စာတွေ သိပ်မရေးဖြစ်တာလဲကြာပြီ.. ရေးမယ်ဆိုတော့လည်း လက်မတွေ့တော့ သိပ်မရေးဖြစ်ပြန်ဘူးဖြစ်နေပြန်တယ်.. ရေးလိုက်ရင်လဲ တစ်မေ့တစ်မောကြီးဖြစ်အောင် ရေးနေမိတော့ တန်းလန်းထားရင်း ထားရင်းနဲ့ တန်းလန်းကြီးဖြစ်မှန်းမသိကို ဖြစ်နေပြန်ပေါ့။ ဟယ်… မထူးပါဘူးလေဆိုပြီး ရေးတော့မယ်ဆိုတော့လည်း ခုတစ်လော ခံစားမိတာလေးပဲ ရေးချင်လာပြန်ရော။ ရေးစရာကုန်ကြမ်းကတော့ ကိုယ့်ဆီမှာပဲ ကိုယ်ပြန်ရှာတွေ့တော့တယ်။ အသက်ကလဲ စကောစက အရွယ်ရောက်နေတော့ တရားအကြောင်းလဲ ရေးဖို့ မပြည့်စုံသေး၊ အပျော်အပျက်တွေရေးဖို့ကလည်း ကိုယ့်ကိုယ်ကို မငယ်တော့ဆိုပြန်တော့ ဘ၀အကြောင်းပဲ ရေးရပြန်သေးတာပေါ့။

(၁)

ထိုစဉ်ကဖြစ်ပါသည်။

ကျွန်တော်သည်ကား ဟိုစပ်စပ်၊ ဒီစပ်စပ် အနည်းငယ်စီ စပ်စပ်စုစုသိရှိထားသဖြင့် လူငယ်များနှင့်စကားပြောသည့်အခါ ဗဟုသုတ ဟင်းလေးအိုးကြီးဟု မဆီမဆိုင် အထင်ကြီးခံရခြင်း၊ ထိုစဉ်က လုပ်ငန်းတစ်ခုတွင် ကံကြမ္မာမျက်နှာသာပေးသဖြင့် ရာထူးအတော်ကြီးကြီး ရယူထားနိုင်ခြင်း၊ ပေးနိုင်ကမ်းနိုင်သဖြင့် ချွေမှ ရံသော အခြွေအရံပေါများခြင်းတို့ကြောင့် ကျွန်တော်နေထိုင်ရာ အစွန်အဖျားမြို့နယ်လေးရှိ နေအိမ်တွင်ကား လူငယ်များစတည်းချရာ နေရာဖြစ်တော့သည်။ ထိုစဉ်က ကျွန်တော်သည်လည်း အတော်လေးပင်လွတ်လပ်သောသူ ဖြစ်သောကြောင့် ဆူမယ့် ပူမယ့်သူမရှိ၊ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်ရသည့် ကျွန်တော့်အိမ်သည်ကား သူတို့ပျော်စံရာဖြစ်တော့သည်။

