နော်ဝေ ဆီ သို့ …..( ၄ )
၂၄ နာရီလုံး အလင်းရောင် ရနေတဲ့ ကိစ္စက ဒီကိုရောက်လာတဲ့ မိသားစုတွေမှာလဲ ကြုံတတ်တယ် ကလေးက ဆော့ကောင်းတုန်း တော်တော်နဲ့ မအိပ် သား အိပ်ချိန်ရောက်ပြီ အိပ်တော်လေ ဆိုတော့ နေ့ဘက်ကြီး မိုးတောင်မချုပ်သေးဘူး ဘယ်လိုအိပ်မလဲတဲ့..
နော်ဝေမှာ မေလနှောင်းပိုင်းကနေ ဇူလိုင်လနှောင်းပိုင်းအထိ က ၂၄ နာရီလုံး လင်းနေတယ် မြောက်ပိုင်းမှာ ပိုလင်းတယ် အော်စလိုမှာတော့ သန်းခေါင်လောက်ဆို အလင်းနဲနဲလျော့သွားတယ် ၂ နာရီလောက်ကျ ပုံမှန်အတိုင်း ပြန်လင်းလာတယ် ၊သူနဲ့ ပြောင်းပြန် နိုဝင်ဘာလနှောင်းပိုင်း ကနေ ဇန်န၀ါရီလနှောင်းပိုင်းအထိကျ တစ်နေ့ ၄ နာရီ လောက်ပဲ လင်းပြီ ကျန်တာက မဲမှောင်နေရော (နော်ဝေမြောက်ပိုင်းကတော့ ၂၄ နာရီလုံးလုံး မဲမှောင်နေတာပါ) ဆောင်းတွင်းဆို အိမ် အပြင်ဘက်မှာ ရေခဲထုက ၃ ပေ လောက်ရှိတယ် အဲဒီကာလဆို အစိုးရက နံက် ၂ နာရီလောက်ကစပြီး တနိုင်ငံလုံး လမ်းအားလုံးကို နှင်းတွေ လိုက်ရှင်းပေးတယ် အခု ကားတွေမှာ သုံးနေတဲ့ ကားတာယာတွေက ဆောင်းတွင်းဆို နှင်းထဲသွားလို့ရတဲ့ တာယာနဲ့ ပြန်ပြောင်းရတယ် ဒီမှာ ယာဉ်မောင်းလိုင်စင်ဖြေရင် အမှောင်ထဲ ကားမောင်းတာနဲ့ နှင်းထဲမောင်းတဲ့ကျွမ်းကျင်မှုကိုပါ စစ်တယ် နောက် ကားနဲ့ပတ်သတ်လို့ ထူးခြားချက်တွေက သူတို့ဆီမှာ ကားဈေးကြီးတယ် (ကျွန်တော်တို့ ဆီထက်တော့ သက်သာပါတယ်) နိုင်ငံမျိုးစုံက ကားမျိုးစုံကို သုံးတယ် တွေ့ခဲ့တာ ဂျာမနီ၊ပြင်သစ်၊ဂျပန်၊အမေရိကန် အစုံပဲ မလေးက ပရိုတွန်တောင်ပါသေး ကားမောင်းတိုင်း ဘယ်ရာသီ ဖြစ်ဖြစ် နေ့နေ့ညည မီးဖွင့်မောင်းတာလဲ ထူးခြားချက်ပါပဲ လမ်းကြောကတော့ မြန်မာပြည်နဲ့ အတူတူ ညာကပ်မောင်းစနစ်ပါ …။
ဒီမှာ ရွှေ့ပြောင်းနေထိုင်သူက နိုင်ငံလူဦးရေရဲ့ ၁၂ % လောက်ရှိပါတယ် ၊ ကျွန်တော်တို့နေတဲ့ အဆောင်(အားလုံး ၉ ဆောင် ရှိတယ်) မှာတင် ကျွန်တော် တို့လို ခဏလာတည်းတဲ့ လူရှိသလို ဒီမှာရောက်တာ ၁၀ နှစ်ကျော်ရှိနေတဲ့ ဒီမှာပဲ ကိုယ်ပိုင်အိမ်လို သဘောထားတဲ့သူတွေရှိတယ် ။
