ရန်ကုန်မြို့ အဆင့်မြင့်မင်္ဂလာဈေး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးပေါ့ဆမှုဖြင့် ဆိုင်ပိုင်ရှင်သုံးဦးအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ နိုင်ငံနှင့် ပုဂ္ဂလိကပိုင်ရှင်များအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပေါ်စေသဖြင့် နောင်တွင် မီးပေါ့ဆသူများအား ထိရောက်စွာ အရေးယူသွားမည်
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေး စတုတ္ထထပ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်မှ မေ ၂၄ရက် နံနက် ၈နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မေ ၂၅ရက် နံနက် ၅နာရီ ၅မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အား မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ဦးစီးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ ဆိုင်ခန်းအမှတ် စ(၈၀/၈၁)၌ လျှပ်စစ်ရေနွေးအိုး ပလတ်ပေါက်ထိုး၍ ရေနွေးကျိုထားစဉ် မေ ၂၃ရက် ညနေ ၅နာရီ ဈေးပိတ်ချိန်တွင် ဈေးကော်မတီက လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ရာ ရေနွေးအိုးအား မေ့လျော့ပြီး ပလတ်ပေါက်မဖြုတ်၊ မီးခလုတ်မပိတ်ဘဲ ထားရှိခဲ့ကြောင်း၊ မေ ၂၄ရက် နံနက် ၇နာရီခွဲ ဈေးဖွင့်ချိန်တွင် လျှပ်စစ်မီးပြန်လည်ရရှိရာ ယခင်နေ့က တည်ထားခဲ့သော ရေနွေးအိုးမှ ရေခန်းပြီး အပူလွန်ကဲကာ နံနက် ၈နာရီခွဲခန့်တွင် အနီးရှိ အလှကုန်ပစ္စည်းများသို့ မီးကူးစက်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါမီးသည် မင်္ဂလာဈေးစတုတ္ထထပ် တစ်ထပ်လုံးကို ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ရာ အလှကုန်ဆိုင်ခန်း ၃၉၉ ခန်း၊ ဆေးဝါးအရောင်းဆိုင်ခန်း ၃၉၈ခန်း ပေါင်း ၇၉၇ခန်းနှင့် အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင် ၄၈ဆိုင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ပစ္စည်းဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၂၀၉၂၆၃ သိန်းဖြစ်ကြောင်းနှင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှုတန်ဖိုးအား တွက်ချက်ဆဲ ဖြစ်ကြောင်းသိရှိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျန်အထပ်များ မကူးစက်စေရန်နှင့် ပတ်ဝန်းကျင်သို့ ကူးစက်မလောင်ကျွမ်းစေရန် ကြိုးပမ်းငြိမ်းသတ်ဆောင်ရွက်နိုင်မှုတို့ကြောင့် မြေညီထပ်ရှိ ဆိုင်ခန်း ၈၄၉ခန်း၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်ရှိဆိုင်ခန်း ၂၃၇၃ခန်း မီးကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ ဤမီးလောင်မှုတွင် ပြည်သူတစ်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်သုံးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် စ(၈၀/၈၁) ဆိုင်ပိုင်ရှင်များဖြစ်သော ဦးတင်အောင်၊ မသီတာရွှေ (ခေါ်) မသီတာနှင့် မခင်မာအေးတို့သုံးဦးအား မင်္ဂလာတောင်ညွန့်ရဲစခန်းမှ မီးပေါ့ဆမှုဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း ဈေးမီးလောင်မှုများအနေဖြင့် မန္တလေးအဆင့်မြင့်ရတာနာပုံဈေး၊ မော်လမြိုင်ဈေး၊ ရန်ကုန်မြို့သင်္ကန်းကျွမ်းဈေး စသည်ဖြင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကြီးမားစွာ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ယခုကဲ့သို့ ပေါ့ဆမှုကြောင့် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့မှုနှင့် ပတ်သက်ပြီး နိုင်ငံအတွက်လည်းကောင်း၊ ပုဂ္ဂလိကဈေးဆိုင်ပိုင်ရှင်များအတွက်လည်းကောင်း ကြီးမားစွာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့မှုကြောင့် မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လျှပ်စစ်မီး သုံးစွဲသူများအနေဖြင့် လျှပ်စစ်မီး အသုံးပြုချိန်များတွင် အထူးသတိထား၍ မီးသုံးစွဲမှုပြုရေး၊ ပေါ့ဆမှုမရှိစေရေး စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်နှင့် နောင်တွင် မီးပေါ့ဆစွာ သုံးစွဲသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သက်ဆိုင်ရာက သတိပေးနှိုးဆောင်ထားကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..