မိုးတွေက အရှိန်ကောင်းစွာ ရွာနေဆဲ….။
လမ်းပေါ်မှာ စီးနေတဲ့ ရေသံက တဝေါဝေါ….။
ဂျာနယ်ကို ကောက်ကိုင်လိုက်တော့ ရေကြီးနေတဲ့ သတင်းဓါတ်ပုံတွေကို မျက်နှာဖုံးမှာ တန်းတွေ့ရပြန်တယ်။
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး ၊ ချင်းတွင်းဒေသများနှင့် ပဲခူးမြို့ပါမကျန် နေရာတော်တော်များများ မြန်မာ တစ်နိုင်ငံလုံးနီးပါး မှာ ရေကြီးနေပြီဆိုတဲ့ သတင်းတွေကို မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ တွေ့လိုက်ရတယ်။ မြင်ရတဲ့ မြင်ကွင်းနဲ့ ကြားရတဲ့ သတင်းတွေက မေ့နေပြီဖြစ်တဲ့ အချစ်တော်ရန်သူငါးယောက်ကို ဖြတ်ခနဲ သတိရသွားစေပါတယ်။ ခေါင်းထဲမှာ ဆက်စပ်အတွေးတို့က အစဉ်တန်းလို့ ထွက်ကျလာပါပြီ။ ဒီနေ့တော့ဖြင့် ရန်သူမျိုးငါးပါးထဲက “ရေရန်သူကြီး” အကြောင်းဖောက်သည်ချရပါ တော့မည်။

လူရယ်လို့ ဖြစ်လာပြီဆိုရင် ကြောက်ရမယ့် ဘေးတွေထဲမှာ ရန်သူမျိုးငါးပါး ကတော့ အမာခံပါပဲ ။ “ရေ ၊ မီး ၊ မင်း ၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ” ရယ်လို့ သိကြပြီး သားပါ နော် ။ ရေ ကြီးလို့တဲ့ !ပူရပြန်ပြီ ။ ဒီနှစ် မုန်တိုင်း ရှိမယ်တဲ့နော် သတိနဲ့သာ နားစွင့်နေပေတော့ ! ဆိုပြီး အချိန်အခါ အလိုက် ပေါ်ပေါက်လာရတဲ့ “ရေ” ဘေးကလည်း ရှောင်ရှားကြဖို့ သတိ အထူးထားရမယ့် ဘေးရန်ကြီးပါနော် ။ ဒီ “ရေ ဘေး” ကိုတော့ လူသားတိုင်း ကြောက်ကြမှာပါနော်။

အခု ပြောမယ့် ရေဘေးကတော့ အပြင်ရေဘေးထက် ပိုပြီးတာင် ဒုက္ခရောက်နိုင်တာမို့ ပိုပြီး သတိထား စေဖို့ရည်ရွယ်ပြီး အတွင်း“ရေဘေး” လေးနဲ့ မိတ်ဆက် ပေးချင် ပါတယ် ။

“ အတွင်း ရေဘေး” ဆိုတာ ဘာကို ဆိုလိုတာ လဲ ? ဆိုတော့ “ မနော ရေယဉ်” ကို ဆိုလိုပါတယ် ။
လူတိုင်းရဲ့ ရင်ထဲမှာက “ မနောဓါတ်” ရေယဉ်လေးတွေ ကိုယ်စီ ရှိကြတယ် နော် ။
အဲ သူကတော့ ငြိမ် နေသလား ဆိုရင် ဘယ်နေလိမ့် မလဲ ။ တစ်ခုပြီး တစ်ခု လာတိုက်တဲ့ အပေါ်မှာ လှိုင်းတွေ ထ ထ လာရတာပေါ့ ။