လာရောက်ကြသည့် လူငယ်များမှာ လိုင်းပေါင်းစုံဖြစ်တော့သည်။ ထိုအထဲကမှ အတော်လေးပင်ဆိုးသွမ်းသည် ထင်ရသော လူငယ်အချို့မှ ဆွဲဆောင်ခေါ်ယူမှုကြောင့် ဘုန်းကြီးကျောင်းတစ်ခုတွင် ဖွင့်လှစ်သော အင်္ဂလိပ်စာ စကားပြောသင်တန်းသို့ သွားရောက်လေ့လာမိသည်။ ဤနေရာတွင် တစ်ခု သတိပြုစေလိုသည်မှာ သွားရောက်သင်ယူသည်မဟုတ်ကြောင်းဖြစ်သည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်တော်သည်ကား အင်္ဂလိပ်စာဘွက်ရကြီး ဖြစ်တော့သည်တကား။ သွားရောက်လေ့လာရင်းနှင့်ပင် သင်ကြားသူ ဆရာမများနှင့် ရင်းနှီးခင်မင်ခြင်း အလျဉ်းဖြစ်မိတော့သည်။ အင်္ဂလိပ်စာ၊ တရုတ်စာ၊ ကိုရီးယားစာ၊ ဂျပန်စာ အစရှိသည်ဖြင့် ဘာသာလေးရပ်ကို ပင်တိုင်သင်ကြားသူ ဆရာမ ၄ယောက်ရှိသည်။ ၄င်းတို့မှာ သင်ကြားမှုအပိုင်းတွင် ကျွမ်းကျင်ကြသော်လည်း အုပ်ချုပ်မှုအပိုင်းတွင် အတော်လေး အားနည်းကြသည့်အတွက် နောက်ပိုင်းတွင်တော့မူ ကျွန်တော်သည်ကား ကျွမ်းကျင်ရာ လိမ္မာဟုဆိုသလို သင်တန်း အုပ်ချုပ်ရေးအပိုင်းတွင် တာဝန်ယူမိလျက်သားဖြစ်တော့သည်။ ဘာပဲပြောပြော သင်တန်းသား၊ သင်တန်းသူများမှာ ကျွန်ုပ်အဖို့ အပေါင်းအသင်းများသာ ဖြစ်တော့သည့်အတွက် ကောင်းကောင်းနိုင်နင်းခြင်းရှိတော့သည်။

ထိုသင်တန်းသားများမှပင် ထူးချွန်သော ကျောင်းသားများကို သင်တန်းအားချိန်တွင် Practice လုပ်ခိုင်းရင်းနှင့်ပင် လက်ထောက်ဆရာများအဖြစ်သို့ပင် ရောက်လာပြီး ၄င်းတို့၏ နီးစပ်ရာ သူငယ်ချင်းများအား စုစည်းခေါ်ဆောင်ရင်းနှင့်ပင် သင်တန်းမှာ ထိုမြို့နယ်လေးတွင် အတော်ပင် နာမည်ကြီးခြင်းသို့ ရောက်တော့သည်။ ကျွန်တော်သည်လည်း အုပ်ချုပ်မှုအပိုင်းအပြင် Multimedia အပိုင်းကို ကိုယ်တိုင်လုပ်ကိုင်ရတော့သည်။ သင်ထောက်ကူများအဖြစ် သီချင်းများအား ရွေးချယ်စုဆောင်း၊ စာတမ်းထိုး၊ ဆင်ဆာဖြတ် (တစ်ချို့သီချင်းများသည်ကား ကောင်းသော်လည်း အတွင်းပစ္စည်းများ မြင်နေရသဖြင့် ဖြစ်သည်)၊ သင်ရိုးစာအုပ်များ ဖန်တီးထုတ်ဝေခြင်း၊ News Letter များ ပြုလုပ်ခြင်း၊ Activities များမှတ်တမ်းတင်ခြင်း၊ ဖန်တီးခြင်းဖြင့် ထိုလောကသို့ ရောက်မှန်းမသိ ရောက်မိခြင်းဖြစ်တော့သည်။ ပျော်ရွှင်စရာလဲ အလွန်ကောင်းပေသည်။ ၀င်ငွေအနေဖြင့် မရသော်လည်း လုပ်ငန်းသဘာဝအားဖြင့် အတော်လေးပင် ကျေနပ်အားရခြင်းဖြစ်မိတော့သည်။

(၂)

သို့ကလိုနှင့်ပင် လူကြီးတန်းသာမက ကလေးများအတွက်ပါ တိုးချဲ့ဖွင့်လှစ်ရင်းနှင့် ကျွဲကူး၊ ရေပါဆိုသလို သင်တန်း၏ ၀င်ငွေသည်ကား လူအများ အားကျရလောက်အောင် များပြားလာတော့သည်။ ပင်တိုင် ဆရာ၊ ဆရာမများသာမက လက်ထောက် ဆရာ၊ ဆရာမများကိုပါ ထိုက်သင့်သည့် ငွေကြေးများ ပေးကမ်းခြင်းပြုနိုင်တော့သည်။ ထိုစဉ်မှစ စိတ်ဝမ်းကွဲတော့သည်ဟု ဆိုရမည်ပင်ဖြစ်သည်။ ယခင်က တစ်စုတစ်စည်းတည်း မောင်နှမအများပမာ ရှိခဲ့သော ပင်တိုင် ဆရာမများမှာ သူပိုရသင့်သည်၊ ငါပိုရသင့်သည်ဟူပြီး အချင်းချင်း စကားများကြတော့သည်။

