ကထိန်အဓိပတိပစ္စယော ။

ba gyiNovember 2, 20111min1457

ကထိန်အဓိပတိပစယော ။
သီတင်းကျွတ်ပြီးတော့တန်ဆောင်မုန်း၊တန်ဆောင်တိုင်သို့ပင်ရောက်တော့မည်။
ငယ်စဉ်က သည်လိုအချိန်ဆို အဆိုတော်ကိုမြကြီး၏ သီချင်းသံ(ယက်ကန်းခတ်သံသီချင်း )ကိုမြူးမြူးကြွကြွကြားနေရပြီ၊ မြိုင်မြိုင်ဆိုင်ဆိုင်xxxx မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်xxx သံပြိုင်(လ တံဆောင်တိုင်)ကထိန်ပွဲခင်းပါတဲ့ လ တန်ဆောင်တိုင်xxxx ထူး—( ထူး)—မြူး—-( မြူး )——။ တဲ့။
ဝါတွင်းသုံးလပတ်လုံး အပတ်စဉ်အာရုံဏ်ဆွမ်းလောင်းလှုခဲ့ကြပြီး၊ဆွမ်းသိမ်းပွဲကြီးပြီးတော့တစ်လမ်းလုံး၊ငွေအား၊လူအား စိုက်ခဲ့ကြရသဖြင့် မောနေကြပြီ၊ သီတင်းကျွတ်ပြန်တော့ လူကြီးမိဘတွေကန်တော့ကြ၊အကတော့ခံကြ နှင့် ပွဲဆက်ကြရသည်မို့ သီတင်းကျွတ်ပြီးတော့ အနားရစေရန်ကိုယ့်အိမ်ကိုယ်ညိမ်ကုပ်နေကြတော့ပြီ။
( တစ်ပတ်– နှစ်ပတ် –)ဟော လမ်းထိပ်က လော်သံကြီးစကြားရလေပြီ၊ ထုံးစံအတိုင်း-( အင်္လကာကျော်စွာဘွဲ့မရသေးရှာသော-) မန္တလေးသိန်းဇော်ကြီးပင်တည်း— ဘာတဲ့ မြတ်စွာဘုရားဟောကြားသော ဗျာဒိတ်အတိုင်းတည်ပါစေသော်xxxxx သာသနာ တစ်ဝက် —- ရာဇာတစ်ဆက်xxxxxx တည်တံ့ခိုင်မြဲရှေကြာစေသော်—၊
အော်— (ကျွန်တော်အကြောင်းမဲ့ အော် ခြင်းမဟုတ်) သူ့ဟာကြီးတွေ တည်တံ့ရုံမက အမြစ်ပါတွယ်နေသေး။
အနှီသီချင်းသံကြားရလျှင်တော့ အလှူခံတော့မည်ဟု ကလေးပေါက်စလေးမှ သက်ကြီးရွယ်အိုတွေအထိသိကြသည်၊ တစ်ချို့ကလည်း နိုင်ငံတော်သီချင်းအသစ်ဟု သမုတ်သည်၊ ဘာပဲဖြစ်ဖြစ် သည်သီချင်းကိုတော့ ကလေးရော ခွေးပါသိကြသည်၊ အဘယ့်ကြောင့်ဟုမမေးနဲ့ ထိုသီချင်းဖွင့် လော်ထမ်းပြီး လမ်းထဲဝင်လာသည်နှင့်
ကလေးတွေအားလုံး တိုက်ဝရံတာမှာနေရာယူပြီးအားပေးကြသလို၊ ခွေးများကလည်း နှုတ်ဆက်ကာ အူကြတော့သည်။
ကဲ ကောင်းလေစွ– မည်သူ့အကျိုးပြုသီချင်းဖြစ်ပါစေ အလှူအတန်းမှာတော့သူမပါလျှင်မပြီးပြီ၊ ဘာနှင့်တူသလည်းဆိုရင် ၊ ကုမ္ပဏီကြော်ငြာကို မလွှင့်ပြစ်ရဲအောင် အန္တရယ် ကင်းပရိတ်စာရွက်မှာထည့်ကြော်ငြာသလိုပ။ ထားတော့ ညာဏ်အစွမ်းထက်သော ဒို့ ဗမာတွေ မဟုတ်ပါလားကွယ်ရို့။
ကျွန်တော်တင်ပြလိုသည်ကဒါအဓိကမဟုတ်- ခေါင်းစဉ်မှာတပ်ထားသော ကထိန်အဓိပတိပစယောပင်ဖြစ်၏။
အဓိပတိပစယော ၏အဓိပ္ပါယ် ကို မဟာဂန္တာရုံ ဆရာတော်ကြီးမှအောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုထားသည်၊

