ကားလေလံပွဲများကျဲသွားခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးရှိ ကားရောင်းဝယ်ရေးဈေးကွက်မှာ ပြီးခဲ့သော ရက်သတ္တပတ်ကျော်မှစ၍ အရောင်းအ၀ယ်ပြန်ဖြစ်လာပြီး ကားဈေးနှုန်းမှာ အပြောင်းအလဲမရှိကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတို့ကပြောသည်။ အစိုးရက အသုံးမလိုပိုလျှံယာဉ်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချလျက်ရှိရာ ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဧပြီလအစောပိုင်းကလအထိ ကားအစီးရေ ၂၀၀ကျော်ကို နေပြည်တော်တွင် လေးကြိမ်ခွဲ၍ လေလံတင်ရောင်းချခဲ့ပြီးနောက် ယခုအခါ လေလံပွဲများ အဆက်ပြတ်သွားခြင်းကြောင့် ကားဝယ်ရောင်းလုပ်ငန်းမှာ ပြန်လည်ကောင်းမွန်လာသည့် အနေအထားဖြစ်လာကြောင်း ၄င်းတို့ကဆိုသည်။ မန္တလေးမြို့ရှိ ကားဝယ်ရောင်းဈေးကွက်မှာလည်း ရန်ကုန်ကားဝယ်ရောင်း ဈေးကွက်ကဲ့သို့ အရောင်းအ၀ယ်ဖြစ်လာကြောင်း မန္တလေး ကားဝယ်ရောင်းဈေးကွက်မှ ၀ယ်ရောင်း ဦးသန့်စင်ကပြောသည်။ “ လက်ရှိအခြေအနေကတော့ လေလံပွဲတွေ ကျဲသွားလို့လားမသိဘူး အရောင်းအ၀ယ်ကပြန်ဖြစ်လာတယ်။ ဒါပေမယ့် လေလံပွဲတွေ ပြန်စိတ်လာရင်တော့ အရောင်းအ၀ယ်က ပြန်ကျသွားနိုင်တယ်။ ကားဈေးနှုန်းကတော့ ပုံမှန်ပါဘဲ”ဟု ၄င်းက ပြောကြားခဲ့သည်။

About kln

k ln has written 409 post in this Website..