တနေ့ ညနေပိုင်း ပျင်းပျင်း ရှိတာနဲ့ သူငယ်ချင်း ဆိုင်ကို သွားလည်တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်း ဆိုင်မှာ မဖိတ်ပဲ လာတဲ့ ဧည့်သည် ရောက်နေလို့ တော်တော် အလုပ်ရှပ်နေပါတယ်။ မဖိတ်ပဲ လာတဲ့ သူကတော့ ကြွက် တကောင်ပဲ ဖြစ်ပါတယ်။ ညနေစောင်း ဆိုင်တခါး ကြားထဲကနေ ဆိုင်ထဲကို အပြေးအလွား ၀င်ရောက်ပြီး အိမ်ဆောက်ဖို့ ၀င်လာတဲ့ ကြွက်တကောင်နဲ့ သတ္တိခဲ လူ ၄ယောက် ဆူး အပါအ၀င် ၅ယောက် ဖြစ်သွားပါတယ်။ သူငယ်ချင်းကလည်း အသန့်အပြန့်ကြိုက်တဲ့ သူဆိုတော့ ကြွက် ခြင် ယင်တွေ မရှိအောင် သန့်ရှင်းရေး ဦးစားပေးတယ်။ ဆူး အမှားပေါ့.. ဆိုင်ထဲ ၀င်သွားတာ တံခါးကို သေချာ မပိတ်မိပဲ သတိမထားမိလိုက်ဘူး… ဆိုင်မှာ ထိုင်စကားပြောနေရင်းနဲ့ ကြွက်တကောင် ရုတ်တရက် ပြေးဝင်လာတာ မြင်တဲ့အခါ.. ဆိုင်ထဲမှာ ရှိတဲ့ ၀န်ထမ်း ၃ယောက် အသံထွက်လာတယ်.. ဟဲဟဲ.. ဟိုမှာ ကြွက်.. ကြွက်..ပြေးဝင်သွားပြီ ဟိုထောင့်ကို.. အမြန်လိုက်ဖမ်း.. ဆိုတဲ့ အသံ ကြားတော့ ဘာများ ဖြစ်လဲလို့.. စကားပြောနေတဲ့ သူငယ်ချင်းနဲ့ အတူ လှည့်ကြည့်လိုက်တော့.. အားလုံး တံမြက်စည်း ကိုယ်စီ နဲ့ ပုံစံကတော့ တွေ့တာနဲ့ အသေရိုက်တော့မဲ့ ပုံစံပါပဲ။ အဲဒီမှာ တယောက်က အတွင်းခန်းထဲ မ၀င်အောင် အမြန်ပိတ်ကာထား.. အထဲမှာ မုန့်တွေ ရှိတယ် ဆိုပြီး သတိပေးတာ ကြားလိုက်ပါတယ်။  ကြွက်ကိုက်သွားရင် ရိက္ခတွေ ဆုံးရှုန်းကုန်မယ် ဆိုပြီး တံခါး မရှိတဲ့ အတွက် ခုံတွေကို ချပြီးတော့ ကြွက် ဖြတ်မပြေးနိုင်အောင် လမ်းပိတ်လိုက်တယ်။ စက္ကူပုံးခွံတွေ ရှာဖွေ ထုတ်လာပြီး ပိတ်လိုက်တယ်။ ကြွက်ပြေးဝင်သွားတဲ့ နေရာကို စောင့်ကြည့်တဲ့ သူက ဟေ့.. ဒီမှာ ငါတွေ့တယ် မလှုပ်ဘူး ငြိမ်နေတယ်။ နင်တို့ အဆင်သင့် ဖြစ်ပြီလား တခြား ၂ယောက်က အေး ငါတို့ အတွင်းကို ဆက်မ၀င်နိုင်အောင် ပိတ်ထားလိုက်ပြီ။ ဆိုတဲ့ အသံကြားတဲ့ အခါ အထွက်အ၀င် တံခါးမကို အကျယ် ဖွင့်ပြီးတော့ ကြွက်ကို တံမြက်စည်းနဲ့ လိုက်ခေါက်ပြီး အသံပေးတော့ ကြွက်ခမျှာ ကြောက်အား လန့်အားနဲ့ ဘယ်ပြေးရမှန်း မသိ ဟိုပြေး ဒီပြေးနဲ့ ဖြစ်နေတယ်။ သို့သော် လာလမ်းအတိုင်း တံခါး အကျယ် ဖွင့်ထားပေမဲ့ လုံးဝ ပြန်မထွက်ပဲ အတွင်းဘက်ကို သာ ဦးတည်ပြီး ဟိုကြား ပြေးခိုလိုက် ဒီကြား ပြေးခိုလိုက်.. ကြွက်နောက်က လူက လိုက်ခြောက်ရင်းနဲ့ ဘယ်ပြေးရမှန်းမသိ မျက်စိလည်မူး နောက်နေတဲ့ ကြွက်ကလေးက လူတွေဆီကို တည့်တည့် ဦးတည်ပြီး ပြေးလာတယ်။ တိုက်ရည်ခိုက်ရည် အပြည့်အ၀ ရှိတဲ့ တံမြက်စည်း ကိုင်ထားတဲ့ ကောင်မလေးများ တန်းစီပြီး ထွက်ပြေးတော့တာပါပဲ။ ကြွက်လာပြီ ဟေ့ ဆိုပြီး အနောက်ဆုတ်ပြေး.. ကြွက်ကလည်း တိုးလို့ရမဲ့ ချောင်တွေ့ရင် တိုး.. ဒီလိုနဲ့ ကြွက်က တည့်တည့် တိုးတာ မဟုတ်ရင် ဒုတ်နဲ့ လိုက်ရိုက်.. နောက်ဆုံးတော့.. ကြွက်လည်းမူး လူလည်း မူး.. ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကြွက်တကောင်နဲ့ စိန်ပြေးတမ်း ကစားသလို ဖြစ်နေတဲ့ ပုံစံ ဖြစ်နေပါတော့တယ်။ ထိုမြင်ကွင်းက တော်တော် ရီစရာလည်း ကောင်းလှတယ်လို့ ထင်မိတယ်။ ဆိုင်ရှင် သူငယ်ချင်းကလည်း သတ္တိ သိပ်ကောင်းပုံကတော့ ရှယ်ပါပဲ။ ကြွက်ပြေးလာတဲ့ အခါ သူ့ဆီ တည့်တည့် ရောက်လာတာ သိသိချင်း မျက်စိမှိတ် လက်သီးဆုပ်ပြီး အားးးးးး အော်ပြီး ခြေထောက် နှစ်ချောင်း စုံ ခုံနေပါတယ်။ ဟဲ့ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ သူကို သတင်းမေးတော့.. မျက်စိ မှိတ်လျက်က ဖွင့်ပြီးတော့ အောက်ကို ကြည့်ပြီး လက်ညိုးထိုးပြတယ်။ အပြေးသန်တဲ့ ကြွက်တကောင် ပြားပြားဝပ်လို့ မလှုပ်မရှက် ငြိမ်နေတာ တွေ့ရပါတော့တယ်။

