စွန့်ပစ်ခြင်း
ကျွန်မတို့ ဝယ်ယူတဲ့ပစ်စည်းတွေ နောက်ဆုံးဘာဖြစ်ကုန်ကြသလဲ။ ဒီနှုန်းနဲ့ဝယ်ယူစားသုံးနေမှတော့ ကျွန်မတို့ရဲ့အိမ်တွေမှာ ပစ်စည်းတွေထားဖို့နေရာက မရှိတော့ဘူးပေါ့။ ဒါတောင် အမေရိကန်ပြည်ထောင်စုက အိမ်တွေရဲ့ပျမ်းမျှအရွယ်အစားက ၁၉၇ဝ ကျော်ကာလနေစလို့ နှစ်ဆကြီးမားလာခဲ့တာ။

စောစောကမေးခွန်းရဲ့အဖြေကတော့ ပစ်စည်းတွေအမှိုက်ပုံကိုရောက်ကုန်တယ်ဆိုတာပါဘဲ။ ဒါက ဒီကုန်ထုတ်လုပ်မှုစနစ်ရဲ့ စွန့်ပစ်ခြင်းအပိုင်းပေါ့။ ဒီအပိုင်းက ကျွန်မတို့အသိဆုံးအပိုင်းလို့လည်း ဆိုနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီစွန့်ပစ်ပစ်စည်းတွေကို ကျွန်မတို့ကိုယ်တိုင် အိမ်ထဲကနေ ခက်ခက်ခဲခဲဆယ်ထုတ်ပြီး၊ အမှိုက်ကား၊ အမှိုက်လာသိမ်းမဲ့ ပလက်ဖေါင်းစွန်းဆီ သွားပို့တာကိုး။ အမေရိကန်ပြည်ထောင်စုမှာတော့ ကျွန်မတို့ဟာ တနေ့ကိုအမှိုက် ၄.၅ ပေါင်ထုတ်လုပ်ပါတယ်။ ဒါက အိမ်ထောင်တခုချင်းစီရဲ့ အမှိုက်ထုတ်လုပ်မှုပမာဏနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ နဲ့ယှဉ်ရင် ၂ဆပေါ့။

ဒီအမှိုက်တွေကို ကျင်းတူးပြီးမြေမြုပ်တာဘဲ။ ဒါမှမဟုတ် မီးအရင်ရှို့ပြီးမှ မြေမြုပ်တာ။ ဒါဆိုရင်တော့ ရှင်တော်တော်ကံဆိုးလို့ဘဲ။ အဲဒီနည်းနှစ်ခုထဲက ဘယ်နည်းကိုဘဲသုံး သုံး၊ ရေ၊ မြေနဲ့ လေကို ညစ်ညမ်းစေတာဘဲ။ ပြီးတော့ ရာသီဥတုကို ပြောင်းစေတာလည်းမမေ့ပါနဲ့။

မီးရှို့ဖျက်ဆီးတဲ့အလုပ်ကတော့ တော်တော့ကိုဆိုးပါတယ်။ ”ကုန်ပစ်စည်း ထုတ်လုပ်ခြင်း” အဆင့်တုန်းက ဆွေးနွေးခဲ့တဲ့ အဆိပ်ဓါတုပစ်စည်းတွေကိုမှတ်မိတယ်မဟုတ်လား။ ပစ်စည်းတွေကို မီးရှို့တော့ အဒီအဆိပ်တွေက လေထဲရောက်တာပေါ့။ ပိုဆိုးတာက မီးရှို့ခြင်းကြောင့် အင်မတန်ပြင်းထန်တဲ့ စူပါအဆိပ်သစ်တွေကို ပေါ်ပေါက်စေတယ်။ ဥပမာ-ဒိုင်အောက်ဇင် (Dioxin) လိုဟာမျိုးပေါ့။ ဒိုင်အောက်ဇင်ဟာ သိပ်ပံပညာနယ်ပယ်မှာတော့ အဆိုးရွားဆုံးနံပါတ်တစ် အရင်းအမြစ်ပဲ။ ဒီတော့အမှိုက်မီးရှို့ခြင်းကို ရပ်နိူင်ရင် နံပတ်တစ် လူလုပ်အဆိပ်ပစ်စည်း ဒိုင်အောက်ဇင်ထွက်ပေါ်မှုကို ရပ်နိုင်မယ်။ ဒီနေ့ဘဲရပ်လိုက်ကြရအောင်။

တချို့ကုန်မဏီတွေက မြေတွင်းတူးတဲ့အလုပ်ကော၊ မီးရှို့တဲ့ကိတ်စပါ သူတို့တိုင်းပြည်အတွင်းမှာ မလုပ်ချင်ကြတော့ သူတို့ရဲ့စွန့်ပစ်ပစ်စည်းတွေကို အခြားတိုင်းပြည်တွေဆီ တင်ပို့ရောင်းချကြတယ်။

