ဗိုလ်ချုပ်ရဲ့ပညာဆိုလို့ ခေတ်စကားနဲ့တွေးပြီး တို့ဗိုလ်ချုပ်ဘာတွေလုပ်သွားသလဲ မေးစရာပါ။ မေးရင်တော့ ဗိုလ်ချူပ်လုပ်သွားတာတွေ များလွန်းလို့ ပြောရင် ကုန်မှာမဟုတ်ပါ။ ဒါပေမဲ့ ပြောပြချင်တဲ့အကြောင်းကတော့ ဗိုလ်ချုပ်ပြောပြခဲ့တဲ့ “ပညာ” ဆိုတဲ့အကြောင်းပါ။ ပြောပြခဲ့တယ်ဆိုပေမဲ့ တကယ်တော့ ဗိုလ်ချုပ်ရေးထားခဲ့တဲ့ စာတွေက ပြောပြတာပါ။

ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ စာရေးဝါသနာပါသူတစ်ယောက်လည်း ဖြစ်ပါတယ်။ စာအလွန်ဖတ်တဲ့ ဗိုလ်ချုပ်ဟာ ကိုယ်တိုင်လည်း စာပေရေးသားမှုများ ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးခဲ့တဲ့ စာတွေကိုဖတ်ချင်လို့လိုက်ရှာခဲ့ပေမဲ့ ဗိုလ်ချုပ်ရဲ့ စာပေလက်ရာတွေကို ဗိုလ်ချူပ်၏မိန့်ခွန်းများကဲ့သို့ စာအုပ်၊ စာတမ်းများအဖြစ် တစ်စုတစ်စည်းတည်း ပြုစု ဖော်ပြထားသော စာအုပ်များအဖြစ် မတွေ့ခဲ့ရပါ။

သို့သော် ကံကောင်းလှစွာဖြင့် ဆရာမြဟန် ရေးသားသော “ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” (ယခု ဒုတိယအကြိမ်ထွက်ပြီး) တွင် ဗိုလ်ချုပ်ရေးသားခဲ့သော ဆောင်းပါး၊ စာတမ်းများကို တစ်စုတစ်စည်းတည်း ဖတ်ရှုခွင့်ရခဲ့ပါသည်။ (ရှာဖွေပြုစုပေးခဲ့သော စာရေးဆရာမြဟန်အား ကျေးဇူးတင်ပါသည်။)

ဗိုလ်ချုပ်ရဲ့ စာတွေကိုဖတ်ရင်းမှ ဗိုလ်ချူပ်၏ စာပေလက်ရာကို လေ့လာခွင့်ရခဲ့သလို တို့ဗိုလ်ချုပ်ရဲ့ ပညာဥာဏ်ကြီးမားပုံ အမြော်အမြင်ကြီးမားပုံနှင့် ပြည်သူလူထုအတွက် နိုင်ငံအတွက် စာဖတ်ပရိသတ်အတွက် ထားခဲ့သော စိတ်ဓာတ်နှင့် စေတနာများကိုပါ မြင်ခွင့်ရခဲ့ပါသည်။ ထိုထဲမှ ပညာနှင့်ပတ်သက်၍ ဗိုလ်ချူပ်ရေးသားခဲ့သည်များကို ဟိုတစ်စ သည်တစ်စထုတ်နှုတ် စုစည်း၍ မျိုးဆက်သစ်လေးများအတွက် လက်ဆောင် ပေးလိုက်ချင်ပါသည်။ အသေးစိတ် အပြည့်အစုံ ဖတ်ရှုလိုပါက အထက်ပါစာအုပ်တွင် ဖတ်ရှုနိုင်ပါကြောင်း။ အောက်တွင် ဖော်ပြမည့် စာစုများသည် ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သည့် မူလဆောင်းပါးပါ စာလုံးပေါင်း သတ်ပုံအတိုင်း ပြင်ဆင်ခြင်းမပြုဘဲ ဖော်ပြထားခြင်းဖြစ်ပါသည်။

“ ပညာဆိုသည်မှာ စာအုပ်စာတမ်း ဘတ်၍ စာသိသမျှကို ပညာဟု မဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို ဘော်ပြခြင်းငှာ မတတ်နိုင်ပေ။ ပညာအားလုံးကို လောကပြင်ကျယ်တည်း ဟူသော အကြီးဆုံးကျောင်း၌သာ တွေ့ရှိနိုင်လေသည်။ ထိုလောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောံသည့်အချိန်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထိုကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် လူ၏တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။

ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းရှိသော ဥာဏ်အားကို၎င်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို၎င်း၊ (Education of emotions) ပြုပြင် ပြုစုပျိုးထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီဧပင် အောင်စေကာမူ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှကြီးရင့်စေကာမူ ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့ချေက တကယ်အရာမရောံ အသုံးမ၀င်နိုင်ပေ။

ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်၊ စာအုပ်များကို ကျော်၍ မြင် စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ထက်ကောင်းကင် ကြယ်တာရာများသို့ တတ်စွမ်းနိုင်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ် ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ် ပညာကို သိရုံသာမဟုတ် လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထ၀ီဝင် ပညာကို သိရုံသာမဟုတ်၊ မြေသစ်-ရေသစ်-တောတောင်သစ်ကို ရှာဖွေစူးစမ်းနိုင်စွမ်း ရှိစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ”
(ဗိုလ်ချုပ်အောင်ဆန်း ကိုယ်ရေးအတ္ထုပ္ပတ္တိ၊ အခဏ်း ၂ မှ)

“ စင်စစ်သော်ကား ကျောင်းတွင် တခါမျှမနေဖူး၍ စာတလုံးမျှ မသင်ဘူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့် အကြောင်းကို အလွန်ဆိုခြင်း ဖြစ်ပေသည်။ ယခုကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၄င်းတို့ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍၊ ဝေဘန်ပြီးလျှင်၊ လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။ အကယ်၍ စာမတတ်သူသည်၊ လောကအမှတ်အသား ကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်မလိုချေ။ ထိုကြောင့်ပင်-မတ်ဆိုလိုနီက ၄င်း၏အတ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဘတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား၊ ကျွန်ုပ်နေခဲ့၊ နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။

ထိုကဲ့သို့ စာအုပ်စာပေမှ ကျော်လွန်သောပညာကို၊ အဘယ်သို့ရအံ့နည်း။
ထိုပညာစစ်ကိုရရန်၊ လွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေး လုပ်ကိုင်လိုသောစိတ်ဓာတ်ကို မွေးရန်လို၏။ ဤအချက်ကို ပညာရေး ကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား၊ – ကမ္ဘာ့ရာဇ၀င်ကို- တမျိုးတမည် ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖောင်မေရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓာတ်ပညာ ပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား- ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင်၊ ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။

ထိုလွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေး လုပ်ကိုင်လိုသောစိတ်ဓာတ်ရှိရမည်ဆိုရာတွင်။ ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိလူအပေါင်းတို့သည် ရေတွင်းထဲရှိ ဘားသူငယ်ကဲ့သို့နေ၍ မဖြစ်ပေ။ ”
(ကျောင်းသားဝတ္တရား – ရေးသူ မောင်အောင်ဆန်း၊ ဘီ-အေ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ၊ သမဂ္ဂအသင်း ဥက္ကဋ္ဌ)

“ငါတို့သည် ကမ္ဘာ့အစဉ်ကျမ်းကြီးကို နားလည်သည်နှင့်အမျှသာ သိကြသေး၏။ ထို ကမ္ဘာ့အစဉ်ကျမ်းကြီးကား လောက၀ိဟာတည်းဟူသော လောကတက္ကသိုလ်ကျောင်း၌သာ ရှိ၏။ ထိုလောကတက္ကသိုလ်နေ၍ ငါတို့အချင်းချင်း တွေ့ဆုံကြ၏။ နှီးနှောကြ၏။ ပြုလုပ်ကြ၏။ တွေးဆကြ၏။ အသင်းထောင်ကြ၏။ အသင်းအုပ်ချူပ်ကြ၏။ အသင်းစီမံကြ၏။ ခေါင်းဆောင်ရှိ၏။ နောက်လိုက်ရှိ၏။ လူဆိုးများကိုလည်း တွေ့ရ၏။ လူကောင်းများကိုလည်း တွေ့ရ၏။ လူလိမ်ကိုလည်း တွေ့ကြရ၏။ ရုပ်ဆိုးသော်လည်း အတွင်းစိတ်မရိုင်း ရုပ်လှသော်လည်း တံလျှိုဖြစ်တတ်ခြင်း အစရှိသဖြင့် ငါတို့လောကတက္ကသိုလ်တွင် ထင်ကြမှတ်ကြရ၏။ ငါတို့ဘတ်သော စာအုပ်များကို ထိုတွေ့မြင်သည်နှင့် ကိုက်၏။ မကိုက်၏။ မကိုက်သော် ငါမှားသလား၊ သူမှားသလားဟု တဘန်သင်စရာ ပေါ်ပြန်၏။ ဤသို့ လောက၀ိဟာတွင် ငါတို့သင်ရသော ပညာကား ပညာစစ်ဟု ယူဆအပ်၏။ ထိုပညာကား ဘီ-အေ-ပဋ္ဌမကျော်ဟူ၍ သတ်မှတ်ရန် မစွမ်းနိုင်၊ မချိန်နိုင်- ထိုပညာစစ်ရတနာကို ယခု ငါတို့ တစ်သက် လောက၀ိဟာအတွင်းရှိခိုက် မိမိရရယူရန်ကား ငါတို့၏ လောက၀တ္တရားကြီးပေတည်း။”
(လောက၀ိဟာ – မောင်အောင်ဆန်း မှ)

စာညွှန်း — မြဟန်၊ “ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” ၊ ပထမအကြိမ်၊ ၁၉၉၈၊ ဇန်န၀ါရီလ

About mnoe

Ma Noe has written 6 post in this Website..