ကျနော် မျက်ရူမှာ အခုတင်တဲ့ ဆောင်းပါလေးကို ဖတ်မိတာနဲ့ ရွာသူားတွကို မျှဝေပေးချင်လို့ တင်လိုက်ပါတယ်နော်၊

ရသနဲ့ သုတ၊ နည်းပညာနဲ့ သဘာဝ၊ အဟောင်းနဲ့ အသစ်၊ ယခင်နဲ့ ယခု

ဖြစ်ချင်တော့.. ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ၊ လူနေမကောင်း.. စိတ်နေမကောင်းတွေဖြစ်ပြီး ၊ စာလေးတပုဒ် ရေးဖို့တောင် အချိန်မရ ၊ ခံစားချက်တွေ ဖမ်းချုပ် ဆုပ်ကိုင်လို့ မရအောင် ဖြစ်ခဲ့ရသည်။ ရတဲ့ အချိန်လေးမှာ စိတ်ကို အတင်းသွင်းပြီး ၊ ကွန်ပြူတာ ရှေ့ထိုင်.. ဇာတ်လမ်းကလေးကို စကြည့်သည်။ တပိုဒ် နှစ် ပိုဒ်တော့ ဟုတ်သေးသည်။ တနာရီ နှစ်နာရီ .. ထိုင်စိတ်ကူး။ မရတော့.. ဘာမှ ထပ်မရတော့..။ တရက် နှစ်ရက် ထပ်ကြိုးစားလည်း ဘာမှ ထူးမလာ ။ ကိုယ်ရေးထားတာကြီးကိုလည်း မကြိုက်တော့။ ကိုယ့်ဇာတ်ကွက်တွေကပဲ မခိုင်မာသလို ။ အဲလိုနဲ့ ၊ မိုက်ကရိုဆော့ဖ်ဝါ့ဒ်ရဲ့ စာမျက်နှာတွေသာ၊ အဟောင်း ပိတ်လိုက် ၊ အသစ်ဖွင့်လိုက်နဲ့ အချိန်တွေ ကုန်သွားသည်။ တမျက်နှာတောင် ဖျစ်ဖျစ် မမြည်ခဲ့။ အဲဒီ အကြောင်းလေးတွေက.. စိတ်ကူးထဲမှာတုန်းကတော့.. သိပ်ကို လှနေခဲ့တာပါ ။ ခုကျတော့မှ.. ဘာဖြစ်လို့.. ကြွမလာသလဲ။

စာတပုဒ် ဟုတ်ဟုတ် ညားညား ချရေးဖို့ တကယ် မလွယ်ဘူးဆိုတာ ခုမှ သိတာတော့လည်း မဟုတ်ပါဘူး။ လျောက်လျောက်လျားလျား ရသဝတ္တုတပုဒ် ဖန်တီး ထုတ်လုပ်ဖို့က ပိုပြီး ခက်ခဲတယ် ဆိုတာကိုတော့.. သိပ်မကြာခင်ကမှ .. လက်တွေ့ကျကျ ဝန်ခံမိတယ် ဆိုပါတော့။