ဘာတွေတိုက်တတ်သလဲ စဉ်းစားလိုက်တော့ မျက်လုံး နဲ့ မြင်စရာ နဲ့ တိုက်လိုက်လို့ ဝေဒနာလေး ပေါ်တိုင်း ဒီရေပြင်လေးဟာ လှုပ်ခတ်ရပြန်တယ် ။ ဒီလိုပဲ နား ၊ နှာခေါင်း ၊ လျှာ ၊ ကိုယ် ဆိုတဲ့ အခံ ဓါတ် တွေအပေါ်မှာ လာတိုက်တဲ့ အာရုံတွေနဲ့ တွေ့တိုင်း ဒီ မနောလေးမှာက ပွက်ခနဲ ၊ ပွက်ခနဲ ဖြစ်ရတယ်နော် ။ သြော် ပွက်ရုံ ပဲလား ဆိုတော့ ဘယ်ဟုတ် လိမ့်မလဲ ။

ဒီ မနော အပေါ်ယံ ရေ ပြင် လေး လှုပ်ရှားတာနဲ့ သူနဲ့ဆက်သွယ် ထား တဲ့ ကွန်ယက်ကြီးကို အချက်ပေးလိုက်ပြီလေ ။ ဒီ ကွန်ယက်မှာက မွေး ကတည်းကပါလာတဲ့ “ဟိတ်” လို့ ခေါ်တဲ့ အခြေခံ အမြစ်တွေ ရှိတယ် ။
ဘာတွေလဲ ဆိုရင် လောဘ ၊ ဒေါသ ၊ မောဟ ဆိုတဲ့ အကုသိုလ်ဟိတ် နဲ့ “ အလောဘ ၊ အဒေါသ ၊ အမောဟ” လို့ ဆိုတဲ့ ကုသိုလ်ဟိတ်တွေပဲပေါ့ ။

ဒီ ဟိတ်တွေကလည်း အပေါ်ယံ မနောရေပြင် လေးရဲ့ လှုပ်ရှားမှုအရ သူတို့မှာ အခွင့်သာသလို ထွက်ခွင့်ရကြတာလေ ။
တိုက်လိုက်တဲ့ အာရုံက ကုသိုလ် အာရုံ ဆိုရင် ဒီထဲက ကုသိုလ် ဟိတ်ကလေးတွေ ပြေးထွက်လာရပြီ ။
တစ်ခါ တိုက်တဲ့ အာရုံကဒေါသထွက်စရာ အာရုံမျိုးဆိုရင်တော့ အကုသိုလ် ဟိတ်တွေ က တပ်နဲ့ ချီ စည်တီးပြီး တဒုံးဒုံး နဲ့ အောင်ပွဲခံ ဆူပွက်ကြပြန်တယ် ။
အဲဒီ အခါမှာတို့က ဘယ်လိုပုံဖြစ်နေလဲဆိုရင် ရင်ထဲက “ ရေ ဘေး” တွေ သင့်ပြီး လှိုင်းတွေ တ၀ုန်းဝုန်း ထန်လို့ မျက်လုံးအိမ် မှာ ရေလျှံရပြီပေါ့ ။

မနော ရေပြင်ကြီးမှာ “ရေဘေး” တွေ အကြီး အကျယ် ဖြစ်ရာက ဒွါရ တွေကနေ မျက်ရည်တွေ ၊ နှာရည်တွေ ၊ တံတွေး တွေ နဲ့ လျှံထွက် နေရပြီပေါ့ ။
အမလေးလေး အပြင် “ရေ ဘေး” ကတော့ ကြိုတင်ရှောင်ရှား နိုင်လို့ လွတ်နိုင်ပေမယ့် အတွင်း ရေ ကြီးတာတော့ ဘယ်လို ရှောင်ပြေးကြမလဲ စဉ်းစားရဦးမယ်နော် ။
ကယ်ဆယ်ရေးကလည်း မရှိရင်တော့ဒီအတွင်းရေနစ်ပြီး ဘ၀ဟာ ရေစုန် မြောလို့သာ မြှုပ်ရပေတော့မယ်နော် ။
ဘာနဲ့ ကာကွယ်ရမလဲ ? ဘယ်လိုလွတ်အောင် ရုန်းရမလဲနော် ။

