ပေါ့ပေါ့ပါးပါး ပဲ နော်

black chawNovember 24, 20111min18315

ထုံးစံအတိုင်း ဘလက်တစ်ယောက် စာဖတ်ဖြစ်ပြန်သည်ပေါ့ခင်ဗျာ။ ထုံးစံအတိုင်း သိလာတာလေးတွေ ပြန်ရှယ်တယ်ပေါ့ဗျာ။
pooch တင်ခဲ့တဲ့ မနုသလူသားဆိုတဲ့ ပို့စ်လေးကို ပြန်ဖတ်ရင်း ရခဲလှတဲ့လူ့ဘဝ ဆိုတာကြီးကို နည်းနည်း (နည်းနည်းလို့ပြောတယ်နော်) စိတ်ဝင်စားမိသွားပါ တယ်။
အဲဒါနဲ့ ဖတ်လက်စ မေတ္တာရှင် ရွှေပြည်သာ ရေးတဲ့ သင်လူတစ်ယောက်ဖြစ်ပြီလား ဆိုတဲ့ စာအုပ်ကို ပြန်ကိုင်ဖြစ်ပြန်ပါတယ်ဗျာ။
ဟိုတစ်ခါ ကုလားအစ်နဲ့ မြန်မာအစ် ဆိုတာလေး ပါတဲ့ စာအုပ်ပါပဲ။ ဘာသာရေးဘက် တစ်ချက်လှည့်တယ်ပေါ့ဗျာ။
ဘာသာရေးဆိုလို့ မဖတ်ပဲပြန်ထွက်မသွားပါနဲ့ ဗျို့။
ပေါ့ပေါ့ပါးပါးလေး ပါ။ ပေါ့ပေါ့ပါးပါး သာဖတ်ပြီး ပေါ့ပေါ့ပါးပါးသာ သဘောထားလို့ရတဲ့ ဘာသာရေး ပါခင်ဗျာ။
အဲဒီမှာ လည်း pooch ပြောသလိုပါပဲ။ ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်တိုင်းကို လူ လို့ မသတ်မှတ်နိုင်သေးပါတဲ့။
အခုရေးပြမှာ က ဆရာတော် မေတ္တာရှင် ရွှေပြည်သာ ရေးတဲ့ အထဲကမဟုတ်ပဲ ညီမေတ္တာ ရွှေပြည်သာစာပေ ရေးတဲ့
မိတ်ဆက် အဖွင့်လေးထဲမှာ ပါတာလေးပါ။ ဖတ်ကြည့်ဗျာ။
လူ့အဖြစ် ရခဲပုံနှင့် ပတ်သက်ပြီး ဘာသာခြားတစ်ယောက်က မေးမြန်းလာသည်ကို ကျွန်တော့်ဦးလေးက လူလေးမျိုးနှင့် နှိုင်းယှဉ်ပြီး ဖြေကြားသွားပုံလေးကို တင်ပြရလျှင်

ဘာသာခြား – ဦးလေးတို့ ဘုရားက လူအဖြစ်ကို ရခဲတယ်၊ ရခဲတယ်နှင့် ဟောကြားထားတာ ကျွန်တော်တော့ လက်မခံနိုင်ပါဘူး။ လူအဖြစ် ရလွယ်တာကို သိပ္ပံ မဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရလို့ သိရတာက ကမ္ဘာမှာ တစ်စက္ကန့်ကို လူငါးယောက်နှုန်းနဲ့ မွေးနေတယ်ဆိုပဲ။ ဒီအဆိုအရ လူအဖြစ်ရခဲတယ်ဆိုတာ မဟုတ်နိုင်ဘူး။ မှားနေတယ်။ တရုတ်ပြည်မှာဆိုရင် အိမ်ထောင်စုတစ်စုကို တစ်ယောက် သို့မဟုတ် နှစ်ယောက်ပဲ မွေးခွင့်ရတယ်တဲ့။ ကဲ ဦးလေးဘယ်လို ဖြေမလဲ။

