ဒီနေ့အာရ်အက်အေ သတင်းတပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာလုပ်မဲ့ စီးပွားရေး ဆိုင်ရာဆွေးနွေးပွဲကို တက်ဖို့သဘောတူကြောင်း စစ်အစိုးရနိုင်ငံရေးအဖွဲ့ အကြံပေးဦးနေဇင်လတ် ဆိုသူကို ကိုးကားဖော်ပြလိုက်ပါတယ်။ ဒေါ်စုက တကယ်တက်မှာလား၊ ဒါမှမဟုတ် ဖိတ်ကြားလွှာကို လက်ခံထား လိုက်တာကို လိုရာဆွဲပြောလားဆိုတာတော့ ကာယကံရှင်များ အသိဆုံးဖြစ်ပါလိမ့်မယ်။ လတ်တလောမှာ ဒေါ်စုနဲ့စစ်အစိုးရတို့ ထိတွေ့ဆက်ဆံမှုပိုများလာလို့ အပြောင်းအလဲတခုရဲ့ အစလား ဒါမှမဟုတ် လက်ရှိ ယောင်ယောင်လေး အပြုသဘောဆန်ခြင်းရဲ့ အဆုံးသတ်လား သို့လော သို့လော ဖြစ်ရပါတယ်။ နိုင်ငံရေးကို တိမ်တောင်သဖွယ် မင်းရေးကြွယ်လို့ တင်စားခေါ်ဝေါ်ကြလေတော့ စည်းမရှိ ကမ်းမရှိ လုပ်ချင်ရာလုပ်တဲ့ အစိုးရအောက်က သတင်းအမှောင်ချ ခံထားရတဲ့တိုင်းပြည်မှာ ဆန်းဆန်းပြားပြား မစဉ်းစားဘဲ ရိုးရိုးလေး တွေးချင်ပါတယ်။

စစ်အစိုးရအဆက်ဆက် လုပ်နည်းလုပ်ဟန်တွေကို နိုင်ငံရေး စိတ်ဝင်စားသူတိုင်း အနည်းနဲ့အများ သိပြီးသားပါ။ အတိုက်အခံများနဲ့ စေ့စပ်ညှိနှိုင်းခြင်းဆိုတာ အချိန်ဆွဲ၊ သွေးခွဲဖို့ ထက်ပိုတာ မတွေ့ရပါဘူး။ မဆလကစလို့ ဒီနေ့အချိန်အထိ သူတို့သည် နိုင်ငံရေးဆိုတဲ့ စကားလုံးကို သတိကြီးစွာထား ရှောင်ပါတယ်။ နိုင်ငံရေးပြသာနာမရှိ၊ အကြပ်အတည်းများသည် စီးပွားရေးကြောင့်၊ အဖျက်သမားတွေကြောင့်၊ စတဲ့ အသုံးအနှုန်းတွေ ကြည့်လိုက်ရင် ဘယ်လောက်တောင် အာဏာကိုဆုပ်ကိုင်ဖို့ စိတ်ပိုင်းဖြတ်ထားလည်း သိနိုင်ပါတယ်။

အခုလည်း ဒေါ်အောင်ဆန်းစုကြည်လို တခေတ်မှာတယောက် ပေါ်ထွန်းတဲ့ လူထုခေါင်းဆောင်နဲ့ ဆွေးနွေးတာတောင် အဖွဲ့အစည်း နာမည်မတပ်ဘဲ လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ သတ်မှတ်ပြီး သေးသိမ်အောင် လုပ်ပြန်ပါပြီ။ တွေ့ဆုံဆွေးနွေးမှုများဟာ အရင်ကမရှိခဲ့လို့ ကနဦးအနေနဲ့ ယုံကြည်မှုတည်ဆောက်ခြင်းဆိုရင် ထားပါတော့၊ ဦးသန်းရွှေဆက်သား ဗိုလ်ချုပ်အောင်ကြည်နဲ့တွေ့ပြီးတာတောင် ဆယ်ခါရှိပြီ။ ဟိုးအရင်ကလည်း ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ခင်ညွှန့်တို့နဲ့ တစုတဝေးတည်း တွေ့ဆုံခဲ့ပြီးပြီ။ ဒါလည်း သူတို့ဖက်က ယုံကြည်မှုတည်ဆောက်နေဆဲပါပဲ။ သူခိုးတယောက် မခိုးဘဲမနေတာ မဆန်းပေမဲ့ ကိုယ်က ခဏခဏ အခိုးခံနေရရင်တော့ တခုခုမှားနေပါပြီ။