ခက်တာက ရေနစ်တဲ့လူအတွက် ရေကူးတတ်မှာဖြစ်တော့မယ် ။ ရေကူးနည်းလေးတော့ သင်ထားဦးမှပါပဲ ။ ဒီ ကိလေသာရေလှိုင်း ၀ဲဂယက် ထဲမှာ မျှောမသွားဖို့ ၊ မြှုပ်မသွားဖို့တော့ ဘယ်သော့ချက် ကို ကိုင်ရမလဲ ဆိုတာ အရေးကြီးနေပါပြီ ။ အမြန်လေး စဉ်းစား ပေးကြပါဦး ။ ဘယ်ကစ ထိန်းရမလဲ သေချာ စဉ်းစား မှ တော်တော့မယ် ။ သူများတွေတော့ မသိပါ ။ ကိုယ့်မှာတော့ မကြာခဏ ရေနစ်နေပါတယ် ။ တစ်ခါတလေများ ရင်ထဲက အကုသိုလ် လှိုင်းတွေ တ၀ုန်းဝုန်း ရိုက်ခတ်ရာက မျက်လုံးကနေ ရေတွေလျှံနေပြန်တယ် ။

ဒါတောင် ကိုယ့်ကိုယ်ကို ရေဘေးသင့်နေပြီ အမြန်ရုန်းတော့ ရေနစ်နေပြီလို့ သတိလေး မပေးနိုင်လေတော့ ဒီရေထဲမှာမျှောပြီး တစိမ့်စိမ့် နဲ့ မြှုပ်ရတာတွေလည်း ကြုံရပြန်တယ်နော် ။

အင်း တစ်နေ့တစ်နေ့ ကြုံရတဲ့ လောကဓံကြောင့် ရေဘေးသင့်လို့ ဒုက္ခရောက် ရင်း ရေနစ်သေရမယ် ဆိုရင်တော့ လူဖြစ်ရကျိုး မနပ်တော့ဘူးပေါ့နော် ။
လူ့ ဘ၀ကိုရတယ် ၊ ကိုယ်မှာ ဘ၀ရဲ့ အနှစ် ဆိုတာကို ထုတ်ယူနိုင်တဲ့ ဥာဏ်ပညာကို မရှာဖွေပါပဲ တစ်နေ့တစ်နေ့ လှိုင်းဒဏ်တွေ ကြားထဲမှာ အလူးအလဲ ခံရင်း သေရရင် တော့ … အင်း … တော်ပါပြီ ဆက်မတွေးရဲတော့ပါဘူး ။ တွေးရင်းကကို လှိုင်းတွေက ထလာနေပါပြီ ။ ဒါကြောင့် အမြန်ဆုံး key point ကိုရှာကြပါစို့။

“ရေဘေးအန္တရာယ် ဘယ်လိုကာကွယ်ထိန်းသိမ်းကြပါမလဲ…” အဖြေထုတ်တွက်ချက်ရာဝယ်..