နော်ဝေ တစ်နိုင်ငံလုံး အခန်းထဲမှာ ဆေးလိပ်မသောက်ရဘူး သောက်ချင်ရင် အခန်းအပြင်ထွက်သောက် (အဆောင်က အခန်းတိုင်းမှာလဲ smoke detector တပ်ထားတော့ ကိုရွှေဗမာ တွေလဲ ခိုးမသောက်ရဲဘူး) အဲဒါကြောင့် အဆောင်တိုင်းရဲ့ ရှေ့မှာ ဆေးလိပ်ခွက်လေးတွေ တိုင်မှာ ကပ်ပေးထားတယ် အဲဒီမှာ ညနေဘက်ဆို လူစုစုနဲ့ပေါ့ ကျွန်တော်က ဆေးလိပ်မသောက်ပေမဲ့ သောက်တဲ့သူတွေနဲ့ စကားထွက်ပြောရင်း ယူဂိုဆလပ် လင်မယားနှစ်ယောက်နဲ့ ခင်ခဲ့သေးတယ်
သူတို့လင်မယားလဲ ဒီရောက်နေတာ ၁၀ နှစ်ကျော်ပြီ သူတို့တိုင်းပြည်မှာ စစ်တွေဖြစ် ပြသနာတွေတက်နဲ့ ထွက်ပြေးလာရင်းက နော်ဝေကို ရောက်လာကြတာ သူတို့ဆီက အတွေ့အကြုံတွေသိရသလို ဗဟုသတတွေလဲ ရလိုက်တာ ရှိပါတယ် ဒီမှာပစ္စည်းတိုင်းက ဈေးကြီးတယ် မှောင်ခိုဈေးကွက်မှာ သွားဝယ်ရင် ဈေးသက်သာတယ် ရဲ ၀င်ဖမ်းတတ်တဲ့ အတွက် ခိုးကြောင် ခိုးဝှက်တော့ ၀ယ်ရတယ် အချိန်ရရင် မှောင်ခိုဈေးကို ခေါ်သွားမယ်ဆိုပေမဲ့ အားချိန် မတူတာနဲ့ မရောက်ခဲ့ရပါဘူး
နောက် ကျွန်တော်တို့ရှေ့အဆောင်မှာ ရုရှက ကောင်မလေးရှိတယ် ကရိုနာ ၅၀၀ တဲ့ (သူမိန်းမ မပါတဲ့အချိန် တိုးတိုးပြောပြတာ လူမျိုးတွေသာ ကွဲသွားပေမဲ့ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ရင် မိန်းမတွေကို ကြောက် ရတာက တူသွားပြန်ရော ၊ အဲဒီတုန်းကသာ ကရိုနာ ၅၀၀ အကုန်ခံခဲ့ရင် ကိုကြောင်ကြီးကို ပြောစရာတစ်ခုတော့ ရပြီ ) ၊ နောက် သူတို့ လင်မယားပြောတဲ့ စကားတစ်ခွန်းကတော့ ဘာကြောင့် ပြောတယ်ဆိုတယ် ချက်ချင်း သဘောမပေါက်ပေမဲ့ ပြန်ခါနီးတော့ နားလည်သလိုလို ရှိခဲ့ပါတယ် သူတို့ပြောတာက ဒီကလူတွေက အရှုးတွေပဲတဲ့ ယောင်္ကျာက crazy လို့ သုံးတာကို မိန်းမက mad လို့ ၀င်သုံးပေးသွားပါတယ် ။
နော်ဝေမှာ နေတဲ့သူတွေထဲက အလုပ်မရှိတဲ့သူ လခနဲတဲ့သူကို အစိုးရက ထောက်ပံ့ကြေးပေးတယ် အခြေခံလုပ်သား တစ်ယောက်ရဲ့ လစာက ဒေါ်လာ ၃၀၀၀ လောက် ရတယ် (ဒါဆို လစာနဲပါတယ်တဲ့ ..ဟင်း …) အဲဒီလူတွေကို အစိုးရက ထောက်ပံ့ကြေး ၂၀၀၀ ထပ်ပေးတယ် တစ်လ ဒေါ်လာ ၅၀၀၀ လောက် ရပေမဲ့ ချွေတာမှ နဲနဲပဲပိုပြီး သူတို့တိုင်းပြည်မှာ ကျန်ခဲ့တဲ့ မိသားစုကို ပြန်ပို့ပေးနိုင်တယ် လူမှုဖူလုံရေး ထောက်ပံ့ကြေး ပေးတာမှာတောင် လင်မယား နှစ်ယောက် ကလေးရှိတယ် သူတို့ရတဲ့ ထောက်ပံ့ကြေးထက် လင်မယားကွဲသွားပြီး ကလေးကို စောင့်ရှောက် ထားရရင် ထောက်ပံ့ကြေး ပိုရတဲ့အတွက် တချို့ စာရွက်ပေါ်မှာ အကွဲပြပြီး ထောက်ပံ့ကြေး ညာယူတဲ့သူတွေရှိပါတယ် ကျွန်တော်တို့ ရွှေတွေ အဲဒီထဲ မပါဘူးလို့ သတင်းကြားရလို့ တော်သေးတယ် နော်ဝေမှာ မြန်မာတွေ ရောက်နေတာ ၃၀၀၀ လောက် ရှိတယ် နောက်ထပ် ကောင်းတာရှိသေးတယ် ကလေးမီးဖွားရင် အမေ ခွင့်ရတာကထုံးစံ သူတို့ဆီမှာတော့ အဖေကိုပါခွင့်ပေးတယ် ဗျာ လစာနဲ့ ၄၆ ပတ်ပေးတယ် ။