ဦးလေး – ဒါကတော့ မင်းရဲ့ ခြင်ကောင် ဦးနှောက်လောက်နဲ့ တွေးရင်တော့ ဟုတ်နေသလိုပဲပေါ့။ မွေးလာတဲ့ သူတွေရှိသလို သေသွားတဲ့
လူတွေလည်းရှိမယ်ဆိုတာ ထည့်တွက်ရမယ်လေ။ တစ်စက္ကန့်မှာ ငါးယောက်မွေးလာသလို တစ်စက္ကန့်မှာ ငါးယောက်သေနေမယ်ဆိုရင် ဘယ်လိုတွေးမလဲ။
နောက်ပြီး လူ့အဖြစ်ရခဲပုံကို မွေးတာသေတာနဲ့ နှိုင်းယှဉ်ယုံနဲ့တင် မသိရသေးပါဘူး။ တိရစာ္ဆန်တွေနဲ့ လူတွေကို အရေအတွက်ခြင်း ယှဉ်ကြည့်မှ ပိုပြီး သိရတယ်။ ဥပမာ ခြတောင်ဘို့ တစ်ခုဆိုလျှင် ခြကောင်ရေ မရေမတွက်နိုင်အောင် များတယ်။ ခြင်၊ ယင်၊ ပုရွက်ဆိတ်၊ ဒီအကောင်လေးမျိုးနဲ့ ပဲ နှိုင်းယှဉ်ကြည့်လိုက်။
လူတွေ ဘယ်လောက်နည်းသွားတယ်ဆိုတာ ပေါ်လွင်နေပြီ။

ဘာသာခြား – ဒီလို ယှဉ်တွေးကြည့်တော့လည်း ဟုတ်သားပဲ။

ဦးလေး – ဒါပေမယ့် တို့ဘုရားက လူအဖြစ်ရခဲပုံကို လူနဲ့ တိရာစာ္ဆန်ယှဉ်ကြည့်ပြီး မွေးသေအရေအတွက်ကို သင်္ချာနည်းနဲ့ တွက်ချက်ပြီး မဆုံးဖြတ်ပါဘူး။
မွေးလာတဲ့ လူတိုင်းကိုလည်း လူလို့ မသတ်မှတ်ပါဘူး။

ဘာသာခြား – ဒါဖြင့် ဘယ်လိုလူကို လူလို့ သတ်မှတ်ရမှာလဲ။

ဦးလေး – တို့ဘုရားက လူကို အမျိုးအစားလေးခုနဲ့ ခွဲခြားပြီး သတ်မှတ်တယ်။ အဲဒီလေးမျိုးက

၁။ လူ ငရဲသား
၂။ လူတိရစာ္ဆန်
၃။ လူပြိတ္တာ
၄။ လူပရမတ္တ ဆိုပြီး ခွဲခြား သတ်မှတ်လိုက်တယ်။

တစ်ခုခြင်း ရှင်းပြရလျှင်
ကုသိုလ်၊ အကုသိုလ်ရယ်လို့ မခွဲခြားတတ်၊ ဒါန၊ သီလလည်းမရှိ၊ ဘာဝနာဆိုတာဝေလာဝေး။ မွေးကတည်းက ဒုက္ခနဲ့စ ဒုက္ခနဲ့ ဆုံးပြီး လူ့လောကကနေ ထွက်သွားရသူများကို လူ့ငရဲသား တဲ့။

တိရစာ္ဆန်တွေဟာ စားဖို့ရှာမယ်၊ စားမယ်၊ အိပ်မယ်၊ ကာမဂုဏ်ခံစားမယ်၊ ဒါပဲသိတယ်။ လူဟာလည်း စားဖို့ အိပ်ဖို့ ကာမဂုဏ် ခံစား ဖို့ ဒီသုံးမျိုးပဲသိပြီး ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးမသိ၊ ဘာသာရေးနားမလည်၊နားလည်ဖို့လည်း မကြိုးစား၊ မလေ့လာ၊ ဘာသာရေး သုတမရှိတော့ ဒါနမသိ၊ သီလမရှိ၊ ကုသိုလ်၊ အကုသိုလ် မခွဲခြားတတ်၊ ဒီလိုနဲ့ပဲ လူ့ဘဝမှာနေရင်း သေသွားသူများကို လူ့တိရစာ္ဆန်လို့ တို့ဘုရားက သတ်မှတ်တော်မူတယ်။

လူ့ဘဝတော့ ရလာပါရဲ့၊ ရောဂါဝေဒနာထူပြောတဲ့ အတွက် သူများတန်းတူမဟုတ်ပဲ ခက်ခဲပင်ပန်းစွာ ရုန်းကန်ပြီး အလျင်မီအောင်စားဖို့ ဝတ်ဖို့ မနည်းကြိုးစား နေရတဲ့ ဒုက္ခတွေကြောင့် ရတနာသုံးပါးကို သတိမရနိုင်၊ ဒါနမှု သီလမှုတွေ မဆောက်တည်မပြုလုပ်နိုင်ဘဲ လူ့ဘဝကို စွန့်ခွာသွားရသူတွေကို လူ့ပြိတ္တာတဲ့။

လူပရမတ္တဆိုတာကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မဟုတ်ပဲ ရတနာသုံးပါးကို ယုံကြည်မှုသဒ္ဓာနဲ့ ကိုးကွယ်တယ်။ ဒါနပြုရာမှာ ပါရမီ ထိုက်အောင် ပညာနဲ့လှူတယ်။ သီလစောင့်ရာမှာလည်း တစ်ပါးမှမကျိုးပေါက်အောင် အသက်နဲ့လဲပြီး စောင့်တယ်။ ဝိပသနာတရားတွေကို နာကြားအားထုတ်ပြီး ကုသိုလ်၊ အကုသိုလ်ခွဲခြားနိုင်တဲ့ သူကို ဆိုလိုတာဖြစ်ပြီး ဒီလိုဘဝမျိုးပိုင်ဆိုင်သူကိုမှ လူလို့ တို့ဘုရားက သတ်မှတ်တယ်။

ဒီစံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင် တစ်စက္ကန့်မှာ လူငါးယောက်နှုန်း မွေးတာမပြောနဲ့ လူတစ်ရာ၊ တစ်ထောင်မွေးလာတဲ့ အထဲမှာ လူတစ်ယောက်ဖြစ်ဘို့ လွယ်မလား။
အဲဒါလေးပါပဲ အရပ်ကတို့။ ကျွန်တော်တို့ ဘုရားက လူလေးမျိုး ခွဲခြားပါတယ်တဲ့။ အဲဒီလေးမျိုးထဲမှာ အခုစာဖတ်နေတဲ့လူက ဘယ်လိုလူလဲဆိုတာ ကိုယ့်ကိုယ်ကို မှတ်ကျောက်တင်ကြည့်ဘို့ပါ။ အင်း…ပြောသာပြောရတာပါ။ ကျွန်တော်ကတော့ လူပရမတ္တ မဟုတ် သေးတာ သေချာတဲ့အကြောင်း ဝန်ခံပါတယ်ဗျာ။
ပေါ့ပေါ့ပါးပါးဖတ်ပြီး ပေါ့ပေါ့ပါးပါးသာ သဘောထားကြပါ။
ပေါ့ပေါ့ပါးပါး ပဲ နော်။

15 comments

  • windtalker

    November 24, 2011 at 6:37 pm

    ပေါ့ပေါ့ပါးပါးဖတ်ပြီး ၊ မသိသေးတာတွေ သိသွားရပါတယ် ဗျို ့

  • blackchaw

    November 24, 2011 at 8:57 pm

    ကျေးဇူးရှင်ကြီး ကိုပေ။
    တစ်နေ့လုံးနေမှ ခင်ဗျားတစ်ယောက်ပဲ ကွန်းမန့်ပေးတဲ့အတွက်
    ကျွန်တော့် ကို ကယ်တင်သူ ဖြစ်သွားပါတယ်ဗျာ။ ကျေးဇူးဗျို့။

    • windtalker

      November 24, 2011 at 9:12 pm

      ဟောဗျာ ၊ အဲ့လိုလဲ မဟုတ်ပါဘူး ဗျာ ။
      ကြည့်ရတာ ကျုပ် တို ့ရွာသူား တွေ ဒီနေ ့မအားကြလို ့၊ ရွာထဲ မဝင်ဖြစ်ကြလို ့နေမှာပါဗျာ

  • naywoonni

    November 24, 2011 at 9:24 pm

    ပေါ့ပေါ့ပါးပါးဆိုလို့ လိုင်းကာသီသန့် ပြေးတာတို့ ဟိုနေ့ဒီနေ့ သတ်မှတ်ပေးပါတို့ ဖြစ်နေမလားလို့ ကျော်ကျော်သွားနေတာ……………။ ခုမှ တစ်ကယ်ပေါ့ပေါ့ပါးပါး လာတွေ့နေတာကိုး……..။ စော်တီး စော်တီး 😛

  • blackchaw

    November 24, 2011 at 9:33 pm

    နောက်တစ်ယောက်ကို ထပ်ပြီးကျေးဇူးတင်တယ်ဗျို့ ကိုနေဝန်းနီရေ။

  • Dakara

    November 24, 2011 at 9:36 pm

    လူဖြစ်ရခြင်းသည် လည်း ကောင်း၏။။
    လူအများ စာရေးတတ်ခြင်း၊ ဖတ်တတ်ခြင်း လည်း သာ၍ ကောင်း၏။.။
    မန်းဂေဇက် တွင် ကိုဘလက်ချော တံခါးစောင့်ဖြစ်ရခြင်းသည်ကား အကောင်းဆုံးဖြစ်တော့၏။။။
    (ဤကား အကျွန်နုပ် မောင်သစ်မင်း ၏ အလိုတည်း)

  • blackchaw

    November 24, 2011 at 9:55 pm

    ကျေးဇူးတင်ရပြန်ပါတယ်။ ကိုသစ်မင်းရေ။

  • blackchaw

    November 24, 2011 at 9:56 pm

    ကိုသစ်မင်းရေ။ ကျေးဇူးဗျို့။

  • inz@ghi

    November 24, 2011 at 10:04 pm

    ဘာတာရေး ချို တားတားတို့က သိပ်လက်နှေးတာကလား …
    ဂေဇက် တံခါးမှူးကြီးရဲ့ ပိုစ့်ကို အားမပေးတာမဟုတ်ရပါဝူးဗျာ…
    ဘာသာရေး ၊ မော်ဒန် ၊ ကဗျာ ၊ ရသ စာပေတွေဆို
    ပါရမီ နုံနဲ့လေတော့
    ရေးရမှာ အားမရှိဝူး ဖြစ်ဖြစ်သွားတယ် …

    အတည်အခန့်ကလည်း ရေးနေမကျတော့ ဆြာတွေကို စော်ကားသလို ဖြစ်မှာလည်း
    ကြောက်ရသေးသကိုးဗျာ….

    သည်တော့ ပေါ့ပေါ့ပါးပါးပဲ မန့်ပါတော့မယ်
    ဆုတ်ကပ်ကြီး လို့ပြောပြီး လူဦးရေ သန်း၇၀၀ဝ ပြည့်လာတယ်ဆိုတော့
    ဘာသာရေး အယူနဲ့ ထောက်ချင့်ရင် လူ့ဘုံအထက်က ဘုံတွေမှာ ဦးရေ ယုတ်လျော့
    လာတဲ့သဘောပေါ့နော်…..
    ARD(Angels Resources deficiency)နတ်စွမ်းအား အရင်းအမြစ် ကျဆင်းမှု တို့
    BD(Bhama Drain) ဗြမ္မာ ဒရိန်းတို့ ဖြစ်ပေါ်နေမှာ မလွဲပေဘူးပေါ့နော် ဘဘဘလက်

    ပုံ
    မင်ဇက်

  • ကိုချောရေ ဒီနေ့ မန်းလေးမှာ အင်တာနက်လုံးဝသုံးမရပါဗျာ။
    မနက်ပိုင်းခဏလေးဝင်နေတုန်းလိုင်းပျောက်သွားပါတယ်။
    ပေါ့ပေါ့ပါးပါးနေတာ အကောင်းဆုံးပါ။
    လူမဝအောင် လမ်းလျှောက်ပေးရသလို
    စိတ်တွေ မပွအောင်လဲ ……………………..
    ဒါမှ ပေါ့ပေါ့ပါးပါးလေး ဖြစ်တော့မှာပေါ့နော်။

  • pyar tar

    November 25, 2011 at 1:37 am

    အသက်ကို ဝအောင်ရှု မယ်
    ပေါ့ပါးအောင်နေမယ်
    ဒါမှ လန်းဆန်းမယ်

  • Gipsy

    November 25, 2011 at 1:40 am

    ပေါ့ပေါ့ ပါးပါးနေပြီး ပေါ့ပေါ့ ပါးပါးပဲ ဖတ်လိုက်ပါတယ်
    ပေါ့ပေါ့ ပါးပါးပါပဲ ခင်ဗျ ….။

  • ကြောင်ကြီး

    November 25, 2011 at 1:12 pm

    အရေအတွက်ကို အချိန်ကာလနဲ့ ယှဉ်ပြီးမြင်ကြည့်နိုင်သေးတယ်။ ( မြင်ရမှယုံတတ်တဲ့ အတ္တဝါဒီသဂျီးတို့နဲ့တော့ မကိုက်ဘူး) ကမာ္ဘကြီးဖြစ်စဉ်မှာ ပြုဆဲ၊ အဖြစ်၊ ပျက်ဆဲ၊ အပျက်ဆိုပြီး လေးပိုင်းရှိတယ်လို့ မှတ်သားဖူးတယ်။ အဲဒီဖြစ်စဉ်အတွင်းမှာ လူရယ်လို့ ဖြစ်ထွန်းလာချိန်နဲ့ လူသားမဖြစ်သေးတဲ့အချိန် အဆမတန် ကွာခြားတယ်။ လက်တွေ့ဆန်ဆန်ပဲပြောရရင် ကမာ္ဘတည်နေခဲတာ နှစ်သန်းပေါင်း ဘီလျံ၊ ထရီလျံနဲ့ ကြာနေပြီ၊ လူသားတွေဖြစ်လာတာ နှစ်ပေါင်း ဘယ်လောက် ရှိသေးလို့လဲ။ နောင်ကိုရော လူသားမျိုးနွယ်စု မပျက်စီးဘဲ ထာဝရ ရှင်သန်သွားမှာလား။ သံသရာမှာ အဲသလို ကမာ္ဘပေါင်း၊ ပိုကြီးတဲ့ကပ်ပေါင်း အနန္တရှိတယ်။
    ဖန်ဆင်းရှင်၊ ကမ္မဝါဒကို မယုံတဲ့ သိပ္ပံပညာဖက်ကပဲ ပြောရင်ကို သက်ရှိဆဲလ်တွေကနေ ယနေ့လူများ ဖြစ်လာတယ်။ အဲဒီ ဆဲလ်တွေ ရှင်သန်ဖို့ အလွန်တရာမှ ဖြစ်နိုင်ခြေနဲတဲ့ တိုက်ဆိုင်မှု တခုလိုတယ်။ ယနေ့ လက်လှမ်းမှီရာ နေစတြာဝဠာ တခုအတွင်းမှာကို ဂြိုလ်ပေါင်း သန်းထောင်ချီရှိတယ်။ အဲဒီအထဲမှာ လူမပြောနဲ့၊ သက်ရှိဖြစ်နိုင်ဖို့ အခွင့်အလမ်းရှိတဲ့ ဂြိုလ်ကို ရှာနေရတုန်းပဲ။ (တွေ့တော့မယ်လို့တော့ ပြောတာပဲ)။ ဒီတော့ လူသားရယ်လို့ ဖြစ်လာတဲ့ ကာလတခုမှာ စုစုပေါင်း သန်းငါးသောင်းထားလဗျာ၊ အဲဒီကာလမှာပဲ လူမဟုတ်တဲ့ ရုပ်နာမ်နှစ်ပါးစလုံးရှိသူများရယ်၊ လူမဖြစ်တဲ့ကာလများမှာ ရှိနေတဲ့ သတ္တဝါများရယ်ကို ပိုင်းခြေပိုင်းဝေတင်ပြီး သချာင်္အစားကိန်းဂဏန်း အဖြေထုတ်ကြည့်လိုက်။ အောက်ခြေအပိုင်းကိန်း ကြီးလေလေ ရလဒ်အဖြေသေးလေလေဆိုတာ သချာင်္အခြေခံရှိသူတိုင်း သိပါမယ်။ လက်ရှိသိထားတဲ့ သက်ရှိတိရစာ္ဆန်အရေအတွက်နဲ့ကိုပဲ အဖြေသည် အဆုံးမဲ့ infinity ဂဏန်းကို ရောက်သွားပြီ။ မမြင်ရတဲ့ အထက်ဘုံ၊ အောက်ဘုံများကို ထားလိုက်အုံး၊ မရောက်သေးတဲ့၊ ရောက်ပြီးသွားတဲ့ ကာလများကို ဖယ်လိုက်အုံး။
    စပ်ဆက်တွေးကြည့်ရင် ဘဝဆိုတာ ရေပွက်ပမာဆိုတဲ့ စကားသည် သံသရာနဲ့ယှဉ်ပြောမှ၊ သေခါနီး ဓမ္မသဘောတင်ကြည့်မှ သိနိုင်တာ။ နို့မို့ရင် လူ့သက်တမ်း ရှစ်ဆယ်ဆိုတာ အကြာကြီးမှ အကြာကြီးဖြစ်လို့ အဲဒီစကား ပိုပြောသလို ဖြစ်နေတယ်။ လူ့အဖြစ် ရခဲခြင်းဆိုတာလည်း အတူတူပဲ၊ အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးပါးစလုံးကို ထည့်တွက်ရမယ်။ ဆရာတော်များ ပြောသလို လူအဆင့်ကို အသိညဏ်ပေါ်မူတည် ထပ်ခွဲလိုက်ရင်တော့ ပြောစရာ မလိုတော့ပြီ။။။။။။။ ဝိုင်းလှီးကြကွာ ရုပ်ဝါဒီသဂျီးကို အခွင့်အရေးရတုန်း……. 😆

  • ba gyi

    November 25, 2011 at 4:56 pm

    မဲချောကြီး နှင့် ကိုကြောင်ကြီးတို့ဆွေးနွေးချက်များဖတ်ရပြီးသကာလ၊ တရားစစ်စစ်ကလေးတစ်ပုဒ်ကို
    ဘုရားဟော ရော၊သိပ္ပံနည်းကျပါ မြင်လိုက်ရပြီးဖြစ်သဖြင့် ကိုမဲချောကြီး၏ ထုံးစံပြောလေ့ရှိသောစကား လုံး
    ကို အငှားသုံးလျှက် နှမ်းမဖြူးလိုတော့ပြီဖြစ်ပါကြောင်း။ သာဓု သာဓု သာဓု။

  • whowho

    December 2, 2011 at 12:17 pm

    ကို blackchaw နဲ့ ကို windtalker ကို ကျေးဇူးတင်ပါကြောင်း။
    ရန်ကုန်ပြန်လက်ဆောင်အတွက်ပါ။

Leave a Reply