ဒစ်ဂျစ်တယ် သက်သေခံလက်မှတ် စတင်ရောင်းချ

klnMay 13, 20101min400

ဆက်သွယ်ရေးစာတိုက်နှင့် ကြေနန်းဝန်ကြီးဌာန၏ သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို တစ်ဦးတည်းလုပ်ကိုင်ခွင့်ရရှိထားသော ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်သည် အစိုးရဝန်ကြီးဌာနများအချင်းချင်း၊ ရုံးများအချင်းချင်း၊ ပုဂ္ဂလိကကုမ္ပဏီများအချင်းချင်း ယင်းတို့၏ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် အချက်အလက်များနှင့် အရေးကြီး စာရွက်စာတမ်းကိစ္စရပ်များကို အီလက်ထရွန်နစ်နည်းပညာဖြင့် အချင်းချင်းပေးပို့ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားဖွယ်ရာကိစ္စရပ်များ မပေါ်ပေါက်စေရန်အတွက် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်များကို ထုတ်ပေးမည့် certification authority (CA) များကို ယခုလမှစတင်ရောင်းချပေးနေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သော CA Project မန်နေဂျာဒေါ်နီလာအေးက ပြောသည်။ ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ဆိုသည်မှာ အီလက်ထရွန်နစ်မှတ်ပုံတင်လက်မှတ်တစ်ခုကဲ့သို့ဖြစ်ပြီး ယင်းမှတ်ပုံတင်လက်မှတ်ပိုင်ရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်အပြည့်အစုံရေးသွင်းထားသည့် အီလက်ထရွန်နစ်မှတ်တမ်းတစ်မျိုးဖြစ်သည်။ ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်များကို ထုတ်ပေးပိုင်ခွင့်ရှိသူ စီအေသည် အဆိုပါသက်သေခံလက်မှတ်များကို ထုတ်ဝေပေးသည့် ယုံကြည်စိတ်ချရသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ မူလအရင်းအမြစ် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ကို ထုတ်ပေးမည့် Root CA သည် ယင်း၏ ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ကို ကိုယ်တိုင်လက်မှတ်ရေးထိုး (Self Signed)ပြီး စီအေမှာမူ ကူးသန်းရောင်းဝယ်ခြင်းများ၊ စာပေးစာယူ၊ ငွေပေးငွေယူပြုလုပ်ခြင်းများကို တစ်ဦးနှင့်တစ်ဦး အငြင်းပွားဖွယ်ရာ ကိစ္စရပ်များမဖြစ်ပွားအောင် ကြားမှနေ၍ အာမခံပေးသည့် တတိယအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ သက်သေခံလက်မှတ် စီအေကို ငှားရမ်းသုံးစွဲလိုသူများသည် ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်သို့ ဆက်သွယ်လျှောက်ထားနိုင်ပြီး စီအေငှားရမ်းသုံးစွဲဈေးနှုန်းများကို အဆင့်သုံးဆင့်ခွဲ၍ သတ်မှတ်ထားသည်။