အဓိပတိပစယော = အကြီးအမှုးဖြစ်ပြီးကျေးဇူးပြုတတ်သောတရား။
စင်္ကြာမင်းသည်ပြိုင်သူမရှိအုပ်စိုးဘိသကဲ့သို့ ဆန္ဒ၊ဝိရိယ၊စိတ်၊ဉာဏ် ဟူသောအဓိပတိတရားများသည်အားကောင်း
ရာသို့လိုက်ပြီးကျေးဇူးပြု၏။
ကထိန်ပွဲ နှင့်ပါတ်သက်လျှင်ထားရှိသော ဆန္ဒ၊ဝိရိယ၊စိတ်၊ဉာဏ် တို့တွင်သူမတူအောင်ပင် အဓိပတိ ဖြစ်သူတွေရှိပါသည်၊ ထိုသူများကား ဘုရားလူကြီးများ လည်းမဟုတ်၊ ရပ်ကွက်ဥကဌများလည်းမပါ၊ အထက်မှခိုင်းမှတာဝန်အရ၊လုပ်သောဌာနဆိုင်ရာများကိုလည်းမဆိုလို၊ ကျွန်တော်အမှတ်ပေးထားသောကထိန်အဓိပတိဖြစ်သူများကား ရပ်ကွက်
တော်တော်များများ၏၊ လမ်းတော်တော်များများတွင်ဝမ်းစာရေးအတွက်စာတည်းချကြသော အနှေးယာဉ်ဆိုက်ကားသမားများပင်ဖြစ်ပါသည်။သူတို့သည်၊ သီတင်းကျွတ်ပြီးပြီနှင့် သည်နှစ်ကထိန်တော့ ဘယ်လိုအလှုရအောင်ခံမယ်၊ဘယ်ကျောင်းကိုလှုမယ်၊ ပဒေသာပင်ကြီးကိုဘယ်လိုပုံစံပြင်ဆင်မယ်စသည်ဖြင့်ကျိုတင်ကာ၊ ရွပိုးထိုနေကြပြီ၊သူ့ခွဲတန်းနဲ့သူ ဘယ်သူကလော်ငှားတာဝန်၊ ဘယ်သူကအလှုခံ၊ဘယ်ဝါကတော့မိုက်ခဲ(မိုက်ကလိုဖုန်းလုံးဝမချတန်းပြောသူ)၊ ငွေကိုင်၊ငွေထိန်း၊ပြင်ဆင်မည့်လူ၊ စသည်ဖြင့်တာဝန် တွေအသီးသီး ခွဲပြီးဆောင်ရွက်နေကြပင်၊သူတို့၏စည်းလုံးမှုနောက်တွင်လမ်းသူ/လမ်းသားများကပ်လိုက်ကြရသည်၊ သို့သော်သူတို့ကပါးနပ်သည် လမ်းမှရာအိမ်မှုးတို့ ဘာတို့ကိုတော့အမှုး ထား နေကျ။ အသို့ နှင့် ကထိန်နှင့် ဆိုက်ကားသမားများ၊သည် မန္တလေးသိန်းဇော်ကြီးသီချင်းလိုခိုင်မြဲ ပေစွတောင်း။ တစ်ချို့ကပြောသည်အလှူပေးသူဌေးဖြစ်သည်တဲ့၊ အများ နှင့် စုပေါင်း လှူရသောအလှူများ(ကထိန်)အလှူသည်၊ ထီ ဆုကြီးတွေပေါက်တတ်သတဲ့၊ ထီဆုဆိုသည်အများနှင့်သက်ဆိုင်သော ဘုံပိုက်ဆံ ကိုမဲနှိုက်ရသည့်သဘောကိုဆို လိုသည် လား မသိ၊ ကျွန်တော်သိသော ဆိုက်ကားသမားများတော့တစ်ယောက်မှ ထီမပေါက်ကြပါ။
ကထိန်ပေါင်းလည်းမရေတွက်နိုင်တော့ပြီ၊တစ်ခါတစ်ရံ အလှူခံရင်း၊ပဒေသာပင်လှည့်ရင်း တစ်မူးသောက်ပြီးအားပါးတရ ကကြ၊ ခုန်ကြ၊ပျော်ကြသည်၊ မနှစ်ကဆို ကထိန် လှည့်ရင်း သောက်မည်/၊မသောက်ရဘူး အုပ်စုအချင်းများကာ တီးကြ၊ချကြ လို့ ၊ကွဲသူ၊ပြဲသူစုံလို့၊ တော်သေးသည်ဘဘုန်းကြီးကျောင်အဝဆိုတော့ ဘုန်းကြီးအုပ်စု ကဝိုင်းထိမ်း လိုက်နိုင်လို့၊သူများဂိတ်တွေအလှူခံနေကြသော် လည်းထိုရန်ဖြစ်သောဂိတ်၏လှုပ်ရှားမှုမတွေ့သဖြင့်၊သည်နှစ်တော့ ထိုဆိုက်ကားအုပ်စု( မကထိန် )လောက်ဘူးထင်တုန်း၊ ဟော– ဗြုန်းဆိုမနေ့က သူရို့အလှုခံဌာနကို တွေ့ရပြီ၊ ကမန်းကတန်း အမှီလိုက်ရှာပါ၏။ ကိုင်း ဒါဆိုရှင်းပြီ သူရို့၏ ကထိန်ရွပိုးထိုးဝါသနာသည်ကား၊ သင်္ကြန်ရောက်တိုင်း ရေပက်ခံကြသူ၊ရေပက်ကစားကြသူများကဲ့သို့ပင် တစ်နှစ်တစ်ခါ သည်အချိန်ရောက်တိုင်း၊တား မနိုင်ဆီးမရ အောင်ပင် မလုပ်မနေနိုင်သောဝါသနာ (ဝါ)အဓိပတိတပ် ်ခြင်း ပါ ပေတည်း။သို့သော်ကောင်းမှုရော အရက်ပါရောစွက်နေ သော အဓိပတိဖြစ်လေရကား၊ မန္တလေးကိုသိန်းဇော်ကြီး၏သီချင်းနှင့် ဘုရားစာတွင်ကုမ္ပဏီကြော်ငြာရောစွက်သကဲ့သို့ပင် အဓိပ္ပါယ်သိနေသော်လည်း၊ နားထောင်လို့တော့ကောင်းနေကြပါသည် ခင်ဗျား။
(ပတ်ဆင့်အချို့ကိုရိုက်မရပါသဖြင့်- စာလုံပေါင်းများသည်းခံပေးကြပါရန်။)