ဒါဆို Recycling (စွန့်ပစ်ပစ်စည်းများကို အသုံးဝင်သောကုန်ကြမ်းပစ်စည်းဖြစ်လာစေရန် ပြုပြင်ယူခြင်း) ကကော။ Recycle လုပ်တာ အကျိုးရှိလားဆိုရင် ရှိတယ်လို့ပြောရမှာပါပဲ။ Recycle လုပ်တဲ့အတွက် အမှိုက်ပမာဏကိုလျော့နည်းစေတယ်။ သယံဇာတ တူးဖေါ်ခြင်းနဲ့ ကုန်ကြမ်းအသစ် ရိတ်သိမ်းယူခြင်းကိုလည်းလျော့နည်းစေတယ်။ ဒါပေမဲ့ Recycle လုပ်တာတခုတည်းနဲ့ မလုံလောက်ပါဘူး။ ဘယ်တော့မှ လုံလောက်မှာမဟုတ်ဘူး။ ဒီအတွက် အကြောင်းပြချက်နှစ်ခုလောက်ရှိတယ်။

ပထမအကြောင်းပြချက်ကတော့ ကျွန်မတို့အိမ်တွေကနေပေါ်ထွက်လာတဲ့ အမှိုက်ဟာဘာမှမပြောပလောက်ပါဘူး။ ရေခဲတောင်ရဲ့ထိပ် အစွန်းသာဖြစ်တယ်။ ကျွန်မတို့တအိမချင်းဆီကနေ အမှိုက်ပုံးတပုံးစာ ထွက်လာပေးဖို့အတွက် စက်ရုံကနေ အမှိုက်ပုံး (၇၀) ပမာဏရှိတဲ့ အမှိုက်ကိုထုတ်လုပ်ရတယ်။ ဒီတော့ ကျွန်မတို့အိမ်က အမှိုက်တွေကို (၁၀၀%) Recycle လုပ်ရင်တောင် ပြသနာရဲ့ အဓိကအူတိုင်ကို မထိပါဘူး။

နောက်တချက်က အမှိုက်တော်တော်များများကို Recycle လုပ်လို့မရပါဘူး။ ဒါက ဒီအမှိုက်တွေမှာ အဆိပ်ပစ်စည်းပမာဏ အလွန်အကျွံပါဝင်နေလို့ဖြစ်နိုင်သလို၊ ကုန်ပစ်စည်းတွေကို စက်ရုံမှာဒီဇိုင်းလုပ်ကတည်းကကို Recycle လုပ်လို့မရအောင်ဖန်တီးထားလို့လည်းဖြစ်နိူင်တယ်။
ဥပမာ-သစ်သီးဖျော်ရည်ဘူးတွေလိုပေါ့။ အဲဒီဘူးတွေမှာ ပလတ်စတစ်၊ စက်ကူနဲ့ သတ်တုသားတို့ကို အလွှာအားလုံး တလွှာတည်းဖြစ်အောင် လုပ်ထားတာ။ အဲဒီတော့ Recycle အတွက် အဲဒီအလွှာတွေကို ပြန်ခွဲလို့မရတော့ဘူးပေါ့။

ကဲ….တွေ့တယ်မဟုတ်လား။ ဒီစနစ်က အကြပ်အတည်းထဲရောက်နေတဲ့ စနစ်ဆိုတာ။ တလျှောက်လုံးမှာ ကျွန်မတို့ဟာ အကန့်အသတ်တွေနဲ့ချည်းဝင်တိုးနေရတာ။ ရာသီဥတုပြောင်းလဲခြင်းကနေ ပျော်ရွှင်မှုလျော့ပါးခြင်းအထိဘဲ။ အလုပ်မဖြစ်ပါဘူးရှင်။

ဒါပေမဲ့ ဒီလိုသိသာထင်ရှားပြီး သက်ရောက်မှုုများတဲ့ ပြသနာရဲ့ ကောင်းကွက်ကတော့ ကြားဝင်ဆောင်ရွက်နိုင်တဲ့ နေရာတွေရှိနေခြင်းဘဲ။ အခုဆိုသစ်တောပြုန်းတီးမှုကိုကယ်တင်နေတဲ့လူတွေ၊ သန့်စင်တဲ့ကုန်ထုတ်လုပ်မှု ဖြစ်ပေါ်လာရေးအတွက် နိူးဆော်လှုပ်ရှားသူတွေ ရှိလာပါတယ်။ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေး၊ တရားသောကုန်သွယ်မှုဖြစ်ရေး၊ အသိတရားနဲ့ယှဉ်သော ဝယ်ယူစားသုံးမှုဖြစ်ရေး၊ အမှိုက်များမြေမြုပ်ခြင်းနဲ့ မီးရှို့ဖျက်ဆီးခြင်းတို့ကို တားဆီးရေး၊ ပိုပြီးရေးကြီးတဲ့ကိတ်စဖြစ်တဲ့ အစိုးရတွေကို ကော်ပိုရေးရှင်းတို့ရဲ့ လက်အောက်ကနေကယ်ထုတ်ပြီး၊ ပြည်သူလူထုအတွက် အစိုးရအမှန်ဖြစ်လာစေရေး စတာတွေအတွက် လုပ်ကိုင်ဆောင်ရွက်နေသူတွေလည်း အများအပြားရှိပါတယ်။

