thehiberniatimes.com

 

အခုလက်ရှိ ကမ္ဘာကြီးမှာ ဆေးလိပ်၊ အရက်၊ အဝလွန်ခြင်း၊ လေထုညစ်ညမ်းမှု၊ အာဟာရမပြည့်ဝမှု၊ ကင်ဆာ၊ AIDS စတဲ့ အသက်တိုစေတဲ့ အကြောင်းများစွာ ရှိတဲ့ အထဲမှာ အခုနောက်ထပ် အကြောင်းအရာသစ်တစ်ခု ထပ်တိုးလာပြန်ပါပြီ။

အချိန်ကြာမြင့်စွာ တီဗွီကြည့်ရှုလေ့ ရှိခြင်းဟာ အသက်တိုစေ ပါသတဲ့ ခင်ဗျာ။ တီဗွီကို တစ်နာရီလောက် ကြည့်ရှုခြင်းဖြင့် အသက်ကို ၂၂ မိနစ်လောက် တိုစေနိုင်ပါသတဲ့။ သဘောကတော့ တစ်နေ့ကို ၆ နာရီလောက် တီဗွီကြည့်ခြင်းအားဖြင့် တသက်တာမှာ ၅ နှစ်လောက် စောပြီး သေဆုံးနိုင်ပါတယ်။ British Journal of Sports Medicine မှာ သြစတေးလျက သုတေသီတွေ ဖော်ပြခဲ့တာပါ။

သဘာဝအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ အသက်ရှည်မှုကို ဖြစ်ပေါ်စေပြီး ထိုင်နေတဲ့ အချိန် ကြာမြင့်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်း တွေဟာ အသက်တိုမှုနဲ့ ဆက်စပ်နေကြောင်း ဒီအစီအရင်ခံစာကို ရေးသားသူ တစ်ဦး ဖြစ်တဲ့ Queensland တက္ကသိုလ်က Dr.Lennert Veerman က ပြောကြားခဲ့ပါတယ်။

လေ့လာမှုတွေအရ သြစတေးလျ နိုင်ငံသားတွေဟာ ပျမ်းမျှ တစ်နေ့ကို ၂ နာရီလောက် တီဗွီ ကြည့်ရှုလေ့ ရှိကြတဲ့အတွက် အမျိုးသားများမှာ ၁.၈ နှစ် နဲ့ အမျိုးသမီးများမှာ ၁.၅ နှစ်ခန့် အသက်တို ကြရပါသတဲ့။ အလားတူပဲ အင်္ဂလန်နဲ့ စကော့တလန်မှာ ပြုလုပ်တဲ့ လေ့လာမှုတွေကလဲ တီဗွီကြည့်ခြင်းအားဖြင့် အသက်တိုနိုင်ကြောင်း တွေ့ရှိရပါတယ်။ မနှစ်တုန်းကလည်း သြစတေးလျနိုင်ငံက အခြား လေ့လာမှုတစ်ခုက တစ်နေ့ကို တစ်နာရီလောက် တီဗွီ ကြည့်ရှုခြင်းကြောင့် ၈% လောက် အသက်တိုမှု ဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာကတော့ ကွန်ပြူတာကို မထတမ်း အသုံးပြုနေကြတဲ့ လူတွေမှာရော ဘယ်လို သက်ရောက်မှုမျိုး ရှိနိုင်မလဲ ဆိုတာပါ။ ပြီးတော့ ဒီတွေ့ရှိချက်အရဆို နောက်နောင် တီဗွီမှာ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်” ဆိုတာမျိုး စာတမ်းထိုးသလို “တီဗွီကြည့်ခြင်းဖြင့် အသက်တိုစေနိုင်သည်” ဆိုတာမျိုး စာတမ်းထိုး ရမလားပဲ။ ခက်တာက တီဗွီ ဆိုတာကလည်း အခုခေတ်မှာ အိမ်တိုင်း မရှိမဖြစ် ဆိုတာလောက်ကို အရေးပါနေတော့ အသက်တိုကာမှ တိုရော၊ အနည်းဆုံး ဂြိုလ်တု သတင်းတွေ လောက်တော့ ကြည့်ဖြစ်အောင် ကြည့်နေရဦးမှာပါ။     ။

Ref: www.guardian.co.uk

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။