7 comments

  • koyinmaung

    November 2, 2011 at 9:05 pm

    ဘကြီးရဲ့ပို့စ်ကိုဖတ်ပြီး….
    ကထိန်ရာသီတောင်ရောက်လာပါပေါ့လား…ငယ်ငယ်တုန်းက
    ကျောင်းကထိန်ခင်းမဲ့ညဆို ကျောင်းဒိုးပါတ်ပြိုင်ပွဲပြိုင်ကြ
    သန်းခေါင်ထမင်းချက်စားကြနဲ့ အရမ်းပျော်ဘို့ကောင်းခဲ့တာလေးတွေ
    အမှတ်ရမိပါရဲ့…..

  • Koyin Sithu

    November 2, 2011 at 10:03 pm

    ဘကြီးရေ.. ကထိန်ရာသီရောက်လာပြန်ပေါ့…
    ငယ်ငယ်တုန်းက ဆိုရင် အဖြူဝမ်းဆက်ဝတ်ပြီး
    ခမောက်ဆောင်းလို့ ကထိန်ပွဲအတွက် ရပ်ကွက်ထဲမှာ
    အလှူခံလုပ်ပေးနေကြဗျ…
    ကထိန်ကျရင် ရသေ့ရုပ်၊ မျောက်ပုံတို့ မူးမူးနဲ့ကကြတဲ့လူတွေမြင်ရင်
    သိပ်တော့မနိပ်လှဘူး….