ဒီအလုပ်တွေဟာတကယ်ကို အရေးကြီးပါတယ်။ ထို့အတူပတ်သတ်ဆက်မှုတွေကို ကျွန်မတို့မြင်ကာမှဘဲ ဒီစနစ်ကြီးတခုလုံးကို ကျွန်မတို့မြင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့မှဘဲ ဒီအလုပ်တွေက အသက်ပိုဝင်မှာပါ။ ဒီစနစ်မှာပါဝင်နေသူတွေကသာ စည်းရုံးပြီး ညီညွတ်ရင် ဒီစနစ်ကိုအခြားစနစ်သစ်တခုဖြစ်လာအောင် တောင်းဆိုလို့ရ၊ အသွင်ပြောင်းလို့ရပါတယ်။ လူ့အရင်းအမြစ်နဲ့ သဘာဝသယံဇာတအရင်းအမြစ်တို့ကို မဖြုန်းတီးတဲ့စနစ်သစ်ရရေးအတွက်ပေါ့။

အခြားနည်းလမ်း

ကျွန်မတို့အမှန်တကယ်စွန့်ပစ်ရမှာက ”မလိုအပ်တာမှန်သမျှ စွန့်ပစ်ကြ” ဆိုတဲ့ ဂိုဏ်းဟောင်းရဲ့အတွေးဟောင်းကိုဖြစ်ပါတယ်။ ဒီကိတ်စတွေနဲ့ပတ်သတ်လို့ စဉ်းစားဆင်ခြင်နေတဲ့ ဂိုဏ်းအသစ်၊ အတွေးသစ်တွေရှိနေပါပြီ။ သူတို့ရဲ့အတွေးတွေက ရေရှည်တည်တံ့ရေးနဲ့ တရားမျှတရေးကို အခြေခံပါတယ်။ အစိမ်းရောင်ဓါတုဗေဒ (Greem Chemistry)၊ စွန့်ပစ်ပစ်စည်းကင်းပရေး (Zero Waste)၊ ကန့်သတ်စက်ဝန်း ကုန်ထုတ်လုပ်မှုစနစ် (Closed Loop Production) (မှတ်ချက်။ ။ ကုန်ထုတ်လုပ်သူရဲ့တာဝန်ရှိမှု၊ လုပ်ငန်းခွင်ဂေဟဗေဒ၊ စွန့်ပစ်ပစ်စည်း ကင်းပရေး၊ အဆိပ်ဓါတုကစ်စည်းသုံးစွဲမှု ကန့်သတ်ခြင်း၊ အလုပ်သမား၊ ရပ်ရွာနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်းစတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားတဲ့ ကုန်ထုတ်လုပ်မှုမျိုးဖြစ်ပါတယ်။) အစားထိုးစွမ်းအင် (Renewable Energy)၊ ရပ်ရွာစီးပွါးရေးစတာတွေဟာ စောစောကပြောသလို ရေရှည်တည်တံ့ရေးနဲ့ တရားမျှတရေးကို အခြေခံစဉ်းစားတဲ့ ဂိုဏ်းသစ်၊ အတွေးလမ်းကြောင်းသစ်တွေ ဖြစ်ပါတယ်။ ဒါတွေကအမှန်တကယ် ပေါ်ပေါက်ဖြစ်ထွန်းနေပါပြီ။

တချို့ကတော့ဒါတွေက အရှိတရားနဲ့ဝေးကွာတယ်……စိတ်ကူး ”စံ”ဝါဒသက်သက်သာဖြစ်တယ်၊ လက်တွေ့မှာမအောင်မြင်နိူင်ဘူးလို့ ဆိုကြတယ်။ ကျွန်မအတွက်ကတော့ လမ်းအိုလမ်းဟောင်းမှာ ဆက်လျှောက်နေသူတွေသာ အရှိတရားနဲ့ ဝေးကွာနေသူတွေ၊ အမှန်ကိုမမြင်နိူင်သူတွေလို့သတ်မှတ်တယ်။ လမ်းဟောင်း လိုက်သူတွေဟာ အိပ်မက် မက်နေတာဘဲရှိတာ။

အဲဒီလမ်းဟောင်းဆိုတာဟာလည်း သူ့ဘာသာသူ့ဖြစ်လာတာမဟုတ်ပါဘူး။ ကျွန်မတို့မလိုလျင်လည်းရနေတဲ့ မြေဆွဲအားလို မဟုတ်ဘူး။ လမ်းဟောင်းတွေကိုလူကဖန်တီးတာ။ ကျွန်မတို့ကလည်းလူတွေဘဲ မဟုတ်လား။ ဒီတော့ လမ်းသစ်ကိုဖန်တီးကြပါစို့။

(The Story of Stuff End)

Shwe Ei
10th Aug 2011

About Shwe Ei

Shwe Ei has written 44 post in this Website..