၁၉၈၈ခုနှစ် စစ်တပ်အာဏာသိမ်းတာကို ကျောင်းသားတွေ ဆန့်ကျင်ကြတော့ တချို့လူတွေက ဆန္ဒ မစောကြပါနဲ့ကွာ၊ ရွေးကောက်ပွဲ လုပ်ပေးပါလိမ့်မယ်နဲ့၊ နောက်တော့ ဆွေးနွေးနေပါတယ်၊ အဲဒါပြီးတော့ အခြေခံဥပဒေ၊ နောက်တော့ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများကို စောင့်ကြည့်ပါအုံး၊ အခုနောက်ဆုံးမှာ ရွေးဂေါက်ပွဲ တမျိုးပြီးတမျိုး လိမ်လည်လှည့်ဖျားတယ်။ ယုံနေသေးတဲ့ သူများရှိသလို့ မဟုတ်မှန်းသိပေမဲ့ မိမိအကျိုးစီးပွားအတွက် ရူးချင်ယောင်ဆောင်သူ၊ ပူးပေါင်းအားပေးသူ အချောင်သမားများ ပိုများလာပါတယ်။ ဒါကို သိသိကြီးနဲ့ ကျွေးတိုင်းစားရင် ဖိတ်တိုင်းသွားရင် ကိုယ်သာ ပေါချာကြီးလို့ အများအမြင်ခံရနိုင်ပါတယ်။

ကိုယ့်ဖက်က တစိုက်မက်မက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေတာမို့ ဒင်းတို့အရူးလုပ်တာ မခံရဖို့ သင့်တော်မှန်ကန်စွာ တုံ့ပြန်ရပါမယ်။ သူတို့ဖိတ်ရင် တန်းတူညီတူ အဆင့်တူသူများကို အရည်အချင်းရှိသူများ ထဲက စေလွှတ်ပါ။ ဒါဟာတနည်းအားဖြင့် ကိုယ့်အဖွဲ့ဝင်များ အရည်အသွေးကို မြှင့်တင်ပေးတာ၊ ပြည်သူလူထု ထောက်ခံသူများနဲ့ မိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ အစိုးရအမှုထမ်း ဌာနဆိုင်ရာများနဲ့ ဆက်ဆံတဲ့အခါမှာလဲ တန်းတူညီမျှမှု လက်ကိုင်ထားကျင့်သုံးပါ။ တိုင်းအဆင့်ပါတီအကြီးအကဲများကို ခရိုင်၊ မြို့နယ် ရဲ၊ အုပ်ချုပ်ရေး အဖွဲ့များက ခေါ်ယူစစ်မေးတာ လက်မခံပါနဲ့။ ဒေါ်စုနဲ့ပါတီဗဟိုက နယ်ရုံးများအတွက် စံပြဖြစ်သင့်ပါတယ်။ အဆင့်လိုက် အရည်အချင်းရှိသူ ယုံကြည်ရသူများကို လိုအပ်တဲ့အခါ တွေ့ဆုံဖို့ တာဝန်များသတ်မှတ်ထားပါ။ ဘာတွေ သတ်မှတ်ပေးရမလဲ ခေါင်းသိပ်မစားပါနဲ့၊ ခေါ်တွေ့သူများကိုယ်တိုင်လည်း ဘာမှတိတိကျကျ ပြောဆိုဆွေးနွေး ပိုင်ခွင့်မရှိပါဘူး၊ ကိုယ်ကသွားလည်း နားထောင်ပြန်ရုံရှိတာပါ။

စစ်ဗျူဟာမှာ တိုက်စစ်ကို တိုက်စစ်နဲ့မတုံ့ပြန်ရ၊ ခံစစ်နဲ့တုံပြန်ရမယ်ဆိုတာ ကြားဖူးပါတယ်။ သို့ပေမဲ့ တချိန်လုံးခံစစ်ဆိုရင်တော့ ကြာလာရင် တိုက်စစ်မဆင်တတ်တော့မှာ စိုးရတယ်။ ဒါကြောင့်မို့ အန်အယ်ဒီဖက်မှ အပြောထက် တန်ပြန်ထိုးစစ်ဆင်တာ မြင်လိုပါတယ်။ ယုံကြည်မှုတည်ဆောက်ရေးဆိုတာ အစိုးရနဲ့ အတိုက်ခံ အကြားမှာရော၊ လူထုပါတီနဲ့ ထောက်ခံသူလူထုအကြားမှာပါ လိုအပ်ပါတယ်။ စစ်ဗိုလ်ချုပ်များက ဒါကိုသိလို့ တပ်တွင်း စည်းရုံးရေးများ ကျယ်ကျယ်ပြန့်ပြန်လုပ်ပါတယ်။ လက်တွေ့မှာလည်း ပြောသလို လုပ်ပြရမ်းပြတယ်။ တိုင်းပြည်အာဏာယူမယ့် နိုင်ငံကိုခေါင်းဆောင်ပြမယ့် အန်အယ်ဒီကရော ဘာလဲ ဘယ်လိုလဲ၊ စကားပုံတခု ရှိပါတယ်၊ အချိန်နဲ့ဒီရေသည် လူကိုမစောင့်တဲ့…။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး