လူမှုရေးဆိုတဲ့ ခေါင်းစဉ်ကြီးက တော်တော် ရှုပ်ထွေးတဲ့ အကြောင်း ဆူး နဲ့ ဘေးအိမ်က အန်တီနီနီနဲ့ စကားပြောမှပဲ နားလည်တော့တယ်။ ဖြစ်ပုံက ဒီလိုလေ..
ဘေးအိမ်က အန်တီနီနီ တော်တော် သဘောကောင်းတယ် သူ့ဆွေမျိုးတွေဆိုလည်း အမြဲ ကြည့်ရှု့စောင့်ရှောက်ပေးတယ် သူ့အိမ်ကိုလည်း ဆွေတော်မျိုးတော် တွေ အမြဲဝင်ထွက် စားသောက်နေတဲ့ အတွက် ဆူး နဲ့လည်း ရင်းနှီးနေကြပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ထို အန်တီကြီး ရဲ့ အမ က မွေးတဲ့သား တူ တယောက် မင်္ဂလာဆောင် ရှိတဲ့ အတွက် သူတို့ အိမ်က မနားမနေ လိုအပ်တာ ၀ယ်လိုက်ဝယ်ပေးသလို သွားချင်တဲ့ နေရာ အဆင်ပြေပြေ သွားလာနိုင်အောင် ကားတစ်စီးနဲ့ ကိုယ်တိုင်မောင်းပြီး လိုက်ပို့ပေးကြတယ်။ အပြန်မှာ မုန့်တွေ ၀ယ်လို့ မြိန်ရည် ရှက်ရေ စားကြ သောက်ကြ မင်္ဂလာပွဲမှာ သူများတွေ လက်ဝတ်လက်စား ၀တ်ရင် သတိုးသား ရှင်ဘက်က မျက်နှာ မငယ်ရလေအောင် လက်ဝတ်လက်စား က အစ လိုအပ်တာ ဆင်မြန်းပြီး သမီးငယ် ကိုလည်း မင်္ဂလာဆောင်မှာ ကိုယ့်ဝတ်စုံနဲ့ ကိုယ် ပန်းကျဲခိုင်းတာက အစ လိုအပ်တာ လုပ်ပေးလိုက်တယ်။ နောက်တော့ မင်္ဂလာပွဲ အတွက် လက်ဖွဲ့ငွေ ၃သောင်း လက်ဖွဲ့ ပေးလိုက်တယ်။ သတိုးသမီးရှင်ဘက်ကလည်း အတော်လေး ချမ်းသာတဲ့ တောသူဌေးတွေလို့ ပြောလို့ရတယ်။ သူတို့ မြို့မှာ သူတို့ မိသားစုက အချမ်းသာဆုံး စာရင်းဝင်တွေ ဖြစ်နေကြတဲ့ အနေအထားမျိုးဆိုတော့ အမောင် သတိုးသား အလိမ်မာ အိမ်ပါ အနေနဲ့ ထိုနယ်မြို့ကလေးကို လိုက်သွားပါတယ်။ မကြာပါဘူး သတိုးသမီး ဘက်က သတင်းကြားလာတယ် ၃သောင်း လက်ဖွဲ့တာ နည်းတယ်တဲ့.. အန်တီနီနီ တို့ သတင်းကြားပြီး ဒေါသတွေ ထွက်ပါတော့တယ်။ သူတို့ မိသားစု ကောင်းကောင်းမွန်မွန် သပ်သပ်ယပ်ယပ် ဖြစ်အောင် အများကြီး အထောက်အပံ့ဖြစ်အောင် အစအဆုံး ကိုယ့်စရိတ်ကိုယ်စိုက်ပြီး လုပ်ပေးခဲ့တဲ့ အပြင် သမီး လုပ်သူကို ပန်းကျဲ ခိုင်းတာတောင် ပန်းကျဲခ အနေနဲ့ သူတို့ဆီက ပြန်မယူခဲ့တဲ့ အပြင် ကိုယ့်အ၀တ်အစားနဲ့ ကိုယ်ဝတ်ပြီး ကူညီခဲ့တဲ့ ကျေးဇူးမှ မထောက် ဒီလို ပြောရလား ဆိုပြီး ဒေါတွေ ကန်နေကြလေရဲ့.. သူဌေးသားမက် ဖြစ်လာတော့ အမောင် ပြောင်ရောင်လာပြီလေ အမျိုးတွေကို လှည့်ပြီး အဒေါ်လေးတွေကို ပုဇွန်ထုတ်ကြီးကြော် စားချင်တယ် ကြော်ပို့ပေးပါ။မနက် ကြော်ပြီး ကားဂိတ်ကနေ ပို့ပေးလိုက်ကြပါတယ်။ သူ့ယောက္ခမကြီးတွေက ငါးရံ့ခြောက်ဆို တခြားက မကြိုက်ဘူး ဒေါ်လေး လုပ်တဲ့ဟာပဲ ကြိုက်တယ် အဲဒီ ငါးရံ့ခြောက်လေး လုပ်ပေးပါ ဆိုတော့လည်း အမျိုးဆိုတော့ စေတနာ မေတ္တာ အပြည့်နဲ့ လိုအပ်ချက်ဖြည့်စည်းပြီး တဖက် အမျိုးတွေ ကြားထဲ အဆင်ပြေအောင် မျက်နှာ မငယ်ရလေအောင် လုပ်ပေးကြတယ်။ သူ့စိတ်ထဲမှာတော့ ပိုက်ဆံ ချမ်းသာလို့ လုပ်ပေးကြတယ် ထင်ပုံရတယ်။ နောက်ဆုံးတော့ ဖတ်ဖတ်မောအောင် လုပ်ပေးကြတဲ့ အန်တီ တို့ ညီမတွေ စကားလက်ဆုံကျတော့ သူတို့ လုပ်ပေးရတဲ့ အကြောင်း ပြောဖြစ်ကြတယ်။ သူတို့ နယ်ကနေ ရန်ကုန်ကို လာရင် အဒေါ်တွေ အတွက် ပါတဲ့ လက်ဆောင်ကတော့ ပဲကြီးလှော် ၅၀သား တယောက် တထုတ်ပါပဲ။ အဒေါ်တွေက ငါတို့ သွားမကောင်းဘူး နင့် ပဲကြီးလှော် စားလို့ မရဘူး ဆိတ်သားခြောက်လေး ဘာလေး ၀ယ်ခဲ့ဟယ် ဆိုတော့ တခါတော့ ပါလေရဲ့ ဆိတ်သားခြောက် နောက်များတော့ လာရင် ပဲကြီးလှော် ၅၀သားပဲ ပါလာတော့တယ်။ အန်တီက ပြောတယ် လက်ဆောင်မပါလည်း အရေးမကြီးပါဘူး မကြိုက်ပါဘူး မစားပါဘူး ပြောထားတာကို ခပ်တည်တည် နဲ့ ဟန်တလုံး ပန်တလုံး လုပ်ပေးတာ တော့ မကောင်းဘူးတဲ့။ စေတနာ မေတ္တာတွေနဲ့ ပေးတာ အကုန်ယူပြီး တုံ့ပြန်တာ နည်းတော့ အမျိုးတွေ မေတ္တာ ခန်းခြောက်လာကြသလို ဖြစ်နေပြီ။ သူ့ စိတ်ထဲမှာတော့ လူချမ်းသာ တယောက် အဖြစ်နဲ့ ဘ၀င်မြင့်ပြီး စိတ်ဓါတ်ကတော့ မမြင့်နိုင်ရှာဖြစ်တယ်။
ဒီလိုနဲ့ အန်တီနီ ရဲ့ သမီး မင်္ဂလာဆောင်မယ် ဆိုတော့ ဆူး တို့လည်း သဘောကောင်းတဲ့ သူတွေ ဆိုတော့ လိုအပ်တာ ကူညီနိုင်တာ ကူညီပေးပါတယ်။ အန်တီ အိမ်ကို ၀င်ထွက် သွားလာပြီး လုပ်ပေးနိုင်တာ လုပ်ပေးနေတော့ အန်တီ စိတ်တိုနေတာ တွေ့တော့ အန်တီ ဘာတွေ စိတ်တိုတာလဲ မေးမိတော့မှပဲ ရေလည်တော့တယ်။ သူ့သမီး မင်္ဂလာဆောင် ကို လွန်ခဲ့တဲ့ ၅နှစ်က ၃သောင်း လက်ဖွဲ့တာ နည်းတယ် ဆိုပြီး အသံပေးနေကြတဲ့ အမျိုးတွေက လက်ဖွဲ့ငွေ ၁သောင်း ဆိုပြီး စာတမ်းလေး ပါတဲ့ စာအိတ်လေး ရောက်လာလို့ ဒေါတွေ ပွနေတောတာပါပဲ။ အခု မင်္ဂလာဆောင် လာမဲ့ အမောင် သူဌေးသမက် ရဲ့ အမေ နဲ့ နှမတွေကိုလည်း ပွဲတက် အ၀တ်အစား တစုံစီ ချုပ်ပေးရတာနဲ့ မိတ်ကပ် အလှဆင်ပေးရမှာနဲ့ သူ ကုန်ကျ သွားတာ မနှမြောပဲ စေတနာ ရှိရှိ လုပ်ပေးခဲ့တာ အမှတ်မထားပေမဲ့ ပြန်လည် အမှတ်ရ တွေးမိပြီး လွန်ခဲ့တဲ့ ၅နှစ်က ၃သောင်း နည်းတာ အခု လက်ရှိ ၁သောင်း က များလွန်းနေသလားတောင် တွေးပြီး ရီစရာကြီး ဖြစ်နေကြတာပေါ့။ ဆူး ကတော့ ကိုယ့် အမျိုး မဟုတ်တော့ ဘာမှတော့ မပြောလိုက်ပါဘူး သူ့ အမျိုးနဲ့ သူဆိုတော့ ဒေါသဖြစ်လည်း ခဏဆိုတော့ သိပ်လည်း မပြောချင်ပေမဲ့ ရွာထဲမှာတော့ ဖောက်သည် ချလိုက်ပါသည်။

About ဆူး

has written 398 post in this Website..

   Send article as PDF