ပုစ္ဆာတစ်ပုဒ်တွက်တော့မယ်ဆိုရင် ပေးချက်အရင်ကောက်ရတယ်နော်။
နောက်ပြီးမေးတာ ကိုလည်း နားလည်ရမှာမို့ ကိုယ့်မေးခွန်းကိုယ် ပြန်ကောက်ကြည့်နေမိပါတယ်။
ပေးချက်က ဒုက္ခ ခန္ဓာ ရှိမယ် ။ သူ့မှာ ဒွါရ (၆) ပေါက် ပါမယ် ။ ဟုတ်ပြီ ။
ဒီ ဒွါရ ခေါ်တဲ့ တံခါး (၆) ပေါက် ကို ဖွင့်ထားတဲ့ အတွက် အာရုံတွေက တစ်ခုမဟုတ် တစ်ခု က ၀င်လာမယ် ။
ဒီထိက ပေးချက်ပဲ ။
မေးတာက ဒီ အာရုံ တွေကြောင့် ဖြစ်ပေါ်လာမယ့် ကိလေသာ လှိုင်းတွေ မဖြစ်အောင် ဘယ်လိုတားဆီးမလဲ ။ ဖြေဆိုပါ တဲ့ ။
ဒီတော့ တို့က ပေးချက်က စတွက်လိုက်တယ် အဖြေတစ်ခုထွက်တယ် ။
အာရုံ နဲ့ ဒွါရ နဲ့တိုက်တော့ “ဝေဒနာ” ဖြစ်တယ် ။ အဲဒီ ဝေဒနာကို ကိုင်စွဲပြီးတွက်တော့ ဒီ ဝေဒနာ အကောင်း အဆိုး အပေါ် စွဲလမ်းမှု အဖြေထွက်တယ် ။
ဒီကနေ ဆက်တွက်တော့ ကာယကံ ၊ ၀စီကံ ၊ မနောကံ တွေဆက်တိုက်ထွက် လာ တယ် ။
ဒါလည်း ဆက်တွက်လို့ရနေလို့ တွက်လိုက်တော့ ကုသိုလ်ကံ ၊ အကုသိုလ်ကံအကျိုးပေးတွေ ထွက်လာတယ် ။
အဲဒီမှာ ခန္ဓာ ပြန်ရလာတယ် ။ ဟင် ဒါဆို မူရင်းပေးချက်ကြီး ပြန်ရောက် သွားပြန်တယ် ။
ဟင် အဖြေက ပေးချက်ကြီး ဖြစ်နေပြီ ။ မရဘူး တစ်ခေါက် ထပ်တွက် မယ်ဆို တွက်တော့ ဒီ အဖြေပဲပြန်ထွက်လာတယ် ။ ဒုက္ခပါပဲ ။ ဒါဆို စာမေးပွဲ ကျတော့မှာပဲ ။
ပေးချက်ကိုသုံးပြီး တွက်တာ ဒီပေးချက်ပဲ ပြန်ရနေပါလား ။
စဉ်းစားစမ်း ၊ တစ်နေရာမှားနေပြီ ။
ပြန်စစ် … ပြန်စစ် ။ ဆိုပြီး စစ်လိုက်တော့မှ အစားထိုး တွက်ရမယ့် တစ်နေရာ ပေါ်လာပါတယ် ။
သြော် ဒီလိုလား ။ တွက်ကြည့်ဦးမယ်ဆိုပြီး ဆက်တွက်တော့မှပဲ အဖြေက ဘွားဆိုပြီး တန်းထွက်သွားတယ် ။

အင်းဒီနည်းလေးကိုတော့ အားလုံးကိုပြန်ပြီး ကိုယ်သိသလောက် ဝေမျှပါဦးမယ် ။
ဒီလိုလေ ပထမ စတွက်တုန်းက အရင်ဆုံး “ ဝေဒနာ” ထွက်တယ်နော် ။ အဲဒီ ဝေဒနာ ရဲ့ နောက်က အစားထိုးလိုက်မှာလေ ။ အဲဒါက တော့ “သတိပညာ” ပဲပေါ့ ။
ဒီ ဖြစ်ပေါ်လာတဲ့ ဝေဒနာ ရဲ့ နောက်ကို စွဲကိုင်လိုက် မသွားတော့ ပဲ ၊ “ အသိပညာ” လေး ကို အစားဝင်ပေးလိုက်မှာပေါ့ ။ ဒီတော့မှာ ဒီ “သတိ” ဆိုတဲ့ ရေတံခါးထိန်းပေးတဲ့ တံခါးစောင့်က ဒီကိလေသာ ရေလှိုင်းကြီး မ၀င် လာအောင် (တစ်နည်း) နောက်ဆက်တွဲ ကွန်ရက်တွေ နိုးထလာဖို့ အချက် ပေးမယ့် ခလုတ်ကို တခါတည်း ပိတ်ပေးထားလိုက်ပြီလေ ။
ဒီတော့မှ အပေါ်ယံက လှုပ်ခတ်သွားတဲ့ ရေပြင်လေးလည်း တဖြည်းဖြည်း ငြိမ်သက်လို့ လူလည်းတည်ငြိမ်လာမှာပေါ့ ။
ဒါဆိုရင် တော့ ရေဘေး ဒုက္ခက လွတ်မြောက် နိုင်ပြီမို့ ချက်ချင်းကိုပဲ လှိုင်းတွေကို တားဆီးနိုင်သွားပါပြီ ။ အော … ခုမှပဲ အဖြေရောက်တော့တယ် ။