နော်ဝေကို ရောက်ပြီး ပထမဆုံး အော်စလိုကိုသွားတဲ့နေ့က ညနေဘက်ဆို လူအရမ်းစည်တဲ့ ကမ်းနားမှာ ညစာသွားစားကြတယ် (နော်ဝေ မိတ်ဆွေ တွေက လိုက်ကျွေးတာမို့ပါ ) မြို့ထဲမှာ ကားရပ်နားခက ဈေးကြီးတဲ့အတွက် ကိုယ်ပိုင်ကားနဲ့ မသွားပဲ မြို့ထဲကို ရထားနဲ့သာ အသွားများတယ် အဆောင်ကနေ လေဆိပ်ကို shuttle bus စီးတယ် (ကရိုနာ ၄၀ ပါ ) လေဆိပ်ထဲမှာ ရှိတဲ့ ဘူတာကနေ အော်စလိုမြို့ထဲကို အမြန်ရထားနဲ့ အနှေးရထား ဆိုပြီး နှစ်မျိုးရှိပါတယ် အမြန်က မိနစ် ၂၀ လောက်ကြာပြီး ကရိုနာ ၁၇၀ ၊ အနှေးက ၃၀ မိနစ်လောက်ကြာပြီး ကရိုနာ ၁၁၀ ပါ အဲဒီတော့ အော်စလို မြို့ထဲကို အများသုံးကား၊ရထားနဲ့သွားတာတောင် အသွား/အပြန်ဆို ဒေါ်လာ ၁၀၀ နီးနီး ကျနေတော့ မြို့ထဲကို ၃ ခေါက်ပဲ သွားဖြစ် ခဲ့ပါတယ် ဟို လင်မယား ပြော တာလဲ နဲနဲတော့ သဘောပေါက် သလိုလို ရှိလာပါတယ်
ရထားနဲ့သွား၊ အော်စလိုဘူတာကြီး ရောက်ပြီးမှ ကားထပ်ငှား အော်စလိုကမ်းနား Aker Brygge ကို ထပ်သွားပါတယ်၊ Aker Brygge က အော်စလိုရဲ့ ထင်ရှားတဲ့ နေရာတစ်ခု ၊ အချင်းချင်းဆုံဘို့ ချိန်းတဲ့နေရာ ဒေသခံရော ဧည့်သည်တွေရော မကြာခဏ သွားလည်ကြတဲ့နေရာ (အဲဒါကြောင့် ကျွန်တော်တို့ကို ခေါ်သွားတာဖြစ်မယ် ရန်ကုန်မှာဆို ဧည့်သည်ကို ရွှေတိဂုံကို လိုက်ပို့သလိုပေါ့ ) အဲဒီနေရာကို တနှစ် လူ ၁၂ သန်း လောက် လာလည်ကြပါတယ်တဲ့ ဈေးဝယ်ဘို့ ဆိုင် ၇၀ လောက်နဲ့ စားသောက်ဆိုင် ၄၀ လောက်ရှိတယ် ကမ်းနားဘေးမှာမို့ ဒါ ပင်လယ်လား မြစ်လားဆိုတော့ တစ်ခုမှ မဟုတ်ဘူး Oslo Fjord ပါတဲ့ (ဖရော့ နဲ့ ဖြူရော့ ကြားက အသံထွက်တယ်) ပင်လယ် မဟုတ်ဘူး ပင်လယ်ကနေ စီးလာတာ ဘာညာနဲ့ ရှင်းပြရော သူတို့ အဲဒါကို တော်တော်သဘောကျတယ် ထင်တယ် Oslo ဒါမှမဟုတ် Head of the Fjord ဆိုတဲ့ အသုံးအနှုံးကို ခဏ ခဏ တွေ့တယ် (Fjord ကို ဘိုလိုရှင်းထားတာတော့ A long, narrow, deep inlet of the sea between high cliffs, as in Norway and Iceland, typically formed by submergence of a glaciated valley. )
