ပြီးခဲ့တဲ့လက weekly eleven မှာ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သတင်းလေးတစ်ခု ဖတ်လိုက်ရပါတယ်…
တောင်ငူခရိုင်ထဲမှာဖြစ်သွားတာ အလယ်တန်းပြဆရာမတစ်ယောက်ကို သူနဲ့ဆွေမျိုးမကင်းတဲ့ သီတာမိုးဆိုတဲ့ အမျိုးသမီးကတွေ့ပြီး
အသက် ၂၁ နဲ့ ၁၈ အရွယ်ရှိတဲ့  ဆရာမရဲ့သမီးနှစ်ယောက်ကို တရုတ်က အလှပြင်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင် တစ်လကို စရိတ်ငြိမ်း
တစ်သိန်းရမယ်လို့ ပြောဆိုစည်းရုံးတာကို ယုံကြည်တာနဲ့ ၂၀၁၀ ဇူလိုင်လထဲမှာ ရွှေလီဘက်ကိုလိုက်သွားကြပါတယ် ဟိုရောက်တော့
သီတာမိုးက သူ့ညီမဖြစ်တဲ့ အိစန္ဒာဆီကို လွှဲပြောင်းပေးခဲ့ပါတယ် တကယ်ကျ အမျိုးသမီးငယ် နှစ်ဦးက အလှပြင်ဆိုင်မှာ အလုပ်မလုပ်ရပဲ အိစန္ဒာရဲ့
ခင်ပွန်းဖြစ်တဲ့ တရုတ်လူမျိုး ထန်ဘော ပိုင်တဲ့ အနှိပ်ခန်းမှာ ညှဉ်းပန်းနှိပ်စက် အဓမ္မ စေခိုင်းလို့ ပြည့်တန်ဆာတွေအဖြစ်  ခုနစ်လလောက် လုပ်ကိုင်ခဲ့ရပါတယ်
နောက်ဆုံး အဲဒီအနှိပ်ခန်းကနေ ထွက်ပြေးပြီးတဲ့နောက် စီချွမ်းပြည်နယ် ရဲစခန်းမှာ  လေးလလောက် အထိန်းသိမ်းခံရပြန် လွတ်မြောက်လာတဲ့နောက်လည်း
စိုက်ပျိုးရေး လုပ်ငန်းမှာ ကိုးလလောက်လုပ်ရပြီးမှ ကံကောင်းစွာနဲ့ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ရပါတယ်။အဲဒီအမျိုးသမီးငယ်နှစ်ဦးက တိုင်လို့
သီတာမိုးကို လူကုန်ကူးမှုနဲ့ အရေးယူ၊စစ်ဆေးခဲ့ပြီး ၂၀၁၁ ခုနှစ် ဧပြီလမှာ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်တဲ့

ပြီးခဲ့အပတ်က ကိုလင်းဝေကျော်ရဲ့ “ မှုခင်းဖြစ်ပွားနှုန်း” ဆိုတဲ့ ပို့စ်မှာတော့ ရန်ကုန်တိုင်းအတွင်းမှာ ၂၀၀၁ ကနေ ၂၀၁၁ အတွင်း ၁၀ နှစ်တာကာလမှာ
မုဒိန်းမှု ၇၅၅ မှု ဖြစ်ပွားခဲ့ပါတယ်တဲ့ ဒီစာရင်းက ရန်ကုန်တိုင်းတစ်ခုထဲဆိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆို တွေးတောင်မကြည့်ရဲလောက်အောင်ပါပဲ
ဒါက ရဲစခန်းကိုလာတိုင်လို့ တရာဝင်အမှုဖွင့်တဲ့စာရင်းပဲဖြစ်မှာပါ ရှက်လို့ကြောက်လို့ မတိုင်တဲ့အမှုတွေ နောက် .. ဖြစ်ပြီးတော့မှ တနည်းနည်းနဲ့ စည်းရုံးခံရ
အလျှော့ပေးလိုက်ရလို့ ရဲစခန်းမရောက်တဲ့ အမှုတွေလဲ အများအပြားပါ မတရားမှုကိုမခံနိုင်လွန်းလို့ တိုင်ကြားပြီတဲ့နောက်မှာတောင် အမှုကိုသေချာဘို့
တရားရုံးမှာ စစ်မေးချိန် မိန်းကလေးနဲ့ မိသားစုအတွက် တရှက်ကနှစ်ရှက်ဖြစ်ရတဲ့အခြေအနေပါ  ဒီလိုကိစ္စမျိုးမှာ မျက်မြင်သက်သေဆိုတာဘယ်ရှိပါ့မလဲ
တရားရုံးက အပြစ်ရှိပါတယ်လို့ဆုံးဖြတ်ရင်တော့ တရားခံကိုအပြစ်ပေးမှာပေါ့

