မန္တလေး-မြစ်ကြီးနားရထားလမ်း မြစ်ကြီးနားဘူတာနှင့် နန်းကွေ့ဘူတာအကြားရှိ ရထားသံလမ်းအောက်၌ မေလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ မေလ ၆ရက်နေ့ နံနက် ၁၀နာရီ ၃၅မိနစ်ခန့်တွင် မြန်မာ့မီးရထားမှ ၀န်ထမ်းတစ်ဦးက မြစ်ကြီးနားဘူတာနှင့် နန်ကွေ့ဘူတာအကြား မိုင်တိုင်အမှတ် ၁၇၉/၁၉နှင့် ၂၀အကြား ရထားသံလမ်းအောက်၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိသဖြင့် လုံခြုံရေးတာဝန်ရှိသူများထံ ဆက်လက် သတင်းပေးပို့ခဲ့ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရှင်းလင်းရာ ရထားသံလမ်းဆက်အောက်၌ အထုပ်နှစ်ထုပ်၊ ၄င်းမှ ပေ ၄၀ခန့်အကွာ သံလမ်းဆက်အောက်၌ အထုပ်နှစ်ထုပ် စုစုပေါင်း လေးထုပ်တွေ့ရှိခဲ့ကြောင်း၊ ယင်းအထုပ်များကို စစ်ဆေးရာ TNT ယမ်းတုံး ၄၀၀ဂရမ်ပါ အတုံး ၃၀၊ ၂၀၀ဂရမ်ပါ အတုံး ၂၀၊ စနက်တံခြောက်ခု၊ ဆားကစ်သုံးခုနှင့် ဓာတ်ခဲ ၁ ဒသမ ၅ဗို့ ၁၂လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်း TNT ယမ်းတုံးများနှင့် ဆားကစ်၊ ဓာတ်ခဲတို့မှာ တစ်ဆက်တည်း ဆက်စပ်ထားပြီး ညအချိန်က စတင်ထောင်ထားသည်ဟု ယူဆရကြောင်း၊ ဖောက်ခွဲရန် အသင့်ပြင်ထားသော်လည်း မိုးရွာသွန်းမှုကြောင့် ဖောက်ခွဲမှုစနစ် ချွတ်ထွင်းသွားခဲ့သဖြင့် ပေါက်ကွဲမှု မဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။ ထိုကဲ့သို့ ဖောက်ခွဲဖျက်ဆီးရေး ယမ်းထုပ်များထောင်ထားခဲ့မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။ အကြမ်းဖက်အဖျက်သမားများသည် ယခုကဲ့သို့ ရထားလမ်းလုံးဝပျက်စီးစေရန်၊ ရထားတိမ်းမှောက်ပျက်စီးစေရန်၊ ရထား တိမ်းမှောက်ပျက်စီးပြီး အပြစ်မဲ့ပြည်သူများထိခိုက်၊ သေကျေ ဒဏ်ရာရရှိစေရန်နှင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ အများပြည်သူတို့အနေဖြင့် မိမိတို့ ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်လူစိမ်းများ၊ မသင်္ကာဖွယ် ပစ္စည်းများတွေ့ရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် သက်ဆိုင်ရာကတိုက်တွန်း ထားကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..