ကမ်းနားမှာ တော်တော်ချမ်းတယ် သူတို့ထဲက တစ်ယောက် အနွေးထည် ၀တ်မလာတာ ချမ်းတုန်နေရော ဟိုဒီ လျှောက်ကြည့်ပြီး ညနေစာ စားကြတယ် ဘီယာသောက်တယ် ဆော်လမွန်ငါးဆိုတာ (အကြီး တစ်တုံး၊ အသေးတစ်တုံး ပဲပါတယ်) စားတယ် ဘာများထပ်လာမလဲ ခပ်တည်တည်နဲ့ စောင့်နေတာ ဒါပဲဗျာ ရှင်းတော့ လူ(၇)ယောက် ကို ဒေါ်လာ ၆၀၀ လောက် ကျတယ် ( မြန်မာပြည်မှာ အဲဒီလောက်ဆို ဗိုက်ရိုက်ကျွေးလို့ရတယ် ဟိုလင်မယားပြောတာ သိပ်တော့ မလွန်ဘူး ထင်တာပဲ)
စားပြီးတော့မှ လမ်းလျှောက် ဓါတ်ပုံရိုက်ကြတယ် ရိုက်ထားတဲ့ တစ်ပုံမှာ နာရီစင် တစ်ခုကိုရိုက်မိတော့ ည ၁၁ နာရီ ထိုးဘို့ ၅ မိနစ် အဲဒီအချိန်ရှိတဲ့ အလင်းရောင် လက်တွေ့ပြလို့ ရတာပေါ့ ကမ်းနားမှာ Volvo ကားသစ်တွေ ဒီအတိုင်းပြထားတာ ငါတို့တွေ ဒီလို ကားသစ်လှလှလေးမျိုး လူတိုင်းတတ်နိုင်တဲ့ ဈေးနဲ့ ဘယ်တော့များမှ စီးနိုင်မလဲ လို့လဲ စဉ်းစားမိတယ် ၊ ကမ်းနားမှာ ရုပ်ထုတစ်ခုတွေ့တာ fjord ဘက်ကို လက်အုပ်ချီပြီး ၊ ၀တ်ထားတာက ပုဆိုးလိုလို ၊ မေတ္တာပို့ဆုတောင်းနေတဲ့ ပုံစံမျိုးမို့ ကျွန်တော်တို့ကတော့ နော်ဝေဦးရှင်ကြီး လို့ နာမည်ပေးခဲ့တာပဲ၊ လူကတော့ တော်တော်စည်တယ် ကမ်းနား စရောက်ကာစက ကျွန်တော်တို့မှာ ပျှော်လိုက်တာ ဘာဖြစ်လို့ဆို ကျွန်တော်တို့နေရတဲ့နေရာက လူသွားလူလာ သိပ်မရှိ တိတ်ဆိတ်ငြိမ်သက်နေတာမို့ အော်စလို တရားရိပ်သာ မှာ လာတရားကျင့်ကြံတဲ့လူတွေလိုဖြစ်နေတာမို့ ဘာမှ ထူးထူးဆန်းဆန်း မတွေ့ရသေးဘူး လူတွေ့တာနဲ့တင် ပျှော်နေပြီ နောက် Aker Brygge နဲ့ နီးတာက အော်စလို မြို့တော်ခန်းမ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တဲ့နေရာပေါ့ ၃ မိနစ်လောက်ပဲဝေးတယ် taxi စီးနေရင်း နဲ့ ယာဉ်မောင်းက ဘယ်ကလာတာလဲလို့ စပ်စုတာ မြန်မာ ဆိုတာကို မသိဘူး တရုတ်ကြီးနဲ့ အိန္ဒိယကြားမှာကွာ ဆိုတော့လဲ သိပ်မလှုပ်ဘူး အမေစုနာမည် ပြောတော့မှ သူ့ဆီက အသံထွက်လာတော့တယ် ဒါဆိုသိတာပေါ့တဲ့ ဒီခန်းမကြီးမှာ ဆုရတယ်လေတဲ့……………
အဲဒီ ညက အခန်းပြန်ရောက်တော့ မနက် ၁ နာရီ အဲဒီအချိန်ကျမှပဲ ရွာထဲလိုက်လည်ရတော့တယ် တော်တော်များများကတော့ အိပ်ပျှော် နေကြပြီပေါ့
