ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ခင်ဗျားကြီး ဖျက်ဆီးပစ်တယ်။ ကျွန်တော့်ရဲ့ ယုံကြည်မှုကို ခင်ဗျားကြီး ရိုက်ချိုးပစ်တယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ခင်ဗျားကြီး………….

မုန်းတယ်။ ခင်ဗျားကြီးကို ကျွန်တော်မုန်းတယ်။ လောကမှာ အမုန်းဆုံးက ခင်ဗျားကြီးကိုပဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးအတွက် ခင်ဗျားကြီးကို ကျုပ် ပိုက်ဆံပေးထားတာပါ။ ဒါပေမယ့် ခင်ဗျားက ဒါကို ဂရုတောင်မစိုက်ဘူး။ လုပ်ရက်တယ်။ ပြောရရင် ခင်ဗျားကြီး အရမ်းရက်စက်တယ်။

ကျွန်တော့် အသည်းတွေကွဲနေပြီ။ ဟင်း….. ဒီသက်ပြင်းချသံကြီးက ဘယ်တော့များမှ အဆုံးသတ် မှာလဲ။ ရှင်ကွဲ ကွဲနေရတဲ့ ဒုက္ခကို ခင်ဗျားကြီးက လွဲပြီး ဘယ်သူမှ မကယ်နိုင်ဘူးဆိုတာကို ခင်ဗျားကြီး သိရက်နဲ့ လုပ်ရက်တယ်ဗျာ……..

ကျွန်တော့်အိပ်မက်မှာ ကျွန်တော့်ချစ်သူ လက်ထပ်သွားပြီတဲ့။ အဲဒီညက ကျွန်တော်ငို လိုက်တာ မနက်ရောက်တော့ ခင်ဗျားကြီးဆီအားကိုးပြီးထွက်လာတယ်…….။ ခင်ဗျားဗျာ… ခင်ဗျား……….

ခင်ဗျားကြီးကို အရမ်းစိတ်နာတယ်။ တော်ပြီ… ခင်ဗျားကို ကြားခံပြီး ကျွန်တော်တို့ ဆက်သွယ် နေရတဲ့ ကျွန်တော်တို့ နှစ်ယောက်အကြားကို ၀င်နှောင့်ယှက်တဲ့ ခင်ဗျားကြီးကို ကျွန်တော် နောက်တစ်ခါ ထပ်ပြီး အသုံးမချတော့ဘူး။ ကျွန်တော့်ချစ်သူရှိတဲ့ နေရာကို ကိုယ်တိုင်ပဲလိုက်သွားတော့မယ်။
ဟိုရောက်ရင် ပျော်နေတဲ့ ကျွန်တော်တို့ နှစ်ဦးကို ခင်ဗျားအားမကျနေနဲ့ဦး။ ကျုပ်တို့ကတော့ ခင်ဗျားကြီးကို မေ့ထားလိုက်လို့ရပြီ…….

ဒါပေမယ့် ကျွန်တော်…. သူရှိတဲ့ နေရာကို လိုက်မသွားနိုင်သေးဘူး။ ဒါကြောင့် ကူညီပါဦးနော်
ခင်ဗျားကြီးဆိုတဲ့ ကော်နယ်ရှင်ကြီးရယ်……..

About chitkay

myosithu minn has written 26 post in this Website..