လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ လောက်က ရန္တပိုစာချုပ်အပြီးမှာ အောက်မြန်မာနိုင်ငံကို  အင်္ဂလိပ်တို့က သိမ်းပိုက်ထားပြီး ဖြစ်ပါ တယ်။ မအူပင်မြို့မှာ ထောင်တစ်ခုရှိပါတယ်။ မအူပင်ထောင်ရဲ့ ထောင်မှုးဖြစ်သူဟာ ပေါ်တူဂီလူမျိုးဖြစ်ပါတယ်။ သူဟာ ဒေသခံမြန်မာအမျိုးသမီးတစ်ဦးနဲ့ အကြောင်းပါပါတယ်။ သမီး (၇) ယောက်ထွန်းကားပါတယ်။ အငယ်ဆုံးသမီးလေးဟာ ပေါ်တူဂီကဗျားမလေးဖြစ်တာမို့ အလွန်ချောမောလှပပြီး ရတနာပုံနေပြည်တော်မှ အင်္ဂလိပ်စာသင်ဆရာလေးတစ်ဦးနဲ့ အကြောင်းပါပါတယ်။ အိမ်ထောင်ရာသားကျပြီးချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူနေပြည်တော်မှာလိုက်နေပါတယ်။ သားလေးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ တစ်ဦးက မောင်ဘသော်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ မောင်ဘမော်ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဟာ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားကို အင်္ဂလိပ်စာသင်ပေးရပါတယ်။ မိသားစုဘ၀လေးဟာအလွန်ကို အေးချမ်းသာယာနေပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ မမျှော်မှန်းထားတဲ့ ကြမ္မာဆိုးကြီးကျရောက်လာပါတော့တယ်။

မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းလို့လူသိများပါတယ်။ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားနှစ်ပါးက အာဏာသိမ်းရန်ကြိုးပမ်းခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်းခြင်း မအောင်မြင်ပါ။ မင်းသားနှစ်ပါးနဲ့ နောက်လိုက် နောက်ပါ အားလုံးထွက်ပြေးကျရပါတယ်။ အင်္ဂလိပ်က သိမ်းထားပြီးသားဖြစ်တဲ့ ရန်ကုန်ဘက်ကို ထွက်ပြေး လာကြ တာများပါတယ်။ သူတို့နောက်မှာတော့ မြန်မာမင်းရဲ့ လက်မရွံ့လူသတ်သမားများ လိုက်လာနေလေပြီ။ ရန်ကုန်မှာလည်း ထွက်ပြေးလာသူများမှ တစ်ချို့ လူမသိသူမသိအသတ်ခံရပါတယ်။ ပထမပိုင်းတော့ အင်္ဂလိပ်ဆရာလေးဘာမှ မသိပါ။ နောက်ပိုင်းတော့ အင်္ဂလိပ်ဆရာလေး မဟုတ်တာတွေသင်ပေးလို့ မင်းသားတွေခြားနားပြီဟု အထင်ရှိပုံရပါတယ်။ အင်္ဂလိပ်ဆရာလေးကိုပါ တွေ့ရာသင်းချိုင်းဒါးမဆိုင်းပဲသတ်စေဆိုတဲ့အမိန့်ထွက်လာပါတယ်။ ဒီသတင်းကို နဲနဲကြိုသိလိုက်တော့အင်္ဂလိပ်ဆရာလေးလဲ ဇနီးသည်နဲ့ လူမမယ်ကလေးငယ်နှစ်ဦးကိုဆွဲပြီး ရန်ကုန် အရောက် ပြေးလာခဲ့ ပါတယ်။ ရန်ကုန်သို့ရောက်သော်လည်း လုံခြုံရေးကစိတ်မချရပါ။ သို့နှင့် ယိုးဒယားဘက်ထိ ကူးမယ်ဆိုပြီး ရန်ကုန်ကနေ ထွက်ခွာလာခဲ့ပါတယ်။ ဇနီးနဲ့သားငယ်နှစ်ဦးကိုတော့ ရန်ကုန်မှာထားခဲ့ပါတယ်။ နောက်မှလာခေါ်မယ်လို့စီစဉ်ပုံရပါတယ်။ ဒီလိုနဲ့ပဲ ခင်ပွန်းနဲ့ ဇနီးဖြစ်သူတို့ဟာ ကွဲကွာသွားကြပါတယ်။ ဇနီးသည်ဟာလည်း ကြောက်လန့်တကြားရှိတာနဲ့ သားလေးနှစ်ဦးကို စိန်ပေါကျောင်းမှာသွားအပ်ပါတယ်။ စိန်ပေါကျောင်းဆိုတာက ယခု အနော်ရထာလမ်းပေါ်မှာရှိတာပါ။ ၀န်ကြီးများရုံးနဲ့ တစ်ဖက်တစ်ချက်မှာရှိပါတယ်။

