ကျွန်မတို့နိုင်ငံ က ထေရ်ဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ ခုနောက်ပိုင်းလူတွေကို ကြည့်ရတာ ယဉ်ကျေးမှု ၊ ရိုသေနားလည်မှု ၊ စာနာမှုတွေလဲ အလွန်ခေါင်းပါးတယ် လို့တွေးမိပါတယ်။ အထူးသဖြင့် ကားစီးတဲ့အခါ လူတွေရဲ့ အတ္တတွေကို ပိုတွေ့ရပါတယ်။ ကားပေါ်မှာ ကိုယ့်ထက်အသက်ကြီးသူတွေ့ရင် ပေးထိုင်ရမှန်းမသိတာလား ၊ မမြင်ချင်ယောင်ဆောင်တာဖြစ်ဖြစ်နဲ့ ပေကတ်ထိုင်နေကြပါတယ်။ သံဃာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးတွေကို ငဲ့ညာ သင့်တယ်ဆိုတဲ့အတွေးမျိုးတွေ မရှိကြတော့ဘူး ထင်ပါရဲ့။  ဒါဆို ကားတွေပေါ်မှာရေးထားတဲ့ သံဃာနဲ့အသက်ကြီးသူများ ဦးစားပေးပါဆိုတဲ့စကားက မှားပြီလို့ထင်ပါတယ်။

ကျွန်မမနက် အလုပ်လာတုန်းက အဖြစ်အပျက်လေး တစ်ခုကိုပြောပြချင်ပါတယ်။ ကျွန်မတို့အလုပ်က လှိုင်သာယာမှာရှိလို့မနက်ဆိုလိုင်းကားစီးဖြစ်ပါတယ်။ ကားကလဲ 96 ဒိုင်နာကားပေါ့နော်။ ကားက လူတော်တော်ကြပ်ပါတယ်။ ဘုရင့်နောင်ရောက်တော့ သက်ကြီးပိုင်းသံဃာတစ်ပါးတက်လာပါတယ် ။ သံဃာကြီးက အလွန်အသက်ကြီးနေပါပြီ … သူ့ခမျာတုန်တုန်ချိချိဖြစ်နေတာပါ … ကျွန်မလို လူငယ်တောင် ကားကိုသေသေချာချာ လက်အံသေအောင် ကိုင်ထားရပါတယ် … ဘာနဲ့တူလဲဆိုတော့ (ဒိုင်နာကားစီးရတာ ဇီးဖြူသီးဇကောထဲထည့်လှိမ့် သလိုမျိုးနဲ့တူပါတယ်) ။

ကျွန်မရပ်နေဘေးဘက်အတန်းမှာ ယောကျာ်းတွေအများဆုံးထိုင်တာပါ။ ကြီးသူ၊ငယ်သူ အရွယ်စုံပေါ့နော် အဲ့လိုအချိန်မှာ ကားပေါ်ပါတဲ့ယောကျာ်းတွေရဲ့စိတ်ကို အလွန်အံသြမိပါတယ်။ အဲ့ဒီ့ သံဃာကို ဘယ်သူမှနေရာက ထပေးဖို့မစဉ်းကြပါဘူး။ ကျွန်မသာဆိုမနေနိုင်ပါဘူး ကိုယ့်ထက်ငယ်တဲ့သူဆိုလဲထပေးပါတယ်။ ကိုယ်ထက်အသက်ကြီးအဖိုးအဖွားအရွယ် လဲထပေးပါတယ်။ သူတို့ခမျာ လှုပ်လှုပ်ပဲကျန်တော့တဲ့အရွယ်မို့လို့ပါ။ နေရာရရင်တောင် လုမထိုင်ပါဘူး အသက်ကြီးသူကိုဦးစားပေးလိုက်ပါတယ်။ ခုတော့ကားပေါ်ထိုင် နေသူအားလုံး ယောက်ျားတွေချည်းပါပဲ တစ်ယောက်မှထမပေးကြပါဘူး ။ ရှက်ဖွယ်ကောင်းတဲ့ မြင်ကွင်းပါပဲ ။ စပယ်ရာကလဲသူ့ဘာသာလူကြပ်ပြီး နေရာထပေးဖို့မပြောပါဘူး ။ ကျွန်မအနေနဲ့ဒေါသထွက်ရုံကလွဲလို့ ဘာမှပြောခွင့်လဲမသာ ခဲ့ပါဘူး။