မြန်မာပြည်အနေအထားအရ အင်္ဂလိပ်စာသည် Second Language အနေဖြင့် သင်ယူကြခြင်းကြောင့် အင်္ဂလိပ်စာ သင်တန်းသား၊ သင်တန်းသူများမှာ အလွန်များပြားလှသည်။ ကျန်သည့် တရုတ်၊ ကိုရီးယား၊ ဂျပန်စာ အစရှိသည်တို့မှာ ၀ါသနာအလျောက်သာ သင်ယူကြခြင်းဖြစ်သည့်အတွက် သင်တန်းသား ဦးရေမှာ ပြောပြလောက်အောင်မရှိပေ။ သို့သော်လည်း သူတို့သည်ကား မိန်းမသားများသာ ဖြစ်သည့်အတွက် လောဘကား မသတ်နိုင်ကြပေ။ အင်္ဂလိပ်စာ ကျောင်းသား၊ ကျောင်းသူများ များပြားနေသဖြင့် မနာလို၊ မရှုစိမ့်ခြင်း ဖြစ်တော့သည်။ သင်တန်းသဘာဝအရ ငွေကြေးကို သင်ကြားသူ ဆရာမများကိုသာ ပေးကြခြင်းဖြစ်သည်။ ကျောင်းသားတစ်ဦးလျင် တစ်လ ၅၀၀ ဆိုသည်မှာ များပြားလှသည်မဟုတ်သော်လည်း ကျောင်းသား ၁၀၀ ခန့်ဆိုလျင် ၅၀၀၀၀ ရှိပြီဖြစ်သည်။ ထိုစဉ်က ရွှေဈေးမှာ တစ်ကျပ်သား သုံးသိန်းခန့်သာဖြစ်သည်။ ကျွန်တော်သည်ကား ဘေးထိုင်ကြည့်၊ ကူလုပ်ပေးရုံသာဖြစ်သည်။ ငွေကြေးအတွက် မပူမပင်ရသည့် အနေအထားဖြစ်သည်။

သင်တန်းတွင် ဒုတိယအင်အားအတောင့်ဆုံးမှာ တရုတ်စာ ကျောင်းသား ကျောင်းသူများဖြစ်သည်။ ၄င်းတို့ထဲကမှ အင်္ဂလိပ်စာ သင်တန်းပါ တက်သည့် ကျောင်းသား ကျောင်းသူများလဲရှိသည်။ တရုတ်စာ ဆရာမမှာ အတော်လေးပင် လောဘကြီးသူဖြစ်သည်။ အင်္ဂလိပ်စာနှင့် တရုတ်စာသင်တန်းချိန် အပြောင်းအလွဲကာလတွင် မြင်ရသည့် ကျောင်းသား/သူ အင်အားကိုမြင်ပြီး မနာလိုခြင်း ဖြစ်နေသူလဲဖြစ်သည်။ ထို့အတွက်ကြောင့် သူ့သင်တန်းချိန်တွင် လာရောက်သင်ကြားနေသူများထဲကမှ သူသဘောကျသည့် လူယုံတစ်ယောက်အား အင်္ဂလိပ်စာ သင်ခိုင်းခြင်းမှ အစပြု၍ သင်တန်းပြိုကွဲရန် အကြောင်းဖန်လာတော့လေသည်။

(ဆက်ရေးဖြစ်ဦးမည်ဟု ထင်ရပါ၏)

ရှူံးနိမ့်မှုများနဲ့လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..

   Send article as PDF