ဒီက ရာသီဥတုက မိုးရွာလိုက် နေပူလိုက်ပဲ မိုးက တအားသည်းတာတော့ မဟုတ်ဘူး အသင့်အတင့်ပဲ ၂ ရက်လောက် ရွာလိုက် ၁ ရက်လောက် နေပူလိုက် ။ ဒီမှာ ကမ္ဘာလှည့် ခရီးသည်တွေ လာတာရှိပေမဲ့ နေရာ တော်တော် များများက နော်ဝေဘာသာ စကားနဲ့ စာတမ်းထိုးတွေပဲရှိတယ် အင်္ဂလိပ်လို သိပ်မရှိဘူး
မြို့ထဲ လည်ပတ်နေရင် စီးလို့ အဆင်ပြေတာလေး တစ်ခုရှိတယ် ၂၄ နာရီအတွင်း အများနဲ့ ဆိုင်တဲ့ မြို့ပတ်ရထား ၊ ကား၊ ကြိုက်တာစီး ဘယ်နှစ်ကြိမ် စီးစီး ကရိုနာ ၇၀ ပဲပေးရတဲ့လက်မှတ်လေးတွေရှိတယ်
နော်ဝေမှာ ဈေးကြီးလို့ တချို့က ဆွီဒင်နယ်စပ်မှာ ဈေးသွားဝယ်ကြတယ် ကားနဲ့သွားရင် တစ်နာရီခွဲ ခရီးပဲရှိပေမဲ့ သွားခွင့်မကြုံလိုက်တော့ အဲဒီအတွေ့အကြုံ မရလိုက်ဘူး
အခန်းထဲမှာ အင်တာနက် မသုံးတဲ့အချိန်ဆို တီဗီကြည့်ဖြစ်ပါတယ် အားကစားရော ဇာတ်လမ်းရော လိုင်းကောင်းလေးတွေ တော်တော်များတယ် ထူးဆန်းတဲ့ လိုင်းတစ်ခုက သင်္ဘောကြီးသွားနေတဲ့ပုံပြတဲ့လိုင်းပါ သင်္ဘောကြီးက သွားနေတယ် သင်္ဘောရှေ့မှာ မြင်နေရတာပြတယ် (ပင်လယ်ကြီးပဲ မြင်နေရတယ်) သံလိုက်အိမ်မြောင်ပြတယ် ဒါပဲ ဘာမှလဲ ထူးထူးခြားခြားမပါဘူး ရေပြလိုက် သံလိုက်အိမ်မြောင်ပြလိုက်နဲ့ တစ်နေ့လုံး အဲဒီလို ပြနေတာ ဘယ်သူတွေကကြည့်ပြီး ဘာရည်ရွယ်ချက်နဲ့ပြလဲတော့ မသိဘူး အဲဒီလိုင်းက မထူးခြားပေမဲ့ ထူးခြားတဲ့ ကာလသားကြိုက်ကတော့ ည ၁၂ လောက်ဆို လာပြီ ၂ လိုင်း လောက်က အလကားပြတယ်၊
documentary တစ်ခုမှာ ပြလို့ နော်ဝေ အမျိုးသမီး တိုက်လေယာဉ်မှူး နှစ်ဦးရဲ့ အကြောင်း ကြည့်ရတာလေးလဲ ကောင်းတယ် နောက် သတိတရရှိတာ တစ်ခုက ကျွန်တော်တို့ ရှိနေတုန်း သောကြာနေ့ တစ်ရက်မှာ အခမဲ့ ဂီတဖျော်ဖြေပွဲ မြို့တော်ခန်းမရှေ့မှာ လုပ်တာ တစ်ခုရှိတယ် သွားကြည့်ဘို့ စဉ်းစား ကြည့်သေးပေမဲ့ ကုန်ကျစရိတ် ၊ သွားလာရမဲ့ ခရီးဝေးတာ နဲ့ တီဗီကပဲ ကြည့်ဖြစ်လိုက်တယ် တော်တော်ကောင်းတာပဲ အောက်ကလဲ အားပေးတာ အားရပါးရ မသွားဖြစ်လိုက်တာ မှန်သွားတယ် ပွဲ တစ်ဝက်လောက်မှာ မိုးရွာတာ မိုးရွာကြီးထဲ အဆိုတော်တွေရော ပရိသတ်ရော အရှိန်လျော့မသွားဘူး ကျွန်တော်ကတော့ ရွာသားတွေကို ပြန်ပြောနိုင်ဘို့ အခန်းထဲကပဲ live ကြည့်ခဲ့ပါတယ်
