ဓါတ်ပုံပညာ မှတ်စုများ (၅)

Exposure မှန်ကန်တဲ့ ဓါတ်ပုံလေး တစ်ပုံအတွက် အရေးပါတဲ့ နောက်တစ်ချက်ကတော့ ISO (Speed) ပါပဲ။ ကျွန်တော် ကင်မရာ စကိုင်စဉ်တုန်းက ဖလင်ကင်မရာတွေရဲ့ နောက်ဆုံးချိန်လေးကို မီခဲ့သေးတာဆိုတော့ ဖလင်ရဲ့အလင်းစွဲအားနုန်း Film Speed လို့ ခေါ်ဝေါ်သုံးခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ကာလတွေတုန်းက ကင်မရာတွေ၊ ဓါတ်ပုံပစ္စည်းတွေ၊ Film တွေပေါ်မှာ ASA လို့ သုံးခဲကြ့ပြီး နောက်ပိုင်းမှာ ISO လို့ အမည်ပြောင်း သုံးလာပါတယ်။ ASA က American Standard Association ရဲ့အတိုကောက်ဖြစ်ပြီး ISO က International Standard Organization ဖြစ်ပါတယ်။ (ASA Speed = ISO Speed အတူတူပါပဲ)။

ဖလင်ခေတ်တုန်းက ဖလင်ဘူးပေါ်က ASA/ISO နံပါတ်

Digital Camera တွေခေတ်မှာ ISO

အခုနောက်ပိုင်း Digital Camera ခေတ်ရောက်သွားတဲ့အခါမှာတော့ Digital camera တိုင်းရဲ့ ကင်မရာမှာ ပါတဲ့ ပုံရိပ်ဖမ်း Sensor ( CCD or C-MOS) ရဲ့ အလင်းသိနိုင်စွမ်းအား Sensitivity of image sensor စံနုန်ုးကို ISO လို့သုံးလာပါတယ်။

ISO နံပါတ်တွေကတော့ ဖလင်ခေတ်က လိုပဲ ISO 25, ISO 50, ISO 100, ISO 200, ISO 400, ISO 800, ISO 1600, ISO 3200, ISO 6400, ISO 12800 စသည်ဖြင့် တွေ့ရပါတယ်။ အပါချာနဲ့ Shutter Speed မှာအတိုင်း နံပါတ်တစ်ခုနဲ့ တစ်ခု အပြောင်းအလဲကို One Stop လို့ခေါ်ပါတယ်။ ခုခေတ် Digital ကင်မရာလေးတွေမှာ အများအားဖြင့် ISO 100, ISO 200, ISO 400 စသည်ဖြင့်ပါတတ်ပြီး ကင်မရာ အမျိုးအစား၊ sensor ရဲ့ အရွယ်အစား ပေါ်မူတည်ပြီး ISO နံပါတ် အနဲအများ အမျိုးမျိုးပါတာကို တွေရပါတယ်။

ဒီ Camera ဆို ISO 80 ပါတယ်။

အရင်ပြောခဲ့တဲ့ အပါချာ၊ Shutter တို့လိုပဲ ISO ကလည်း ဓါတ်ပုံအတွက် လိုတဲ့ အလင်းအနဲ အများကို ဖန်တီးပေးနိုင်ပါတယ်။ ISO နံပါတ်ငယ်ရင် အလင်းသိနိုင်စွမ်းနဲ (အလင်းဖမ်းယူနိုင်မှုနဲ) (ဓါတ်ပုံမှာအလင်းနဲ) ပြီး ISO နံပါတ်ကြီး ရင် အလင်းသိနိုင်စွမ်းများ (အလင်းဖမ်းယူနိုင်မှုများ) (ဓါတ်ပုံများအလင်းများ) ပါတယ်။ ဒါကြောင့် ဓါတ်ပုံရိုက်မယ့် နေရာမှာ အလင်းပမာဏနဲနေရင် ISO နံပါတ်ကို မြင့်ပေးရပြီး အလင်းများနေရင် ISO နံပါတ်ကို လျှော့ပေးရပါတယ်။

အောက်မှာပြထားတဲ့ ပုံလေးကို ကြည့်ပါ။ ဒီပုံလေးကို အကောင်းဆုံး Exposure အတွက် f 10 , 1/250s , ISO 100 နဲ့ရိုက်မယ်ရမယ် ဆိုရင် ISO ကို One Stop စီကြီးပေးလိုက်တဲ့အတွက် (ISO နံပါတ် မြှင့်ပေးလိုက်တဲ့ အတွက်) ပုံမှာ အလင်းများသွားပြီး ဖြူသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ISO setting ကလည်း ပုံတစ်ပုံကို ကောင်းခြင်းမကောင်းခြင်း ပြောင်းလဲသွားစေနိုင်ပါတယ်။

အလင်းလိုလို့ ISO တင်ပေးရမယ်ဆိုရင်တော့ သတိထားရမယ့် အချက်က ISO နံပါတ်မြင့်လာလေ Digital Noice လို့ခေါ်တဲ့ ဓါတ်ပုံမှာ ဗြုတ်အစက်လေးတွေ ပေါ်လာလေ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ (Film ခေတ်ကတော့ Grain လို့ခေါ်ခဲ့ကြပါတယ်)။ Sensor Size ကြီးရင် ၊ ကင်မရာမှာ သုံးတဲ့ lens quality ကောင်းရင်တော့ noice ထွက်တာ နဲပါတယ်။ ဒါကြောင့် ISO ကို ဓါတ်ပုံအတွက် လိုအပ်သလို တိတိကျကျ မှန်မှန်ကန်ကန် သုံးနိုင်ဖို့ လိုအပ်ပါတယ်။

ပုံမှန် အလင်းအားကောင်းတဲ့ အခြေအနေမှာဆိုရင် ISO 100 က အဆင်ပြေပါတယ်။

အလင်းအားနဲနေတဲ့ အချိန်၊ နေရာမျိုးတွေမှာတော့ ISO ကို မြှင့်ပေးဖို့လိုပါတယ်။

ISO 400

အလင်းအား အရမ်းနဲတဲ့ အချိန်၊ နေရာမျိုးတွေမှာတော့ ISO ကို လိုအပ်သလို မြှင့်ယူရပါတယ်။

ISO 3200

ကင်မရာတွေမှာ ဓါတ်ပုံရိုက်တဲ့အခါ ရှေ့မှာ ပြောခဲ့တဲ့ Aperture, Shutter Speed နဲ့ ISO တို့ကို လိုအပ်သလို ချိန်ညှိပြီး အလင်းပေးရပါတယ်။ ဒီအချက် ၃ချက်က တစ်ခုအပေါ်တစ်ခု တည်မှီပြီး အချိုးတူညီစွာနဲ့ (One Stop တူညီစွာ) အလင်းကို လိုသလို အနဲအများ ချိန်ညှိပေးနိုင်ပါတယ်။ (Auto Exposure Setting တွေက ဒီ ၃ ချက်ကို တွဲယူထားတာပါ)။

ဒီ အကြောင်းလေးတွေကို သိထားမှ ကင်မရာမှာကော၊ Flash တွေ၊ Exposure meter တွေလို ဓါတ်ပုံ Accessories တွေမှာပါ ISO နံပါတ် ဘဘောတရား ကို အသုံးချ နိုင်မှာပါ။

ကင်မရာက ISO

Exposure Meter ပေါ်က ISO

(ဆက်ပါအုံးမယ်)။

စိန်သော့

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။