  • blackchaw

    November 2, 2011 at 10:08 pm

    ဘကြီးရေ။ ဝင်ဖတ်သွားပါတယ်။
    နောက်မှ အသေးစိတ်ရေးတော့မယ်နော။

  • ဆူး

    November 3, 2011 at 9:39 am

    ကျောင်းမှာ ကထိန်ဆိုရင် ဆရာမတွေ ချောဆွဲ ခံရလို့ ပဒေသာပင်မှာ ပစ္စည်းတွေ ဝိုင်းချိတ်ပေးခဲ့ရဖူးတယ်။
    တခြားသူငယ်ချင်းတွေကတော့ ဆရာမ မလာလို့ အတန်းထဲမှာ ဆော့နေကြတယ်။ ဘာပဲပြောပြော ကုသိုလ်တော့ အမြတ်ရခဲ့ပါတယ်။

  • ကြောင်ကြီး

    November 3, 2011 at 11:03 am

    ဘကြီးရယ်
    ကထိန်ကထိန်နဲ့
    မလိမ်တတ်ကြရင်
    ဝရဇိန်သိကြားနတ်
    ရှိထားခဲ့မယ်
    မထင်ဘူး..
    အခုတော့
    ငပိန်တို့ကို
    တဂိန်ဂိန်
    အငြိမ်မနေလို့
    နှိမ်လိုက်ကြတာ
    မြိန်ရည်ရှက်ရည်နဲ့…
    ဒါလားလူတွေရဲ့
    အလှူ….. 🙁

  • naywoonni

    November 3, 2011 at 11:58 am

    နေပြည်တော် ကထိန် ပျော်ပွဲရွှင်ပွဲတော့ ပျက်သွားပါပြီ…။ နေပြည်တော် မြို့တော်ခန်းမ ဗုံးပေါက်လို့ ဆိုလားပြောနေကြတယ်..။ ဒီနေ့မနက်…။ ဈေးသည်တွေလည်းပြန်သွားကြပါပြီ..။ အလှူခံတွေကတော့ ခြိမ့်ခြိမ့်သဲသဲ အလှူခံနေကြတုန်းပါပဲ…။ တစ်ကယ်တော့ အလှူဆိုတာ ကိုယ့် ချွေးနှဲစာထဲက ခွဲဝေ လှူတန်းတာကိုပဲ အမွန်အမြတ်ထားတဲ့ သူတစ်ယောက်အနေနဲ့ အလှူတွေ ခံပြီး ပဒေသာပင်တွေစိုက် အလှူပွဲစားလုပ်နေသူများကို အထင်မကြီးကြောင်းပါ…။

  • KMN

    November 3, 2011 at 1:19 pm

    ကျနော်တို့လမ်းလဲ ဒီနှစ်ကထိန်ခင်းတယ်ဗျ၊ ဘယ်သူတွေလဲလို့ကြည့်လိုက်တော့ ဘကြီးပြောသလိုပဲ အနှေးယာဉ်ဂိတ်(ဆိုက္ကား)သမားများဖြစ်နေကြရဲ့။ ဦးဆောင်သူဆိုက္ကားဆရာကြီးကို” အခြေအနေဘယ်လိုလဲ ဗျ ” လို့ မေးကြည့်တော့၊ ဪ ငါ့ညီရယ် သူများလမ်းတွေက ကထိန်ကိုယ်စီခင်းကြပြီးတော့ ငါတို့လမ်းက မခင်းနိုင်ကြဘူးဆိုတဲ့အဖြစ်ကိုတော့ အရောက်မခံနိုင်ဘူးကွယ်၊ မဖြစ် ဖြစ်တဲ့နည်းနဲ့ရအောင်ခင်းမယ်ဆိုပြီး အလှူခံထွက် ကထိန်ခင်းကြလေရဲ့ဗျာ။
    ( ပျော်ရွှင်မှုပါပေမဲ့ ကထိန်လှူဒါန်းလိုဇောနဲ့ ဆောင်ရွက်နေသူများအားလုံးကိုတော့ လေးစားမိပါသည်၊
    ဆောင်ရွက်အားထုတ်သည့်အတွက် သူတစ်ပါးများ အကျိုးယုတ်လျော့သွားခြင်းမရှိပဲ၊ မိမိတတ်နိုင်သလောက်
    စေတနာပြတ်ပေးလှူလိုက်သည့်အတွက်သာ လောဘနဲပါးပြီး သံသရာဒုက္ခတိုသွားအောင် လုပ်ပေးသလိုမျိုး
    ဖြစ်သွားတာပေါ့မဟုတ်လား။

Leave a Reply