နော်ဝေက ဥရောက နိုင်ငံတွေနဲ့ ကပ်ရပ်ပေမဲ့ အီးယူမန်ဘာတော့ မဟုတ်ပါဘူး အီးယူထဲ ၀င် မ၀င် ပြည်လုံးကျွတ် ဆန္ဒခံယူတာ ၁၉၇၂ နဲ့ ၁၉၉၄ နှစ်ကြိမ် ၊ နှစ်ကြိမ်လုံး မ၀င်တဲ့ဘက် မဲသာတယ် ဆိုရုံလေးနဲ့ အနိုင်ရတယ်။
အခန်းထဲမှာ သုံးတဲ့ ၀ိုင်ဖိုင်က တစ်ခါတစ်လေ ပြသနာပေးတာနဲ့ လာပြင်ဘို့ပြောတော့ အင်တာနက်ကုမ္မဏီက တစ်ယောက်ရောက်လာတယ် မေးကြည့်တော့ ဆရာသမားက ပါကစ္စတန်က (နော်ဝေမှာ ပါကစ္စတန်လဲ တော်တော်ရောက်နေပြီ) သူကပြောသေးတယ် ပါကစ္စတန်နဲ့ ဘင်လာဒင်နဲ့ ဘာမှ မဆိုင်ဘူးနော်တဲ့ ၉/၁၁ ပြီးကတဲက လူတွေက ဘင်လာဒင် က ပါကစ္စတန် ကလား မေးလွန်းလို့တဲ့ သူကို အရင်နိုင်ငံနဲ့ အခုနိုင်ငံ ဘယ်လိုနေလဲလို့ မေးကြည့်တော့ ငါအတွက်တော့ ဒီနိုင်ငံက Heaven ပါဘဲတဲ့
နောက်တစ်ခေါက် အော်စလိုသွားတော့ လေဆိပ်ကို အီကွေဒေါက စာရင်းစစ်မမ က ကားနဲ့ လိုက်ပို့တယ် နော်ဝေရောက်တာ ၁၅ နှစ်လောက်ရှိပြီ သားသမီး ၃ ယောက်ရှိတယ် ဟိုမေး ဒီပြောရင်း အီကွေဒေါ အခြေအနေမေးကြည့်တော့ ကားနဲ့ သွားရင်းနဲ့ လမ်းမှာ ကားကိုတား ဓါးပြတိုက် မုဒိမ်းကျင့်လုပ်တယ် အမှုအခင်း အဖြစ်များတယ် နော်ဝေမှာတော့ အမှုသိပ် မဖြစ်ပဲ အေးအေးချမ်းချမ်းရှိတယ် နေလို့ကောင်းတယ် ဒါပေမဲ့ ဈေးကတော့ အရမ်းအရမ်းကို ကြီးပါတယ်တဲ့ အော်စလိုမှာ ဘယ်နေရာတွေ သွားလည်ရင် ကောင်း မလဲ မေးကြည့်တော့ သူ ဒီရောက်တာ ၁၅ နှစ်လောက် ရှိနေပေမဲ့ အော်စလိုကို သေချာ မရောက်ဘူးပါဘူး သူအမေ လာလည်မှ ရောက်ဖူးရုံ လိုက်ပို့ပါတယ်တဲ့ လေဆိပ်နားရောက်တော့ ကားပါကင်ထဲ ၀င်တာ အပေါက်ဝက ဆက်ဝင်ရင် ပိုက်ဆံပေးရမှာစိုးလို့ ဆင်းပြီး လမ်းလျှောက်ခိုင်းတယ် သူက အဲဒီက လှည့်ပြန်သွားတယ် ချွေတာ တာတော့ ရွှေတွေထက်သာသွားပြီ…..
အပိုင်း ၄ မှာ မသိသေးတဲ့ ဗဟုသုတတွေ အများကြီး ရခဲ့တာ အမှန်ပါပဲ။
အရမ်းကောင်းတဲ့ ပိုစ်လေး တခု ဖြစ်ပါတယ်။
အပိုင်း ၅ မှာ မသိသေးတဲ့ ဗဟုသုတ တွေကို ဖတ်ရှုဖို့ စောင့်မျှော် နေမယ်။
Was this answer helpful?
LikeDislikeမမြင်ဖူး မကြားဖူးတာတွေ မြင်ရ ကြားရတော့ မေးချင်တာတွေလည်း ပေါ်လာတယ်။

(ကလေးမီးဖွားရင် အမေ ခွင့်ရတာကထုံးစံ သူတို့ဆီမှာတော့ အဖေကိုပါခွင့်ပေးတယ် ဗျာ လစာနဲ့ ၄၆ ပတ်ပေးတယ် ။) ဆိုတော့ကာ……………………..
