ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် အချို့တွင် ဒီဂျစ်တယ် ဆီပန့်သုံး ကွန်ပျူတာစနစ်ဖြင့် ရောင်းချမည်

klnMay 27, 20101min601

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုထားသည့် စက်သုံးဆီဆိုင်အချို့တွင် လက်ရှိသုံးစွဲလျက်ရှိသည့် ဆီပန့်များအစား ဒီဂျစ်တယ်ပန့်များကို အစားထိုးတပ်ဆင်ပြီး ဆီရောင်းချမှုကိုလည်း ကွန်ပျူတာစနစ်ဖြင့် လုုပ်ဆောင်မည်ဖြစ်ကြောင်း ထိုပန့်များကို တင်သွင်းရောင်းချပေးသည့် International Marine Services Co Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဟိန်းက မေလ ၂၁ ရက်တွင် ပြောကြားသည်။ အဆိုပါ ဒီဂျစ်တယ်ဆီပန့်များ သည် သတ်မှတ်ပေးထားသော စက်သုံးဆီရောင်း ဈေးအတိုင်း ဝယ်ယူသူထည့်လိုသည့် ဆီပမာဏကို တိကျစွာထည့်ပေးနိုင်သည့် ပန့်များဖြစ်ကာ လက်ရှိတွင် ထိုပန့်များကို ကုမ္ပဏီသုံးခုမှ လုပ်ကိုင်ဆောင်ရွက်မည့် စက်သုံးဆီဆိုင်ပေါင်း ၂ဝ တွင် ပြောင်းလဲတပ်ဆင်ရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ “ ဒီဂျစ်တယ်ပန့်တွေကိုတော့ ကုမ္ပဏီတော်တော်များများက စိတ်ဝင်စားကြတယ်။ သုံးစွဲမယ့် ကုမ္ပဏီတွေကလည်း လက်ရှိပန့်တွေ နေရာမှာ ဒီပန့်တွေကို အမြန်ဆုုံးပြောင်းလဲတပ်ဆင်သွားဖို့ ရှိပါတယ် ” ဟု ၎င်းကပြောသည်။ ထို့ပြင် စက်သုံးဆီရောင်းချပေးရာတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ပုံစံအစား ကွန်ပျူတာဖြင့် ကျသင့်ငွေဘောက်ချာထုတ်ပေးသည့် စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်းဆိုသည်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များအနေဖြင့် ဝယ်ယူသူများကို ဝန်ဆောင်မှုပေးရာတွင် ပိုမိုအဆင်ပြေကောင်းမွန်ရေးအတွက် ထိုဒီဂျစ်တယ်ဆီပန့်များကို အစားထိုးတပ်ဆင်ခြင်းဖြစ်ပြီး လက်ရှိသုံးစွဲလျက်ရှိသည့် စနစ်များနှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ထားကြောင်းသိရသည်။ ပြောင်းလဲတပ်ဆင်မည့် ဒီဂျစ်တယ်ဆီပန့်များမှာ ဂျပန်နိုင်ငံထုတ် Tatsuno တံဆိပ်ပန့်များဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းခြင်းဖြစ်ကြောင်း၊ ပန့်တစ်ခု၏ တန်ဖိုးမှာ ကျပ်သိန်း ၇၀-၈ဝ ဝန်းကျင် ဖြစ်ပြီး မော်ဒယ်နှင့် လုပ်ဆောင်ချက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိကြောင်းဆိုသည်။ ထိုဒီဂျစ်တယ်ဆီပန့်များကို ပြောင်းလဲတပ်ဆင်ခြင်းအားဖြင့် စက်သုံးဆီလျော့နည်း၍ အလေအလွင့်ဖြစ်ခြင်းများကို သက်သာစေမည်ဖြစ်ကြောင်း၊ သို့ရာတွင် မီးအားမပြည့်ပါက စက်မလည်ပတ်နို်င်သည့် အားနည်းချက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • BaKo

    May 27, 2010 at 9:35 pm

    အနောက်နိုင်ငံတွေမှာကတော့ အဲဒီစက်တွေကို ကွန်ပျူတာချစ်လေးကို ပြင်လိုက်တာနဲ့ ဆီဆိုင်ကတရက်အပိုထောင်ချီရတာပဲ
    အစိုးရက လျှို့ဝှက်စုံစမ်းတဲ့သူနဲ့ အချိန်မရွေးဝင်စစ်ဖမ်းရတယ် မြန်မာတွေဒါတွေလုပ်မှာလား

Leave a Reply