အနည်း နဲ့ အများတော့.. လူတိုင်းလိုလို စာရေးတတ်ပေမယ့် သူတပါး ဖတ်ချင်အောင် ၊ စွဲငြိအောင် ၊ အနုပညာ သက်ဝင်အောင် ရေးနိုင်သူကတော့ လက်ချိုးရေလို့ ရနေသည် မဟုတ်လား။ နုနုရည် (အင်းဝ) ရဲ့ မြစိမ်းပြာ ကမာရွတ်လို ၊ သိန်းဖေမြင့်ရဲ့ သပိတ်မှောက် ကျောင်းသားလို ၊ ကြည်အေးရဲ့.. အပြင်ကလူလို၊ ဂျာနယ်ကျော်မမလေးရဲ့ – သွေးလို၊ ခင်ဆွေဦးရဲ့ တို့တိုင်းဌါနီလို ၊ မြသန်းတင့်ရဲ့ ဓါးတောင်လို.. တကယ့် ဂန္ထဝင်တွေ ၊ အကြိုက်တွေ ၊ ခေါင်းထဲ တန်းစီပေါ်လာတော့ ကြက်သီးများတောင် ထမိသည်။ ပြီးတော့ ဆယ်တန်းမှာ သင်ခဲ့ရတဲ့ ၊ လေထန်ကုန်း ဝတ္တုကြီး။ အဲဒီတုန်းကတော့.. သဒ္ဒါတွေ ဝေါဟာရတွေကိုသာ အာရုံထားခဲ့ရတာမို့.. သူ့စာပေ အနုရသကိုတောင် သေချာ မခံစားမိခဲ့ပါ။ ခု ပြန်ဖတ်ကြည့်တော့မှ စိတ်ရှည် လက်ရှည် ရေးသား ပုံဖော်ခဲ့တဲ့၊ သူ့ဇာတ်ကောင်တွေ ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ။ အဲဒါတွေထက် ပိုစိတ်ဝင်စားစရာ ကောင်းတာက ဒီ ကမ္ဘာကျော် ဝတ္တုကြီးကို သူ့ဘဝ တခုလုံးမှာ အဲဒီတအုပ်ပဲ ရေးခဲ့တာဆိုတဲ့ စာရေးသူ အင်မီလီဘရွန်တီ။ ကိုယ့်အတောင် ကိုယ်ပြန်နှုတ်ပြီး ယက္ကန်းယက်တဲ့ ပုံပြင်ထဲက ဗျိုင်းမလေးလို သူ့ မပျော်ရွှင်မူတွေကို တတိတိနဲ့ ဆွဲထုတ် ဖန်တီးခဲ့တဲ့.. ဝတ္တုတွေရဲ့ အဆုံး ဗာဂျီးနီးယားဝုဖ် ရဲ့… ဘဝ အဆုံးသတ်ကလည်း အသည်းအေးစရာ ကောင်းလွန်းနေသည်။ ၂၁ ရာစု အမေရိကရဲ့ နာမည်ကျော် ဝတ္တုရေး ဆရာ Franzen ဆိုလျှင် သူ့ရဲ့ နာမည်ကျော် နောက်ဆုံး ဝတ္တု Freedom ကို ကိုးနှစ် ကြာအောင် ရေးခဲ့သည်။ စာရေးခြင်းကိုပဲ.. အသက်ရှုသလို ထမင်းစားသလို လုပ်ကိုင်ပြီး သူ စာရေးတဲ့ အချိန်ဆို အင်တာနက်ကို ပလပ်ကနေ ဆွဲ ဖြုတ်ထားသတဲ့။ စာရေးဖို့အတွက် သီးသန့် စီစဉ်ထားတဲ့ အခန်းထဲမှာ စကားပြောခန်းတွေကို အသံထွက်ပြီး ရေးတယ်လို့ အင်တာဗျူးတခုမှာ ဖတ်လိုက်ရသည် ။ အံ့ဘွယ်သရဲ စာရေးနိုင်သူများပါပေ။

အခုခေတ် စာဖတ်သူတွေဟာ ခံစားဖို့ထက် သိဖို့အတွက် စာတွေ ပိုဖတ်လာကြလိမ့်မယ်လို့. …ဆရာ ကျော်ဝင်း ရေးခဲ့တုန်းက သဘောကျ ခေါင်းညိမ့်မိခဲ့ဘူးသည်။ ကိုယ်တိုင်လည်း ရသစာတွေကို မဖတ်ဖြစ်ပဲ အတော်ကြာအောင် နေခဲ့ဘူးသည်။ လူတွေနဲ့ လူ့ပတ်ဝန်းကျင်အကြောင်း သိနားလည်ဖို့တင်မက ခံစားနည်းလည်ဖို့လည်း လိုအပ်လှသည် ဆိုတာကို တကျော့ပြန် လက်ခံခဲ့သည်မှာ သိပ်မကြာလှသေး။ ခံစားနားလည်ရင်း သိ နားလည်သွားမည် ဆိုလျှင်တော့ ၊ အတိုင်းထက် အလွန် .. ရသပေါ် သုတဆင့်ပေါ့ ။ သူတို့ နှစ်ခုဟာ ပေါင်းစပ်နိုင် သည့် မိတ်ဖက်တွေပဲ မဟုတ်လား။ သေချာတာကတော့.. လူသားတွေရဲ့ စိတ်အာဟာရအတွက် ရသ – သုတ အချိုးအစား ကျနဖို့ သိပ်ကို လိုအပ်နေပေပြီ်။