အဖေရတဲ့ခွင့်ကတောင် ၁နှစ်နီးပါး ရှိတယ်။ အမေကရော လစာနဲ့ ခွင့်ဘယ်လောက်ရလဲ သိချင်သား။ (သဂျီးလေသံဖြင့်)
Was this answer helpful?
LikeDislikeကျွန်တော် ရှင်းတာ နဲနဲ လိုသွားတယ် လစာနဲ့ ၄၆ ပတ် ခွင့်ပေးတာက နှစ်ယောက်ပေါင်းကို
အရင်ဆုံး အမေခွင့်ယူ မီးဖွား ခွင့်ဆက်နေ ကလေးထိန်း အမေ ရုံးပြန်တက်နိုင်တဲ့ အခြေအနေကျ
အဖေကို လစာနဲ့ ခွင့်ထပ်ပေး အဖေက ကလေးထိန်း နှစ်ယောက်ပေါင်း ယူတဲ့ကာလက ၄၆ ပတ်
Was this answer helpful?
LikeDislikeစောင်မျှော်အားပေးဖတ်ရှုနေပါသည်။ ခ၇ီးသွားဆောင်းပါး တစ်ခုအနေနဲ. အချက်အလက် ဗဟုသုတ ရပါသည်။
Was this answer helpful?
LikeDislikeအဲ့ဒီ ဦးရှင်ကြီးက ဘာအထိမ်းအမှတ်လည်း မသိဘူးနော်…
Was this answer helpful?
LikeDislikeအဲဒါတော့ မသိဘူးဗျ :D
သူတို့ကို မေးကြည့်တော့လဲ မသိဘူး
အောက်မှာ စာတမ်းထိုးတာလဲ လူနာမည်တွေ၊နော်ဝေလိုထိုးထားတာ (တင်တဲ့ပုံမှာတော့ မပါဘူး)
ဥပဓိရုပ်၊၀တ်ပုံစားပုံ၊နေရာကို ကြည့်ပြီး ကျွန်တော်တို့ဘာသာ နာမည်ပေးထားတာ
Was this answer helpful?
LikeDislikeဗဟုသုတ အများကြီးရပါတယ် … ဓါတ်ပုံတွေကြည့်ရတာလဲလှတယ် …
ဈေးတော်တော်ကြီးတယ်ဆိုတော့ ရွှေမြန်မာတွေ ဘယ်လောက်များချွေတာလိမ့်မလဲလို့ တွေးမိသေးတယ် …
Was this answer helpful?
LikeDislikeဒါကတော့ ရွှေအချင်းချင်းပဲ သဘောပေါက် …..:D
Was this answer helpful?
LikeDislikeနော်ဝေနိုင်ငံရဲ့ အဓိကစီးပွါးရေး ထွက်ကုန် တွေကိုလဲသိချင်ပါတယ်။ DVB ရောရောက်ခဲ့သေးလား။
ဆောင်းပါးကတော့ပြည့်ပြည့်စုံစုံမို့ အတော်အားရပါတယ်ခင်ဗျား ..။
Was this answer helpful?
LikeDislikeနောက် ပို့စ် တွေမှာတော့ ရေးပြီးသား အဆင်ပြေရင် ဆက်တင်ပေးလိုက်ပါမယ်
ထွက်ကုန်က ရေနံ၊သဘာဝဓါတ်ငွေ့ ထွက်သလို ငါး၊သစ်တော၊ သတ္တု လုပ်ငန်းကလဲ ပို့ကုန်များများတင်ပို့နိုင်တယ် ရေအားလျှပ်စစ်လဲ ထုတ်လုပ်နိုင်သေးတယ်
DVB တော့ မရောက်ခဲ့ ပါဘူး
Was this answer helpful?
LikeDislikeရောက်ဖူးချင်လိုက်တာ … တင်ပြပုံကို ကြိုက်သလို (အို ရှုပ်ပါတယ်ဗျာ အားလုံးအားလုံးကိုကြိုက်တယ်ဗျ)
ဆောင်းပါးထဲမှာ ဖတ်လိုက်ရပါတယ် ရွာသားတွေ တစ်ယောက်တစ်စီးယူဆိုတော့
ရွာသူတွေ အတွက်ရော မပါဘူးလား …
ကျုပ်တို့လို ရွာပြင်မှာ နေတဲ့ စုန်းတွေ အတွက်ရော …. :P
Was this answer helpful?