စိန်ပေါကျောင်းဆိုတာက အလွန်နာမည်ကြီးခဲ့သည့် ခရစ်ယာန်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ မောင်ဘမော်နဲ့ မောင်ဘသော်လေးဟာ အမေဖြစ်သူက စိန်ပေါကျောင်းမှာ အပ်ထားခဲ့တော့ ခရစ်ယာန်ဘာသာဝင်လေးတွေဖြစ်သွားပါတယ်။ ငယ်စဉ်ကတည်းက ထူးချွန်မှုတွေကိုပြနိုင်ခဲ့တော့ အရွယ်ရောက်လာချိန်မှာ ညီအစ်ကိုနှစ်ဦးစလုံးကို အင်္ဂလန်နိုင်ငံကို စေလွှတ်ခံရပါတယ်။ တစ်ဦးနှင့်တစ်ဦးတက္ကသိုလ်ချင်းတော့မတူပါ။ တစ်ဦးက Oxford ဖြစ်ပြီး၊ နောက်တစ်ဦးက Cambridge ဖြစ်ပါတယ်။ ထူးဆန်းတာက ညီအစ်ကိုနှစ်ဦးစလုံးဟာ ဒေါက်တာဘွဲ့ရပြီးချိန်မှာ ဗုဒ္ဒဘာသာဝင်များပြန်ဖြစ်လာခြင်းဖြစ်ပါတယ်။ မောင်ဘမော်ဟာ အင်္ဂလန်ကနေပြင်သစ်ကိုဆက်သွားပါတယ်။ ပြင်သစ်နိုင်ငံက ဘော်ဒိုးတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရ ပါတယ်။ ဒေါက်တာဘွဲ့ရပြီးချိန် ဒေါက်တာဘမော်ဟာ မြန်မာနိုင်ငံကိုပြန်လာပြီး ပုဇွန်တောင်မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဖိုးသူတော်ဝတ်နဲ့ ကပ္ပိယလလုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဒေါက်တာဘမော်ဆိုပြီးနာမည်ကြီးရန်ဖြစ်လာပါတယ်။ ဒါကတော့ ဆရာစံ အရေးတော်ပုံဖြစ်ပါတယ်။ နောက်ဆုံးတော့ ဆရာစံအဖမ်းခံရပါတယ်။ ဆရာစံဘက်က ရှေ့နေလိုက်မဲ့သူမရှိပါ။ အားလုံးက နောက်ဆုံးတော့ ကြိုးပေးမှာပဲလို့သိထားပါတယ်။ ဒါပေမဲ့ ဒေါက်တာဘမော် ဆရာစံရဲ့ ရှေ့နေအဖြစ်နဲ့ လိုက်ခဲ့ပါတယ်။ သူ့ရဲ့ထုချေလွှာဟာ ရေပက်မ၀င်အောင်ကောင်းတဲ့အတွက် တရားသူကြီးများ အလွန်အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ဆရာစံကိုကြိုးပေးသတ်ခဲ့ပါတယ်။ ဆရာစံကိုသတ်ခဲ့တဲ့နေရာက သာယာဝတီထောင်မှာဖြစ်ပါတယ်။ ရန်ကုန်ကနေပြည်ကို သွားမယ်ဆိုရင် သာယာဝတီမြို့အလယ်လောက်ရောက်ရင် ညာဖက်လမ်းချိုးလေးထဲ ကားမောင်းဝင်သွားလိုက်ရင် သာယာဝတီ ထောင်ကိုရောက်ပါမယ်။ သာယာဝတီထောင်ကို ၀င်ဝင်ခြင်းညာဖက်မှာ ထောင်မှူး အိမ်ရှိပါတယ်။ ထောင်မှူးအိမ်ရဲ့ ရှေ့တည့်တည့်မှာ ဆရာစံအရေးတော်ပုံတုန်းက ကျဆုံးခဲ့တဲ့ ကုလားစစ်သားတွေကို မြုပ်နှံထားတဲ့ သင်္ချိုင်းအုတ်တိုင်လေးတွေရှိပါတယ်။ ဆရာစံကိုကြိုးပေးခဲ့တာက ထောင်ရဲ့ အနောက်မြောက် ထောင့်ကြီုးစဉ်မှာဖြစ်ပါတယ်။ ဆရာစံအရေးတော်ပုံအပြီးမှာတော့ ဒေါက်တာဘမော်ဟာ နာမည်ရလာပါတယ်။ ဆင်းရဲသားပါတီကို စတင်ထူထောင်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Proletariat Party လို့ခေါ်ပါတယ်။ နောက်တော့ ပစ္စည်းမဲ့လူတန်းစားဆိုတာမျိုးသုံးလာပါတယ်။ ထူးခြားတာကတော့ မြန်မာနိုင်ငံကို ကွန်မြူနစ်ဝါဒနဲ့ ပထမဆုံးမိတ်ဆက်ပေးခဲ့တာ ဒေါက်တာဘမော်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။ ဆက်လက်တင်ပြပါမည်။

About asiamasters

Khin Maung Lwin has written 78 post in this Website..

I'm interested to change for the better of Myanmar people. I value income, knowledge, strength, technology and humanity.