အထူးသဖြင့် နည်းပညာနဲ့ ရုပ်ပိုင်းဆိုင်ရာက ပိုပြီး အလေးသာသလို ဖြစ်လာနေတဲ့ အခုခေတ် အချိန်အခါမှာ ကိုယ်ကျင့်တရား ၊ အတွေးအခေါ်ပိုင်းနဲ့ လူ့သဘာဝတွေကို နှိုက်နှိုက်ချွတ်ချွတ် နက်နက်နဲနဲ လှလှပပ ဖော်ပြပေးနိုင်တဲ့ ရသစာပေကောင်းတွေ ဝတ္တုကောင်းတွေ ပိုလို့တောင် လိုအပ်နေတော့သည်။

ထားတော့.. ရသပဲ ဖြစ်ဖြစ် သုတပဲ ဖြစ်ဖြစ် ခုအချိန်မှာက.. ဆက်သွယ်ရေးနည်းပညာတွေကြောင့် စာရေးချင်သူတိုင်း လွယ်လွယ်ကူကူ ကောင်းကင်ထက်မှာ စာရေးနိုင်နေကြပြီ .. ရေးနေကြပြီ မဟုတ်လား ။ စာဖတ်သူတွေဆီ အလွယ်တကူ ရောက်ရှိနိုင်နေပြီ မဟုတ်လား။

သို့ပေမယ့် စာဖတ်ပရိသတ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်နဲ့ စာရေးဆရာလား… စာရေးသူလားဆိုတဲ့ မေးခွန်းကြီးကတော့.. ရှိနေသည်ပေါ့။ ပုံနှိပ်မှ စာကောင်းလား…ညအယ်ဒီတာ တည်းဖြတ်မှ စာကောင်းတာလား ဆိုတာလည်း ..ညဆန်းစစ်စရာ လိုလာသည်။ အရည်အသွေး ကောင်းလို့ လူတွေ ဖတ်သလား … လူ အဖတ်များလို့ အရည်အသွေး တခု ရှိသွားသလား ဆိုတာလည်း စဉ်းစားစရာ ။ ဘာလို့ဆို ဒီခေတ်မှာ စာတပုဒ်ဟာ လူတွေဆီ ( စာဖတ်သူလို့ မသုံးပါ) ကို များများ မြန်မြန် ရောက်ဖို့ သိပ်ကို လွယ်ကူလွန်းလှသည်။

ဆက်သွယ်ရေး နည်းပညာတွေ အောက်မှာ ကမ္ဘာကြီးက ပြားပြားလာသလောက်. စည်းမျဉ်း ကန့်သတ်ချက်တွေကလည်း ဝါး..ဝါး လာသည်။ ဆရာဝန် ဆေးစာနဲ့ ဝယ်ရမယ့် ဆေးတွေကို.. အင်တာနက်ကတဆင့် လိုသလောက် ဝယ်ယူလို့ ရနေပြီ။ တန်ရာတန်ဖိုး ပေးဝယ်ရမယ့် သားရေဖုံး ကဒ်ထူ စာအုပ် တအုပ်ကို အီးဘွတ်ခ် ဆိုပြီး ကွန်ပြူတာ တက်ဗလက်တွေ ပေါ်မှာ၊ အလကား ဖတ်လို့ ရနိုင်နေပြီ။ မူပိုင် တကြိမ်ပြုထားတဲ့ တေးရေးဆရာ တယောက်ဟာ အင်တာနက် ယူကျုပေါ်က သူ့သီချင်းတွေအတွက် ဘာမှပြောလို့ မရတော့ပြီ။

နည်းပညာလှိုင်းကို လူတွေက စီးနေကြသတဲ့။ ဒါဆိုရင် လှိုင်းလုံးကြီးတွေ ကြီးသထက် ကြီးလာရင် လူတွေနဲ့ လူ့ပစ္စည်း ၊ လူ့ အရည်အသွေးတွေကို ဝါးမြိုနစ်မြုပ်စေမယ့် အဖြစ်မျိုးတွေရော ဖြစ်မလာနိုင်ဘူးလား။

