မြန်မာနိုင်ငံ ပြည်တွင်းအခွန်များဦးစီးဌာန၏ ယမကာအတွက် အခွန်ထမ်းဆောင်ပြီးကြောင်း အသိအမှတ်ပြု Logo တံဆိပ်များကို ရန်ကုန်တိုင်းအတွင်း မြို့နယ်၊ ရပ်ကွက်အချို့ရှိ ယမကာဆိုင်များနှင့် ယမကာလက်လီ ရောင်းချသော ဆိုင်များတွင် လိုက်လံဝယ်ယူစုဆောင်းသူများ ရှိနေကြောင်း သိရသည်။ ယင်းသို့ဝယ်ယူကြရာတွင် နိုင်ငံတော်ထံ အခွန်ထမ်းဆောင်ပြီးဖြစ်သော သတ်မှတ်ကုတ်ငါးမျိုး (A1 ၊ A2 ၊ A3 ၊ A4 ၊ A5) အနက် A1 တံဆိပ်ကို အဓိကထားဝယ်ယူလျက်ရှိပြီး ကျန်တံဆိပ်များမှာ A1 အမှတ်တံဆိပ်လောက် ဈေးကောင်းမရကြောင်း သိရသည်။ “ ယမကာနဲ့ ပတ်သက်တဲ့ အခွန်တံဆိပ်တွေကို လိုက်ဝယ်တဲ့နေရာမှာ စုတ်ပြဲခြင်းမရှိဘဲ ပကတိအတိုင်း ကောင်းမွန်တဲ့ အမှတ်တံဆိပ်တွေကိုသာ ဝယ်ပြီး တစ်ခုကို ၁၅ ကျပ်ရပါတယ်။ ပထမတော့ ဘာမှန်း၊ ညာမှန်းမသိတဲ့အတွက် မရောင်းပါဘူး။ နောက်တော့ ကလေးတွေက မုန့်ဖိုးရတယ်ဆိုပြီး ဆိုင်မှာတင်ထားတဲ့ ယမကာပုလင်းတွေက အခွန်အမှတ်တံဆိပ်တွေကို အကောင်းအတိုင်းရအောင် ဖြုတ်ယူရောင်းတာပါ။ ” ဟု ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၂)အတွင်းရှိ ကုန်မျိုးစုံ လက်လီရောင်းချသော ဆိုင်တစ်ဆိုင်က ၁၈-၅-၂၀၁၀ ရက်တွင် ပြောကြားသည်။ ယင်းသို့ အခွန်ထမ်းဆောင်ပြီး အမှတ်တံဆိပ်များကို လိုက်လံဝယ်ယူရာတွင် မြို့နယ်၊ ရပ်ကွက်တစ်ခုနှင့် တစ်ခုဈေးနှုန်းမတူညီကြောင်း သိရသည်။ ထို့ပြင် ယင်းအမှတ်တံဆိပ်များကို လိုက်လံဝယ်ယူနေသည့်အတွက် စားသုံးသူများအနေဖြင့် မိမိတို့ထံရောက်ရှိလာသော ယမကာများ၌ အခွန်ထမ်းဆောင်ပြီးကြောင်း တံဆိပ်တို့ပါမလာတော့သဖြင့် အတုနှင့် အစစ်ခွဲခြားရန် ခက်ခဲကြောင်းလည်းသိရသည်။ “ ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) မှာနေတဲ့ သူငယ်ချင်းဆီ ညအိပ်သွားရင်း လိုင်စင်ရ ယမကာဆိုင်မှာ အပန်းဖြေတဲ့အခါ မှာထားတဲ့ ပုလင်းမှာ အခွန်ထမ်းဆောင်ပြီးကြောင်း၊ အမှတ်တံဆိပ်ကို မတွေ့ရပါဘူး။ ဒါနဲ့စိတ်ထဲမှာ အတုလို့ သံသယဖြစ်ပြီး ဆိုင်ရဲ့တာဝန်ရှိသူကို မေးကြည့်တော့ အစစ်ဖြစ်ကြောင်းအာမခံပြောကြားပါတယ်။ အခွန်ဆောင်ပြီးသား တံဆိပ်မပါတာက မူလပကတိအတိုင်းရှိနေတဲ့ တံဆိပ်ဆိုဈေးကောင်းရရှိလို့ ကြိုတင်ဖြုတ်ယူထားတာလို့ သိရတယ်။ သူ့ဆိုင်မှာ တင်ပြထားတဲ့ နမူနာတွေကို လိုက်ကြည့်တော့ အားလုံးမှာ အခွန်တံဆိပ်တွေ ကပ်ထားတာတွေ့ရတယ်။” ဟုစားသုံးသူတစ်ဦးက ပြောကြားကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..