတယ်။ အဲဒီဝန်ကြီးချုပ်တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစားလာကြလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံးအချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”

ပြည်ထောင်စု အစိုးရအပေါ်မှာကော။

“ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ၊ ကျေးလက်ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီးဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”

ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ်ဖွင့်လဲ။

“ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”

“အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်းမရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုးသိလို့ပေါ့”

အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။

“ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက်မပြောဘူး။ ဘဝဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုးထားတာဟာ ဘဝကို တန်ဖိုးထားတာပဲ။ ဘဝကို တန်ဖိုးမထားရင် အလကား အသုံးမကျတဲ့ ဘဝဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။  အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”

လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော။

“ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါတာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”

ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။

“မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့အတွက်က သတ္တိကောင်းဖို့လိုတယ်။ သတ္တိဆိုတဲ့ဟာက တနေ့ ငါကြီးပွားရမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတိ္တမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ်ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါးလာခေါက်လိမ့်မယ်ဆိုတာ ယုံပါ”

မြန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။

“သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတိ္တက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ်အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာမကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ်ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”

ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။

“အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ်ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”

About King

has written 59 post in this Website..

ရွဴးးးးးးးးးးးးးးးးးးး ...................