ရာသီဥတု သာယာတဲ့ လပြည့်နေ့ တနေ့ အခါကြီး ရက်ကြီး အိမ်နားက အဒေါ်ကြီး က ဘုရားသွားမယ် ဆိုလို့ မေမေ နဲ့ ဆူး တူတူ လိုက်သွားတယ် အဲဒီတုန်းက ဆူး အသက် ၅နှစ် ၆နှစ်လောက်ထက် ပိုမယ် မထင်ဘူး။ အဲဒီ အဒေါ်ကြီး မှာ ကလေး ၄ယောက် မွေးထားတာ ဆိုတော့ သူ့ ကလေးတွေ နဲ့ ဆူး တို့ သားအမိ ၂ယောက်နဲ့ ဆိုတော့ အားလုံး ၇ယာက် ဘုရားကို လေးဘီးကား ငှားပြီး သွားကြတယ်။

ဘုရားပေါ် ရောက်တော့ ကလေးတွေ အုပ်စုလိုက် ဟိုပတ် ဒီပတ် ဆော့ ကစား လူကြီးတွေ ဘုရားရှိခိုးကြတယ် ဘုရားမှာ ရှိနေတုန်း ရုတ်တရက် မိုးသားတွေ တလိမ့်လိမ့် တက်လာတော့ ထီးကလည်း လူကြီး တွေ အတွက်ပဲ ပါတာ ဆိုတော့ မလုံလောက်ခဲ့ဘူး။ မေမေက အဲဒီလို အပြင်ထွက်လေ့ မရှိဘူး အိမ်နားက အဒေါ်ကြီး ကလေးတွေ နဲ့ သွားမှာ မိုလို့ အဖော် ကောင်းတော့ လိုက်သွားတဲ့ သဘောမျိုးပေါ့။

ရုတ်တရက် မိုးတွေကလည်း ရွာလာတော့တယ်။ အရမ်းကို သည်းကြီးမဲကြီး ရွာလာတော့ ဇရပ်တခုပေါ် မှာ မိုးစဲ မလား ထိုင်စောင့်နေကြတယ်။ မိုးရွာတဲ့ အချိန်ဆိုတော့ ဇရပ် ပေါ်မှာ မိုးခိုတဲ့ လူတွေ အများကြီးပါပဲ။ မတ်တပ်ရပ်စရာ နေရာ သိပ်တော့ မရှိလို့ ကလေးတအုပ် ဆော့ဖို့ မဖြစ်နိုင်တော့ဘူး။ မိုးရွာနေတာကို ငေါင်တောင်တောင် နဲ့ စောင့်ကြည့်နေယုံပဲ ရှိပါတော့တယ်။ မိုးကလည်း လုံးဝ မရပ်တော့ မဖြစ်တော့ဘူး ဆိုပြီး ဘုရားပေါ်က ထီး မလုံ့ တလုံ ဆောင်းပြီး ဆင်းလာကြတယ်။

ဆူး ကတော့ မေမေ နဲ့ တူတူ ထီး၁လက် ဆောင်းထားတော့ အဆင်ပြေပါတယ်။ အဒေါ်ကြီး သားအမိ တွေကတော့ ၅ယောက် ဆိုတော့ မိုးတွေ အားလုံး စိုကုန်ကြတာပေါ့။ အစ ပိုင်းတော့ မေမေက ချီ ထားတယ်။ နောက်ပိုင်းတော့ မချီ နိုင်တော့ဘူး။ ဘုရားအောက်ခြေ ရောက်တော့ ကားငှားဖို့ ကြိုးစားတယ် ဖြစ်ချင်တော့ ရေတွေ တအားစီးနေလို့ ကားတွေ မနည်းသွားနေရတာနဲ့ ကားငှားလို့ အဆင်မပြေ ဘစ်ကား စီးဖို့လည်း အဆင်မဖြေ ဖြစ်နေတာနဲ့ မထူးပါဘူး စိုကုန်မှတော့ အိမ်နဲ့ သိပ်မဝေးတော့ လမ်းလျှောက်မယ် ဆိုပြီး လမ်းလျှောက်ပြီး အိမ်ပြန်ခဲ့ကြတယ်။

မိုးတွေကလည်း ဆက်တိုက် ရွာတာ မရပ်ဘူး ရေတွေကလည်း ဒလဟော စီးနေပါတယ်။ မှတ်မိသလောက် လူကြီး အရပ်နဲ့ ဒူးလောက် ဖြစ်နေတယ်။ ကလေး တယောက် အရပ်နဲ့တော့ ရင်ခေါင်းလောက် ဖြစ်မလား ခါးလောက် ဖြစ်နေမလားပဲ။ အတူတူ လာတဲ့ အဒေါ်ကြီး ရဲ့ ကလေး အကြီးဆုံးမှ ဆူး နဲ့ ရွယ်တူ ဆိုတော့ ကျန်ကလေး ၃ယောက်က ၁နှစ်စီ ငယ်ကြတယ်။ အငယ်ဆုံး နှစ်ယောက်ဆို ၁နှစ်ကျော်နဲ့ ၂နှစ်ကျော် ဆိုတော့ မေမေ က သနားတာနဲ့ သူ့ကလေး အငယ် ထဲက ၁ယောက်ကို ချီပေးပြီး လမ်းလျှောက်ကြတယ်။ မိုးတွေ ရွာပုံကတော့ တော်တော် စိတ်ပျက်ဖို့ ကောင်းလောက် အောင်ပါပဲ။ မိုးတွေ အရမ်းရွာသလို ရေတွေ လည်း တက်နေတော့ ကြမ်းပြင် အောက်ခြေ ကို လုံးဝ မမြင်ရဘူး ရေနောက်တွေ ဆိုတော့ အပေါက်တွေ ရှိနေရင် ချော်မလဲအောင် သတိထားရပါတယ်။ ပလက်ဖောင်း အနိမ့် အမြင့် မညီတာတွေ က ခြေထောက် နဲ့ စမ်းပြီး သွားကြရင်းနဲ့ အိမ်တော့ ရောက်သွားပါတယ်။ အိမ်မှာ နွေးနွေးထွေးထွေး နေပေမဲ့ မိုးမိတဲ့ ဒဏ်ကြောင့် ကလေးတွေ အားလုံး ဖျားသွားခဲ့တယ်။

ရေတွေ တက်နေတာကတော့ ကလေး တယောက် အရပ်နဲ့ ဆိုတော်တော် မြင့်နေတဲ့ အပြင် တကိုယ်လုံး ရေတွေ စိုရွဲလို့ ညစ်ပတ် ပေပွ နေတာပါပဲ။ ထိုနေ့ကတော့ ဘ၀ မှာ မှတ်မှတ်ရရ  မိုးများတဲ့ လပြည့်နေ့ တနေ့ပဲ ဖြစ်ပါတော့တယ်။

 

လပြည့်နေ့ ဆိုရင် မြန်မာ လူမျိုးများ ဘုရားသွားကြလို့ တိုးမပေါက်အောင် စည်ကားတာ ကြုံရမြဲပါပဲ။ ဒါပေမဲ့ မှတ်မှတ် ရရ မိုးကြီးတဲ့ လပြည့်နေ့ အမှတ် တရကြောင့် လူများတဲ့ နေ့ဆို ဘုရား မသွားတော့ပဲ အိမ်မှာပဲ ဘုရား ရှိခိုးပြီးနေလိုက်ပါတော့တယ်။

About ဆူး

has written 398 post in this Website..