ကြွက်လိုက်ဖမ်းတဲ့ မြင်ကွင်းနဲ့ အဖြစ်အပျက်ကတော့ ရီမောရင်း လုပ်နေကြပေမဲ့ ဘာမသိ ညာမသိ ကြွက်ကလေး တကောင် လမ်းပျောက်ပြီး ဟိုပြေး ဒီပြေးဖြစ်ရတဲ့ အနေအထားနဲ့ ယှဉ်ကြည့်မယ် ဆိုရင် လူတွေက ရယ်မောရင်း လိုက်ရိုက်ကြပေမဲ့ ကြွက်တကောင် အနေနဲ့ ဆိုလျှင် အသက်နဲ့ ရင်းပြီး လွတ်မြောက်ရာ ရှာရသလို ဖြစ်နေတယ်။ လာလမ်းကိုပဲ မမှတ်မိတာလား.. အတွင်းမှာပဲ ကောင်းစွာ ပုံးခို နေချင်လို့လား။ အစာရေဆာ လွယ်လင့်တကူ ရနိုင်မယ်လို့ ယုံကြည်လို့လားတွေးမိတယ်။

ကြွက်က ပြေးလာလိုက် လူက ထွက်ပြေးလိုက် ဖြစ်ရင်းနဲ့ ရယ်ခဲ့မိပေမဲ့.. ကြွက်ကလေး နေရာက တွေးကြည့်ရင် ဒီဖြစ်ရပ်ဟာ ကြောက်စိတ်တွေ မွန်ပြီး သေမှာ ထိတ်လန့်နေမှာ အမှန်ပဲ။ အားလုံးကတော့ သတ္တ၀ါ တခု ကံတခု ဆိုတဲ့ အတိုင်း..သတ္တ၀ါတွေက ကိစ္စတွေ များစွာ လုပ်မိနေကြတယ် လုပ်မိနေကြတဲ့ ကိစ္စတိုင်းဟာ ကောင်းဖို့ လုပ်မိသလား ဆိုးဖို့ လုပ်မိသလား ဆိုတာ မသိနိုင်ကြဘူး။ ဥပမာ အားဖြင့် ကျောက်တူးမယ် ဆိုပြီး ထွက်သွားတယ် သူဌေး မဖြစ်ခင် ငှက်ဖျားဖြစ်လို့ သေတဲ့ သူတွေလည်း မနည်းဘူး။ ထို့အတူ လမ်းဘေး ကွမ်းယာသည်က ယနေ့ ရွှေသူဌေး ဖြစ်မယ်လို့ ကွမ်းယာ ရောင်းတဲ့ အချိန်မှာ တွေးမိမှာ မဟုတ်ဘူး။ ကောင်းခြင်း ဆိုးခြင်းသည်လည်း နွားခြေရာ နောက်ကို လိုက်တဲ့ လှည်းဘီးလို ထပ်ချက်မခွာ လိုက်ပါပြီး သင်ပြုသည့် ကံသည် သင့်ထံ ပဲ့တင်လာအုန်းမည် ဆိုတဲ့ စကားလေးကို သတိရမိပါတော့သည်။

About ဆူး

has written 398 post in this Website..