ဒါဆိုရင် တို့ရဲ့မျက်လုံးထဲကလည်း ရေလျှံစရာ မလိုတော့လို့ မိုးတိမ်ကင်းစင်ပြီး ကိလေသာ လှိုင်းလည်း ဝေးလို့ ရာသီဥတု တွေ ကြည်လင်လာမှာပဲပေါ့ ။ အင်း ဒီလိုဆိုရင်တော့ ဒီ “သတိပညာ” လို့ဆိုနိုင်တဲ့ တံခါးမှုးနဲ့ ကိုယ်နဲ့ အမြဲချိတ်ထားမှ ဖြစ်တော့မယ်နော် ။ ၀င်လာပြီ အာရုံတွေ လို့ သတင်းအမြန်ပို့မှ အမြန်တားနိုင်မှာ ပါနော် ။

အင်း ဒါဆိုရင် ဘာပဲမြင်မြင်၊ ဘာပဲကြားကြား ဒီမနောအိမ်လေးကို သတိနဲ့ စောင့်ကြည့် ပေးရမှာပေါ့နော် ။ အင်း ဒီမနော ဆိုတဲ့ ရေယဉ်လေး ကလည်းလ ကြည့်မယ့်လူ မရှိရင် မရှိသလို မလိမ္မာဘူးလေ ။ တွေ့သမျှ အာရုံတွေ နောက် တကောက်ကောက် လိုက်ပါ စီးဆင်းနေတော့တာပါပဲ ။
ဒီထဲကနေပြီး ဟိုအာရုံက ပိုကောင်း တယ်ဟေ့ဆိုပြီး တ၀ုန်းဝုန်း ဖြစ်လိုက် ၊ ဒီ အာရုံက မကောင်းပြန်ဘူး ဆိုပြီး ဒေါသနဲ့ ပွက်ပွက်ဆူလိုက် အင်း ဖြစ်ချင်တိုင်းကို ဖြစ် နေတော့တာပါပဲ ။

ကဲကဲ သူကိုတော့ ဒီတိုင်းထားလို့မရတော့ဘူး ။ ငြိမ်သွားအောင်“သတိ”လေးနဲ့ အိမ်ထောင်ချ ပေးမှပါပဲ ။ ဒါမှ ခြေငြိမ် တော့မှာ ။ မဟုတ်ရင်တော့ သူ့ကို ထိန်းမယ်လုပ်လိုက် ပြဿနာတွေက ဖြစ်ပြီးသွားလိုက်နဲ့ လိုက်ရှင်းလို့ကို မပြီးတော့ဘူး ။ တော်ပြီ တော်ပြီ ဒီ သတိလေး ရှိမှကို ဖြစ်တော့မှာမို့ မနောက “ဒိတ်” ခနဲဆိုတာနဲ့ “ဟိတ်” ဆိုပြီး သတိ နဲ့ တန်းကြပ်ရပါတော့မယ် ။ ဒါမှသာ လှိုင်းတွေကို ဖြိုနိုင်လို့ “ရေဘေး”က ကင်းနိုင်မှာမို့ တို့အားလုံး အမြန်ဆုံး ကြိုးစား ထိန်းသိမ်းကြပါစို့လို့တိုက်တွန်း လိုက်ပါရစေ ။

ဒီနေ့တော့ ရန်သူမျိုး(၅) ပါးထဲက “ရေရန်သူကြီး” အကြောင်းလေး မိတ်ဆက်ပေးရင်း ဒီအတွင်းရေဘေးအန္တရာယ် ကင်းဝေးစေဖို့ မိမိကိုယ်ကို အမြန်ဆုံး ကယ်ဆယ်ကြပါစို့လား။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”