ဘယ်လောက်ကြီးတဲ့ ညောင်ပင် ဖြစ်ပါစေ အပင်ပေါက်တဲ့ အရွယ် အပင် နုနု ချိုးလိုက်ရင် အပင်တပင် ဆက်လက် ရှင်သန်ဖို့ ပျက်သုန်းသွားနိုင်သလိုပါပဲ လောကကြီးမှာ ပထမဆုံး ခြေလှမ်းစမဲ့ လူတွေကို ခေါင်းပုံဖြတ် အလိမ်အညာ လုပ်မယ်ဆိုရင်လည်း နောက်ထက် ရှေ့ဆက်လျှောက်မဲ့ ခြေလမ်းတွေ ပျက်သွားနိုင်ပါတယ်။ မလျှောက်ရဲတော့ တာလည်း ဖြစ်နိုင်တယ်။

လွန်ခဲ့တဲ့ တပတ်လောက်က အိမ်နားက ကလေးမလေးတွေ အိမ်က ရှိတဲ့ စားပွဲတွေ ခုံတွေ ချပြီးတော့ အသုတ်စုံ ရောင်းမယ် ဆိုပြီး ပထမဆုံးနေ့ စပြီး ဈေးရောင်းကြတယ်။ ရှိစုမဲ့စု မုန့်ဖိုးလေးနဲ့ တွက်ချက်ပြီးတော့ အရင်းကြီးကြီးလည်း မထုတ်နိုင်တော့ လက်ဖက် နဲ့ အကြော်စုံ အအေးပုလင်းလေး အနည်းငယ် ဆေးလိပ်ဗူးလေး အနည်းငယ် စားပွဲပေါ်တင်ပြီး ရောင်းကြတယ်။ ဆိုင်စစဖွင့်ခြင်းဆိုတော့ ဘယ်သူများ အားပေးမလဲ ဟိုမျှော် ဒီမျှော်နဲ့ ဖြတ်သွားတဲ့ လူတယောက် လှည့်လာပြီး ဟေ့ မင်းတို့ ဒီနေ့ ဆိုင်သစ်ကလေးလား ဘာတွေ ရလဲ ဆိုပြီး မေးလာတယ်။ ကလေးမလေးတွေက ဝမ်းသာ အားရနဲ့ ပထမဆုံး မေးမြန်းသူတွေ ဆိုတော့ သိပ်ပျော်သွားတယ်။ အသုတ်မျိုးစုံရတယ် ဂျင်းသုတ် လက်ဖက်သုတ် ခရမ်းချဉ်သီးသုတ် ထမင်းသုတ် မြင်းခွာရွက်သုတ် အအေး တွေ ရတယ်။ အဲဒီ လူက ဟိုကြည့် ဒီကြည့်ပြီး ထမင်းသုတ် ၁ဝပွဲ ပေးဆိုပြီး ပြောတော့ ထမင်းတောင် အဆင်သင့် မရှိလို့ ခဏလေးနော် ဆိုပြီး ဝမ်းသာအားရနဲ့ ထမင်းသုတ် သုတ်ဖို့ ပြင်တယ်။ ဒီနေ့ တော်တော် လာဘ်ကောင်းပါလား။ စစဖွင့်ခြင်းမှာတင် တော်တော် အခြေအနေကောင်းတယ် ဆိုပြီး ဝမ်းသာ အားရ ဖြစ်နေကြတယ်။ ပထမဆုံး ဆိုင်ဖွင့်တာ ဆိုတော့ လုပ်ပုံကိုင်ပုံကလည်း နည်းနည်း ကြာနေတဲ့ အနေအထားမျိုး ဆိုတော့.. ငါမစောင့်နိုင်တော့ဘူး ဟု ပြောဆိုကာ စားပွဲပေါ်တင်ထားတဲ့ ဆေးလိပ်ဗူး ၆ဗူး ကို ကောက်ကိုင်ပြီး ထမင်းသုတ် စာရင်းထဲ ထည့်မှတ်ထားလိုက် ငါဟိုဘက်မှာ ရှိမယ် ဆိုပြီး ခပ်လှမ်းလှမ်းက ကုန်စုံဆိုင်ကြီးတဆိုင်ကို လက်ညိုးထိုးပြီး ပြောတယ်။ အဲဒီ ဆိုင်ရှေ့ရောက်တော့ လက်ခုပ်တီးပြီး ငါ ဒီမှာ ဆိုပြီး အချက်ပြတယ်။ အသုတ်က အရေးကြီးနေတော့ လာမယ် လာမယ် ဆိုပြီး လက်ထောင်ပြပြီး သုတ်လက်စ ထမင်းသုတ် ပြီးအောင် လုပ်ဖို့ လုံးပန်းနေတယ်။ ထမင်းသုတ် သုတ်လို့ပြီးတဲ့ အခါ ထိုလူ လက်ပြတဲ့ အတိုင်း ဆိုင်ကြီးထဲ ဝင်ပြီး ထမင်းသုတ် သွားပို့တယ်။ ဖြစ်ချင်တော့ အဲဒီ ဆိုင်မှာ ယောကျား တယောက်မှ မရှိပဲ မိန်းမတွေပဲ ရှိတဲ့ ဆိုင်ဖြစ်နေတယ်။ ထမင်းသုတ် လာပို့တဲ့ အခါ ကုန်စုံဆိုင်က လူတွေက တအံ့တဩနဲ့ မမှာဘူး လို့ ငြင်းတဲ့အခါ.. ဒီကလေးမလေးတွေ ဘယ်လို ဖြစ်သွားကြမလဲ.. အရောင်းအဝယ် ဖြစ်လို့ အမြတ်အစွန်းရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်နေရင်းက အညာခံလိုက်ရတယ် ဆိုရင် ရင်ဝကို စောင့်ကန် ခံရသလို မျှော်လင့်ချက်တွေ တစစီ ကျိုးပဲ့သွားတဲ့ ခံစားချက်ဖြစ်သွားမှာ မလွဲမသေပဲ။ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ စုပြီး မိသားစု စားဝတ်နေရေး အတွက် တဖက်တလမ်းက ကောင်းရောင်းကောင်းမယ် လုပ်စားတဲ့ ကိစ္စ ဆေးလိပ် ၆ဗူး အတွက်ညာ သွားတာ တော်တော် အံဩဖို့ ကောင်းတယ်။ ထမင်းသုတ် ၁ဝပွဲ ဆိုတော့ အလုပ်ရှုပ်နေရင် လွယ်လွယ်ကူကူ ညာယူသွားလို့ ရအောင် မျှော်လင့်ချက်ပေးတဲ့ သဘောနဲ့ ပြောသွားတာပါ။ ထိုနေ့ တနေ့တာ အတွက် ထမင်းသုတ် ဘယ်သူက ၁ဝပွဲ ပြည့်အောင် ဝယ်စားကြမလဲ.. ထမင်းသုတ် ၁ဝပွဲကို ညာယူသွားတာ မဟုတ်ပေမဲ့ ထမင်းသုတ် ဆိုတာ ချက်ချင်းသုတ် ချက်ချင်းစားရတဲ့ အရာ ဖြစ်တဲ့ အတွက် မနက်ကနေ ညနေအထိ ထားရောင်းလို့ ရတဲ့ အရာလည်း မဟုတ်တော့ ထိုလူ ညာသွားတဲ့ အထဲမှာ မပေးလိုက်ရပေမဲ့ အရင်းထဲက ပါသွားတဲ့ အထဲမှာပါနေတယ်။ ထိုနေ့က ငိုနေတာ မြင်တော့ စိတ်မကောင်းဘူး။အလုပ်ကလည်း သိပ်မအားတာနဲ့ နောက်နေ့တော့ အဲဒီ ဆိုင်လေးက တခုခု အားပေးမယ်လို့ စိတ်ဆုံးဖြတ်ချက် ချမိလိုက်တယ်။ နောက်တနေ့တွေမှာ သတိထားမိတာကတော့ ထိုကလေးမလေးတွေ ဆိုင်မထွက်တော့ဘူး။ တနေ့ထဲနဲ့ အရင်းပြုတ်သွားလို့ ဆိုင်ပိတ်လိုက်ရတဲ့ အဖြစ်ဆိုတော့ ပိုပြီးတောင် စိတ်မကောင်းဖြစ်မိတယ်။ မလည်မဝယ် ဆိုရင် လောကကြီးမှာ ညာချင်တဲ့ လူတွေ သိပ်များနေတယ်။ အဲဒီနေ့က ကုန်စုံဆိုင်က ပြောရှာပါတယ် နည်းမျိုးစုံနဲ့ သေးသေးလေးက စလို့ အကြီးကြီး အထိ လိမ်ချင် ညာချင်နေကြတာ ဘာမှ မဟုတ်တဲ့ ဆိုင်ရှေ့မှာ သောက်ရေသန့်ဗူး လဲဖို့ ချထားတဲ့ ဘူးခွံက အစ ရေသန့် သမားလိုလို ဘာလိုလိုနဲ့ ညာယူပြေးသွားတာမျိုးတွေ အမျိုးမျိုး နည်းပေါင်းစုံနဲ့ ညာနေတာ.. အခုမှ ဆိုင်သစ် ဖွင့်တာ မိုလို့ အနီးအနားက လူတွေကို မသိမှန်း သိလို့ ပညာပြသွားတာ ဖြစ်ယ် ဆိုပြီး ပြောပြနေတယ်။ သူတို့ အတွက် တော်တော် စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပဲ။ လောကကြီးမှာ မှန်မှန် ကန်ကန် နဲ့ ကောင်းရောင်း ကောင်းဝယ် လုပ်စားချင်တဲ့ လူတွေ အတွက် အခွင့်အရေးတော့ ပေးသင့်တယ် ထင်တာပါပဲ။

About ဆူး

has written 398 post in this Website..