လေယာဉ်မယ်မှ ကြိုက်သူများအတွက်

ခရီးတိုလေး တစ်ခု သွားရင်းနဲ့ ဒီနေ့ ( ဒီဇင်ဘာ ၁၆ ရက်နေ့ ) ထုတ်တဲ့ Bangkok Post သတင်းစာလေး ဖတ်မိလိုက်တယ် ၊ ခဏတဖြုတ် ဟိုကြည့်ဒီကြည့် လုပ်ရင်း သတင်းလေး တစ်ခု သွားတွေ့မိတော့ နဲနဲလေး ထူးခြားနေတာနဲ့ ရွာသားတွေကို ပြန်လက်တို့ မိတာပါ ….

ပထမဆုံး ဆိုတာတွေ ထဲက ပထမဆုံး တစ်ခုပေါ့ ၊ မိန်းကလေး အဖြစ် လိင်ပြောင်းထားတဲ့ လေယာဉ်မယ်လေး ၄ ယောက် အကြောင်းပါ ၊ သူတို့ကို မြန်မာလို အခြောက်တို့ ၊ မိန်းမရှာ တို့ သုံးရင် နဲနဲ ရင့်သီးသလို ဖြစ်နေမှာ စိုးလို့  သတင်းထဲက အတိုင်း ladyboy လို့ သုံးပါမယ် ။ ထိုင်းနိုင်ငံက PC Air ဆိုတဲ့ လေကြောင်းလိုင်းက ဒီဇင်ဘာလ ၂၄ ရက်နေ့ကျရင် ဘန်ကောက် ကနေ ဗီယက်နမ် ကို စင်းလုံးငှားခရီးစဉ် စပျံပါတော့မယ် ၊ နောက်နှစ်မှာ တရုတ်နိုင်ငံက မြို့ နှစ်မြို့ ကို ပျံဘို့ စီစဉ်ထားတယ် ၊ ပြည်တွင်းခရီးစဉ်တွေက အပြိုင် များနေတာမို့ ခရီးစဉ်သစ်တွေ ဆွဲဘို့ စီစဉ်တာပါ ။ မစခင် သရုပ်ပြပျံသန်းတဲ့ အနေနဲ့ မနေ့က မီဒီယာသမားတွေတင်ပြီး ပျံရင်းနဲ့ ကမ္ဘာ့ပထမဆုံး ladyboy တွေကို မိတ်ဆက်ပြလိုက်တယ်  ၊ မီဒီယာတွေရဲ့ မှတ်ချက် မပါပေမဲ့ အဆင်တော့ပြေမှာပါ ၊  ပုံထဲက လေယာဉ်မယ် ၄ ယောက်မှာ ညာဘက် ဒုတိယလေယာဉ်မယ်က Thanyarat Chirapatpakorn တဲ့ သူက Miss Tiffany Universe 2007  ရထားတဲ့ သူ ဆိုပဲ ၊ ကျွန်တော်တို့ဆီမှာလဲ ladyboy တွေ ရှိကြပါတယ် ၊အရင်ကထက်တောင် များလာသလိုပဲ ၊ အဲဒီ အများကြီးထဲက ဘယ်နှစ်ယောက် လူအများရှေ့ ခေါင်းမော့ရင်ကော့ပြီး နေနိုင်ပါသလဲ စဉ်းစားကြည့်စရာပါ ၊ အလှပြင် တဲ့လောကမှာတော့ သူတို့တွေပဲ ဆိုပေမဲ့ ခင်စန်းဝင်း တို့ အောင်အောင် တို့လို လူက နဲနဲပဲ ရှိပါတယ် ၊ ၀ါသနာ ကြောင့် ပတ်ဝန်းကျင်ကြောင့် အလွယ်ပြောနေကြတဲ့ ၀ဋ်ကြွေးကြောင့် ဘာကြောင့်ပဲ ဖြစ်ဖြစ် ladyboy ဘ၀ ဖြစ်လာကြပြီးနောက် သဘာဝအရကို လက်မခံချင်တဲ့ မြန်မာပြည်လို နေရာမျိုးမှာတောင် တည်တည်တံ့တံ့ ရိုးရိုးသားသားနဲ့ နယ်ပယ် တစ်ခုမှာ ထူးချွန်အောင် လုပ်မယ်ဆို ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်းကလဲ နားလည်လက်ခံပေးမှာပါ ၊ ရွာထဲမှာတောင်  ဆရာမှော် က သူ့ရဲ့ ရာရားလေး ကို ဘယ်လို လေးစားနားလည်  မိတဲ့အကြောင်း ရင်ဖွင့်ထားသေးတာပဲ ၊ မြန်မာ ladyboy တွေ ရိုးရိုးသားသား တည်တည်တံ့တံ့ ကြိုးစားရင် မြန်မာပြည်မှာလဲ လေယာဉ်မယ်ရာရား တို့ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအတိအကျပြောနိုင်ပါ့မလဲ..

သတင်းလေးကို ဆက်ဖက်ကြည့်လိုက်တော့ လေကြောင်းလိုင်း သူဌေးက ပီတာ တဲ့ အရင်က လေယာဉ်မောင် လုပ်ဖူးတဲ့သူ ၊ သူ့ လေကြောင်းလိုင်းကို နောက်ပိုင်းမှာ ဟောင်ကောင်၊ တရုတ်၊ဂျပန် ၊ တောင်ကိုရီးယားနိုင်ငံတွေထိ တိုးချဲ့ပျံသန်းနိုင်ဘို့ စီစဉ်ထားတယ် လိုင်းတွေ တိုးသလို ladyboy တွေကိုလဲ တိုးခေါ်မယ် သူတို့ရဲ့ မူဝါဒက  to promote equality တဲ့ ၊ ကောင်းပါတယ် ဆက်လုပ်ပါလို့ ပြောရမှာပေါ့ ၊ အခုခေတ် မှာ လေကြောင်းလိုင်းတော်တော်များများက အကုန်အကျ သက်သာအောင် လေယာဉ်တွေကို အငှားစနစ်နဲ့ ငှားပျံကြပေမဲ့ ၊ ပီတာ က ဘတ်ငွေ တစ်ဘီလီယံ လောက် လက်ငင်း ပေးပြီး A 310-222 တစ်စီးကို ၀ယ်ထားတာ ၊ ဘယ်သူ့ ဆီက ၀ယ်တာလဲ ဆိုတာ သိရမှ ပို စိတ်ဝင်စား သွားမိတယ် ၊ အဲပုဂံ က ဦးတေဇ ဆီက ပါတဲ့ ၊ မြန်မာပြည်မှာ မတွေ့မိတော့တာ အဲဒါကြောင့်ကို ၊ စ ပျံတုန်းက တော့ ဂျာနယ်တွေမှာ ပါလို့ သိလိုက်တယ် ၊ ပြန်ရောင်းတာတော့ မသိလိုက်ဘူး ၊ သူ့ လေယာဉ် ၀ယ်သွားတဲ့ လူတောင် ladyboy  တွေကို လေယာဉ်မယ် ခန့်ထားရင် သူ လဲ အဲဒါမျိုး စိတ်ဝင်စားနိုင်တယ်

ကဲ မြန်မာပြည်က ladyboy များ ရော အဲပုဂံမှာ လေယာဉ်မယ် မလုပ်ချင်ကြဘူးလား ?

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