ကျွန်မကားပေါ်က ဆင်းလာခဲ့သည့်တိုင်အောင် သံဃာအိုကြီးကိုနေရာ က ဖယ်ပေးတဲ့ သူကိုမတွေ့ခဲ့ရပါဘူး။ ဒါကြောင့် ကျွန်မဆရာတော်တစ်ပါးဟောတဲ့တရားတစ်ပုဒ်ကိုသွားသတိရမိပါတယ်  ငရဲကိုအများဆုံးသွားရတာ ဒကာကြီးတွေများတယ်တဲ့ ဆရာတော်ဟောတာဖြစ်နိုင်တယ်လို့ ထင်မိပါတယ် ။ ဟုတ်တယ်လို့လဲ ထင်လိုက်ပါတယ် ဒီလောက်အသက်ကြီးနေပြီး ဒါလေးမှ မလုပ်ပေးနိုင်ဘူးလား လမ်းခရီးတစ်ထောက် နေရာလေးတစ်နေရာပေးလိုက်တာ ဘယ်လောက်များအပန်းကြီးသွားလဲ ဆိုတာ ကိုစဉ်းစားမိလို့မပေးတာ များလားလို့တောင် ထင်မိပါတယ် တစ်ခါတစ်လေ တစ်ချို့လိုင်းကားပေါ်မှာရှိပါသေးတယ် စပယ်ရာ ဒီလောက်နေရာဖယ်ပေးဖို့သံဃာ ခုံတောင်းတာတောင်ထမပေး တဲ့သူတွေကို တွေ့ဖူးပါသေးတယ် ။

တခါတလေ မိန်းခလေးနဲ့ အပြိုင်နေရာလုထိုင်ရဲတဲ့ ကောင်လေးမျိုးတွေလဲ အများကြီးတွေ့ဖူးပါတယ် ။ လူတိုင်းတော့မဟုတ်ဘူးပေါ့နော်။ လူတစ်ယောက်အနေနဲ့ကြည့်ရတာလဲ အလွန်မှ စာနာမှုကင်းမဲ့တဲ့ မြင်ကွင်း မျိုးလို့ ထင်ပါတယ်။အကျင့်ပျက်တဲ့ နိုင်ငံ သံဃာကို မလေးစားတဲ့ နိုင်ငံမဖြစ်သင့်ဘူး လို့ထင်ပါတယ် ။ လူမျိုးခြားက လွဲပီး မည်သည့်အတန်းအစားမဆို နိုင်ငံမှာ ဗုဒ္ဓဘာသာအများဆုံး ပါ ကိုယ့်လူမျိုးအချင်းချင်းမှ ကိုးကွယ်တဲ့ သံဃာကို အလေးမထားရင် ဖြင့် ကျွန်မတို့နိုင်ငံရဲ့ နောင်တစ်ချိန် သံဃာတော်ကွယ်ပျောက်မှာ အလွန်ပဲ စိုးရိမ်မိပါတယ်။ ကျွန်မ တို့လူငယ်တွေအနေနဲ့ လဲ အပန်းမကြီးတဲ့ ခရီးလမ်းတစ်ထောက်မှာ ဤကဲ့သို့အဖြစ်မျိုး ကြုံကြိုက်ခဲ့မယ်ဆိုရင် မေတ္တာရှေ့ထားပြီးကူညီပေးကြပါလို့ အကူအညီတောင်းခံအပ်ပါတယ် …

About annonymous

has written 4 post in this Website..