ခက်တာက.. တောင်ပြိုတာကို လက်နဲ့ ကာလို့မရ ။ ခေတ်တခေတ် ပြောင်းလာတာကို ခေတ်အဟောင်းနဲ့ နှိုင်းယှဉ် ဆန့်ကျင်နေလို့လည်း မဖြစ် ။

တချိန်ချိန်မှာ၊ စာအုပ်ဆိုတာတွေ ပျောက်သွားတော့မှာလား …. သတင်းစာတွေ မလိုတော့ဘူးလား…. လူတွေ တကယ့်ဘဝထဲကနေ.. ပုံရိပ်ယောင် ဘဝတွေထဲမှာပဲ ရှင်သန်ကြတော့မှာလား ….. အနတ္တ အမှန်တရားနဲ့ လူ့ကျင့်ဝတ် ဆိုတာတွေက ပျောက်ကွယ် သွားတော့မှာလား …. နောက်ဆုံး မသေနိုင်တော့တဲ့ လူတွေနဲ့ ကမ္ဘာကြီးက လေးလံ ဝန်ပိလာတော့မှာလား ….. ရူပသိပ္ပံ ပညာရှင်ကြီး စတီဖင်ဟောကင်း ပြောသလို အခုကတည်းက တခြား ဂြိုဟ်ကမ္ဘာတခုခု ရှာထားရတော့မလား။

ကျမ ကိုယ်တိုင်ကတော့.. သဘာဝကို ယုံကြည်ချင်သူသာ ဖြစ်ပါသည်။ နည်းပညာကို မကိုးကွယ်လိုပါ။ သဘာဝကြီးက သဘာဝကျကျ သဘာဝအတိုင်း လှပစွာ လုံလောက်စွာ ပေးထားပြီးသား ရှိနေပြီးသားလို့ ထင်သည်။ မလုံလောက် မစေ့ငတော့လို့ အကျည်းတန် အရုပ်ဆိုးလာခဲ့ပြီ….။ ကမ္ဘာကြီးမှာ အန္တရယ်တွေ များလာပြီ ဆိုရင်လည်း ဒါဟာ တရားကိုယ်၊ သဘာဝ တခုသာပင်။ သို့ပေမယ့် အခု ခေတ်လို နည်းပညာရဲ့ လွယ်ကူ ချောမွေ့မူတွေနဲ့ သဘာဝရဲ့ ပင်ကိုယ် အစစ်ဖြစ်မှုတွေ တွန်းထိုး ယှက်နွယ်နေတဲ့ အနေအထားမှာ တယူသန်ချင် နေလို့လည်း မရတော့ပြီ။ မသဲမကွဲ အယူအဆတွေ ခေတ်မီလာသည်။ ဝေဝေဝါးဝါး ကြားထဲက သုံးသပ်ရတာက ပိုအဆင်ပြေ တတ်သည်။ ( ယခု ရေးထားတဲ့ စာလိုမျိုးပေါ့။ )

