ရာသီဥတု အခြေအနေပြောင်းလဲမှုကြောင့် ရေချိုအရင်းအမြစ်များ ဆုံးရှုံးလျက်ရှိနေ

klnMay 14, 20101min550

ရာသီဥတုအခြေအနေပြောင်းလဲမှုများကြောင့် ရေချိုအရင်းအမြစ်များဆုံးရှုံးလျက်ရှိနေကြောင်း၊ နိုင်ငံအချို့တွင် ရေချိုရှားပါးလာမှုပြဿနာကို သိသိသာသာရင်ဆိုင်နေကြရပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရေချိုမြစ်ချောင်းများ ပေါများခြင်းကြောင့် အလေးအနက်မထားကြသော်လည်း ဝိုင်းဝန်းထိန်းသိမ်ခြင်းမရှိပါက အနာဂတ်ကာလရေချိုရှားပါးမှုကို ကြုံတွေ့နိုင်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ “အခုဆိုရင် မြန်မာနိုင်ငံ အောက်ပိုင်းမှာရှိတဲ့ မြစ်ချောင်းတွေမှာ ရေငန်ထိုးတာတွေရှိနေပါတယ်။ အဲဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတော့ အပေါ်ယံရေချိုအလွှာပါးလာတော့ ဖိအားနည်းသွားတယ်။ ဖိအားနည်းသွားတာနဲ့တစ်ပြိုင်တည်း အောက်က ရေငန်အလွှာက အပေါ်ရေချိုကိုဖောက်တယ်။ အဲဒီလိုနဲ့ ရေငန်ထိုးတာတွေဖြစ်နေတာပဲ။ မြစ်တွေချောင်းတွေမှာ ရေငန်ထိုးတယ်ဆိုတော့ ရေကန်တွေဆီကိုလည်း အဲဒီရေငန်က မြေအောက်ကနေ စိမ့်ပြီးရောက်သွားတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ ရေကန်တချို့ရေငန်ဖောက်တယ်ဆိုတာ ဒီနည်းအတိုင်းပဲဖြစ်တာပါ။ ဒါကြောင့် ရေကန်တွေတူးတဲ့အခါ တစ်ခါတည်းအနက်ကြီးတူးလို့မရပါဘူး။ တစ်ခါတည်း အနက်ကြီးတူးရင် ရေငန်ဖောက်တတ်တယ်။ နည်းနည်းချင်းတဖြည်းဖြည်းတူးရတယ်။ မြစ်ချောင်းတွေမှာ အပေါ်ယံရေချိုလွှာတွေ ပါးလာတယ်ဆိုတာ ရေချိုအရင်းအမြစ်ဆုံးရှုံးနေမှုရဲ့ သတိပြုစရာအချက် တစ်ချက်ဖြစ်လာတဲ့အတွက် ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုပါတယ်။ ရေချိုမြစ်ချောင်းတွေကို ထိန်းသိမ်းကြဖို့လိုသလို ပင်လယ်ရေငန်တွေဝင်မလာအောင် ရေငန်တား အဆောက်အအုံတွေဆောက်ဖို့လိုပါတယ်”ဟု ၎င်းကပြောသည်။ စက်မှုလုပ်ငန်းများနှင့် လူတို့စွန့်ပစ်သော ပစ္စည်းများ အညစ်အကြေးများ၊ ပလတ်စတစ်ပစ္စည်းများ၊ (ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်များအပါအဝင်) စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ယင်းစွန့်ပစ်ပစ္စည်းများသည် ကမာ္ဘမြေပြင်မှ တစ်ဆင့် မြစ်ချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာအတွင်းသို့ ရောက်ရှိသွားကာ ရေထုညစ်ညမ်းမှုကို ဖြစ်စေကြောင်း၊ ထိုသို့ညစ်ညမ်းသောရေကို သောက်ခြင်းဖြင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း ကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းချက်အရ ကမာ္ဘပေါ်ရှိ လူဦးရေ သန်း ၅၀ဝကျော်သည် ရေကိုမဆင်မခြင်သုံးစွဲခြင်းကြောင့် ရေချိုအရင်းအမြစ်များ ကုန်ခန်းလာနေကြောင်း၊ ၂၀၂၅ခုနှစ်မတိုင်မီ ကမာ္ဘ့လူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်မှာ ရေကောင်းရေသန့်အလုံအလောက်မရရှိသည့်အန္တရာယ်ဖြင့် ကြုံတွေ့လာဖွယ်ရှိကြောင်း ၂၀၁ဝ ခုနှစ် မေလ ၁၆ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြထားသည်။