LikeDislikeDear Nozomi,
“ အခြေခံလုပ်သား တစ်ယောက်ရဲ့ လစာက ဒေါ်လာ ၃၀၀၀ လောက် ရတယ် ( ဒါဆို လစာနဲပါတယ်တဲ့..ဟင်း..) အဲဒီလူတွေကို အစိုးရက ထောက်ပံ့ကြေး ၂၀၀၀ ထပ်ပေးတယ် တစ်လ ဒေါ်လာ ၅၀၀၀ လောက် ရတယ် ကလေးမီးဖွားရင် အမေ ခွင့်ရတာကထုံးစံ သူတို့ဆီမှာတော့ အဖေကိုပါခွင့်ပေးတယ်ဗျာ လစာနဲ့ ၄၆ ပတ်ပေးတယ် ”
Those Scandinavian countries are famous for their best Social Security System in the world.
I want to know, where do Norwegian get the money for their SSS ?
( Let say, Australia’s SSS is better than US, because, Australia has vast amount of natural resources in compare with AU tiny population. )
ရုရှက ကောင်မလေးရှိတယ် ကရိုနာ ၅၀၀ တဲ့ :P
5.4 Norwegian Kroner = 1 US$
So. 500 Norwegian Kroner = 92.6 US$ :P
Is she pretty ??? Is there any photo of her ???
Was this answer helpful?
LikeDislikeသူတို့ဆီမှာ ရေနံနဲ့ သဘာဝ ပို့ကုန်က တိုင်းပြည် GDP ရဲ့ ၂၀% ရှိတယ်
SSS ကို အဲဒီမှာ ရင်းနှီးမြုပ်နှံထားတယ်
ကောင်မလေး ကိုတော့ နတ်တွေလို လေအောက်ကပဲ အနံ့ နဲ့ ………….ဟဲဟဲ :D
FR ကြီး စိတ်ဝင်စားရင် လိပ်စာပေးလိုက်ပါမယ်
ဟိုနေရာကို သွားစရာ မလိုပဲ အချင်းချင်း ညှိလို့ရလို့ ဈေးသက်သာတာနေမယ်ထင်တယ်
အတည်မပြုခဲ့ရတာတော့ စိတ်မကောင်းပါဘူး
Was this answer helpful?
LikeDislikeနော်ဝေလို စကင်ဒီနေးဗီယားဒေသ တိုင်းပြည်တွေမှာ လူတွေကို လခများများပေး၊ မရှိမဖြစ် ဝန်ဆောင်မှု၊ ကုန်ပစ္စည်းတွေအကောင်းစားတွေနဲ့ ရှာသမျှ ပြန်သုံးအောင် လုပ်ထားတယ်။ ဒါနဲ့ပဲ တိုင်းပြည်က လည်ပတ်နေပုံရတယ်။ အမေရိကားကတော့ ပေါချောင်ကောင်းစနစ်။ သူတို့နဲ့ယှဉ်ရင် အခွန်သိပ်မကောက်၊ ထောက်ပံ့မှုလည်း သိပ်မရှိ။ သူတို့က အမေရိကားနဲ့စာရင် ဆိုရှယ်လစ်ဆန်တယ်ပေါ့။
အစိုးရအရာရှိတွေ ပင်လယ်ရပ်ခြား သင်တန်းသွားတက်ရင် နေထိုင်စားရိတ်ကို ပုတ်ပြတ်ပေးပြီး ကိုယ်နှစ်သက်ရာမှာ နေထိုင်ခွင့်ရတဲ့ အစီအစဉ်မျိုးရှိသလို ဟိုတယ်မှာထား၊ အဆင့်မြင့်မြင့်ကျွေးမွေးပြီး အပေးပြထားတဲ့ ပညာသင်ထောက်ပံ့စားရိတ် အကုန်ပြန်ယူတဲ့ စနစ်နှစ်မျိုးရှိတာနဲ့ သွားတူတယ်..။
Was this answer helpful?
LikeDislikeဖတ်လို့ကောင်းလိုက်တာ။ အဲ့လိုတော့ ရေးချင်သား မရေးတတ်ဘူး။ အရင်တုန်းကတော့ ခရီးသွားရင် ရှု့ခင်းလှလှ နောက်ခံပြီး ကိုယ့်ပုံကိုပဲ ရိုက်တာ။ အခုနောက်ပိုင်း ရွာထဲရောက်ပြီးမှ မှတ်တမ်းပုံတွေ ပိုအားသန်လာတယ်။ ဗဟုသုတ အတွက် ကျေးဇူးပါနော်။
Was this answer helpful?
LikeDislike