ဘာပဲဖြစ်ဖြစ်၊ အွန်လိုင်းပေါ်က ဖျတ်ဖျတ်လတ်လတ် သတင်းတိုထွာလေးတွေ ပေါ့ပေါ့ပါးပါး စာကြောင်းလေးတွေ မတိုမရှည် စာမူ ဆာင်းပါးလေးတွေကို ပုံမှန် ဖတ်ဖြစ်နေတဲ့ကြားက လေးလေးလံလံ စာအုပ်ထူထူ တအုပ်ထဲက ခဲရာခဲဆစ် ခဲစာလုံး သေးသေးလေးတွေကို ရှည်ရှည်လျားလျား အချိန်တွေပေးပြီး ဖတ်ချင်နေသေးသည်။ ကွန်ပြူတာ တက်ဗလက်ထဲက အီးဘွတ်ခ်ကလေးကို တရွှပ်ရွှပ် ဟိုလှန် ဒီလှန် လုပ်နေရင်း စာအုပ်စင်ပေါ်က တကယ့် စာအုပ်တွေရဲ့ အနှောင့်လေးတွေကို ခေါင်းလေး စောင်းပြီး ကြည့်ရင်း.. လက်ချောင်းလေးတွေနဲ့ ပွတ်သပ် ရွေးချယ်ရတာကို ပိုကျေနပ်နေမိသည်။ တပြေးတည်းလို ဝေမျှ ဖတ်ရှုရင်း အပြန်အလှန် လေးစား ခင်မင်နေကြတဲ့ စာရေးကောင်းသူတွေ ကြားထဲကနေ စာရေးဆရာဆိုတဲ့ တကယ့် စာရေးသူ တချို့ကို ငေးမော အားကျ တန်ဖိုး ထားနေမြဲဖြစ်သည်။ လူမူကွန်ယက် တခုပေါ်မှာ ခင်မင်ထားတဲ့ သူငယ်ချင်း မိတ်ဆွေတယောက်နဲ့ အယူအဆ မတူလို့ အငြင်းပွားရတာထက် တခါမှ မသိကျွမ်းဖူးတဲ့ လူစိမ်းတယောက်ကို ဈေးမှာ လူချင်း ဝင်တိုက်မိလို့ ဆောရီးပါလို့ တောင်းပန်လိုက်ရတာက ပိုတောင် အဓိပ္ပါယ် ရှိနေသေးသည်ဟု ရွတ်တွတ်တွတ် ထင်မိပြန်သည်။ ကွန်ယက်ပေါ်က သူငယ်ချင်းက သူပြောချင်ရာ ပြောပြီး အစက်ကလေး နှစ်စက်နဲ့ လက်သဲကွင်းလေး တခု ပေါင်းစပ်ထားတဲ့ အပြုံးအတုတခု ပေးလိုက်တာထက် ခုနင်က ဆောရီးလို့ တောင်းပန်လိုက်လို့ ရပါတယ်လို့ ပြန်ပြောတဲ့ ၊ လူစိမ်းတယောက်ရဲ့ ဝတ်ကျေတမ်းကျေ အပြုံးစစ်စစ် တခုက ပိုပြီး ကျေနပ်စရာ ကောင်းသလို ၊ အင်တာနက် ယူကျုမှာ၊ သီချင်းမျိုးစုံကို စိတ်ကြိုက် မွှေနှောက် နားထောင်ရတာထက် ရေဒီယိုမှာ အလှည့်ကျ လွှင့်တဲ့ သီချင်း အဟောင်းလေးတွေကို စောင့်နားထောင်ခဲ့ရတဲ့ အချိန်တွေကို လွမ်းဆွတ်နေရသည်ကလည်း အရသာ။

အဟောင်းတွေကိုပဲ တမ်းတရင်း ရှေးရိုးစွဲ ခေတ်နောက်ပြန်ချင်တာတော့ မဟုတ်ပါဘူး။ ခေတ်ဟောင်းတွေကို တန်ဖိုးထားချင်မိတာပဲ ဖြစ်မှာပါ။ အဟောင်းနဲ့ အသစ်ရဲ့ ကွာခြားချက် ဒါမှမဟုတ် ယှဉ်တွဲနေတဲ့ အလှကိုသာ ဖော်ထုတ်စေလိုတာပါ။

အဟောင်းနဲ့ အသစ်ဆိုတာ တကယ်တော့ လူကြီးနဲ့ လူငယ်ပဲ မဟုတ်လား။ လူငယ်တွေက စွမ်းဆောင်အား ပိုကြီးပေမယ့် အသစ် အသစ်တွေ ပိုဆန်းပြားလာပေမယ့် လူကြီးတွေကို ချောင်ထိုးဖို့ မဖြစ်သင့်သလို အဟောင်းတွေကိုလည်း ပစ်ပယ်လို့ မရနိုင်ပေ။