လူကုန်ကူးခံရ အဓမ္မမှုတွေကျူးလွန်းခံရတဲ့ ကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ နစ်နာသူမိန်းကလေးတွေက တိုင်ကြားလို့ သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူကို
အရေးယူ အပြစ်ပေး ထောင်တွေချလိုက်ရုံနဲ့ ဒီကိစ္စတွေက ပြီးဆုံးသွားပြီ၊နစ်နာမှုတွေက ကျေပျက်သွားပြီလို့ ပြောလို့ရပြီလား…

မြန်မာ့ယဉ်ကျေးမှုမှာ စကားတစ်ခုရှိပါတယ် “အရှက်နဲ့လူလုပ်တာမဟုတ်ဘူး အသက်နဲ့လူလုပ်တာ” ဆိုတဲ့စကားလေးပါ ဒီအတွေးအခေါ်တွေကြောင့်ပဲ
ဆရာမသမီးနှစ်ယောက်ဆို သူတို့ပတ်ဝန်းကျင်မှာ ဆက်လက်ရပ်တည်ဘို့ ခဲယဉ်းသွားပါပြီ လာဘ်စားလို့ မဟုတ်တာလုပ်လို့ကြီးပွားသွားတဲ့လူတွေကို အထင်အမြင်
မသေးတဲ့အပြင် အထင်ကြီးအားကျတဲ့အကြည့်နဲ့ ကြည့်နေတဲ့အချိန်ကာလမှာ “ သူပေါ့ မုဒိန်းကျင့်ခံလိုက်ရလို့ တရားရုံးမှာ စစ်နေတာလေ” ဆိုပြီး သနားတာလိုလို အထင်သေး
တာလိုလိုနဲ့ ကြည့်မဲ့လူ ၀ိုင်းဝန်းဝေဖန်မဲ့သူတွေက ပတ်ဝန်းကျင်မှာအများကြီးပါ

တကယ်ဆို ဒီကိစ္စတွေက သူတို့ဆိုးသွမ်းလို့ဖြစ်ရတာမဟုတ်ပါဘူး ဆိုးသွမ်းတဲ့လူတွေကြောင့်သာဖြစ်ခဲ့ရတာပါ သူတို့မှာဘာအပြစ်မှ မရှိပါဘူး သူတို့တွေ သတ္တိရှိရှိ
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဘ၀မှာရပ်တည်သွားနိုင်အောင် ပတ်ဝန်းကျင်ကကူညီသွားရမှာပါ ကူညီနေတဲ့သူတွေလဲရှိပါတယ် “ဒီလိုဖြစ်ရတာ ကိုယ့်ကြောင့်
ဖြစ်ရတာ မဟုတ်ဘူး အဲဒီအတွက် ဘာမှ ရှက်ရွံ့သိမ်ငယ်နေစရာမလိုဘူး”ဆိုတဲ့အားပေးစကားနဲ့ အနိုင်ကျင့်ခံ အစော်ကားခံနေရတဲ့သူတွေကို ကူညီအားပေးနေတဲ့
အော်ပရာဝင်းဖရေး ကိုယ်တိုင်လဲ အသက် ၁၃ နှစ်အရွယ်မှာ အနိုင်ကျင့်ခံရပြီး ကိုယ်ဝန်ရခဲ့တဲ့ အခြေအနေနဲ့ကြုံခဲ့ရတာပါ ဒါပေမဲ့ စိတ်ပျက်တာ ဘ၀ကိုအရှုံးပေးတာမျိုးမလုပ်ပဲ
သတ္တိရှိရှိနဲ့ ကြိုးစားခဲ့လို့ ကမ္ဘာ့အချမ်းသာဆုံး အာဖရိကန် အမေရိကန်လူမည်းတစ်ဦး ဖြစ်ခဲ့ရတာပါ အော်ပရာက လူသားတွေ အတွက် ခွန်အား ဖြစ်စေ မဲ့ စကားတစ်ခွန်းကို
Time မဂ္ဂဇင်းမှာ ပြောခဲ့ဘူးပါတယ် “မင်း အကြောက်ဆုံးအရာက တကယ်တမ်းတော့ ကြောက်စရာမဟုတ်ပါဘူး တကယ့်ကြောက် စရာက ကြောက်နေတဲ့ မင်းရဲ့စိတ်ပါ ”တဲ့ ……..

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