ကျမကတော့ လူကြီးသူမတွေကို မြင်တိုင်း သူတို့ နေရာကနေ ဝင်စဉ်းစားရင်း ကြိုတင် အို ကြည့်တတ်သည်။ ဘဝ တခုကို သူတို့ ဘယ်လို ဖြတ်သန်းခဲ့သလဲ .. အိုမင်းခြင်းကို သူတို့ ဘယ်လို ရင်ဆိုင်သလဲ … သေဆုံးခြင်းကို သူတို့ ဘယ်လို မျှော်လင့်သလဲ စသဖြင့် ၊ တွေးစရာ မရှိ ရှာကြံပြီး ၊သူများ အတွက်ပါ ဝင်တွေး ၊ ကြိုတွေး နေတတ်သူ ။

တလောက အမျိုးသားဘက်က ဆွေနီးမျိုးစပ်တော်တဲ့ အဘိုးကြီး၊ အဘွားကြီး ဇနီးမောင်နှံမှာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသည်။ တယောက်ထဲ ကျန်ခဲ့တဲ့.. အဘွားကြီးက သတိရစရာတွေကို ရှောင်ရှားချင်လို့လား အိုစာမင်းစာ လိုအပ်လို့လားတော့ မသိ။ သူတို့ အနှစ်လေးဆယ်လောက် အတူတူ နေထိုင် ပိုင်ဆိုင်ခဲ့တဲ့ အိမ်ကျယ်ကျယ်လေးကို ရောင်းပြီး အိမ်သေးသေးလေး တလုံးမှာ ပြောင်းနေသည်။

အိမ်ပြောင်းဖို့ သွားပြီး ကူညီသိမ်းဆည်းရင်း သီချင်းချစ်တဲ့၊ စာအုပ်ချစ် တဲ့ ကျမတို့ ဇနီးမောင်နှံကို၊ ဓါတ်ပြားစက် ကလေးနဲ့အတူ ဓါတ်ပြားဟောင်း တချို့ စာအုပ်အဟောင်းတချို့ ပေးလာသည်။ ဝင်းဦးရဲ့ ဓါတ်ပြားဟောင်းကြီး တွေကို ဝမ်းသာအားရ ကြည့်ရင်း၊ အမွေလား လက်ဆောင်လား မခွဲခြားနိုင်ခင်မှာ အဘွားကြီးရဲ့ မျက်ဝန်းတွေကြောင့် ကျမတို့ မယူရက်နိုင်ပါ။ ဒါပေမဲ့ ဒီ ဓါတ်စက်ကလေးရဲ့သမိုင်းနဲ့အတူ အန်တီ့မှာ တခြားလည်း ဘယ်သူမှ ဒါတွေကို တမြတ်တနိုး လက်ဆင့်ကမ်း သိမ်းဆည်းမယ့်သူ မရှိဘူး၊ ကြုံလည်း ကြုံကြိုက်နေတာမို့ လက်ခံပါ .. လို့ ဆိုတာကြောင့် ဓါတ်စက် အဟောင်းလေးနဲ့ ဓါတ်ပြာဟောင်းလေး တချို့ ကျမတို့ ဧည့်ခန်း ကျဉ်းကျဉ်းလေးထဲကို၊ ရောက်လာခဲ့တော့သည်။

အင်ဂလိုကပြားဖြစ်တဲ့ သူတို့ ဇနီးမောင်နှံ နှစ်ယောက်က ၁၉၆၂ လွန်ကာလက မြန်မာနိုင်ငံမှာ အင်္ဂလိပ်နာမည်နဲ့ ကပြားတွေကို အစီအစဉ် ရှိရှိ၊ မောင်းထုတ်နေတဲ့ အချိန်၊ တဖက်မှာလည်း လူဦးရေ နည်းပါးသေးတဲ့ ဩစတြေလျ နိုင်ငံက လေယဉ် လက်မှတ်ဖိုးပါ ပေးပြီး ခေါ်ယူနေတဲ့ အချိန်မှာ ရောက်လာကြတာပါ။ ရောက်ကာစ နှစ်တွေမှာ မြန်မာပြည်ကို လွမ်းလွန်းလို့ စိတ်ပြေလက်ပျောက် ဖြစ်အောင် သူ့အမျိုးသား ဝယ်ပေးထားတဲ့ ဓါတ်စက်ကလေးနဲ့ ဝင်းဦးရဲ့ မြန်မာသီချင်း ဓါတ်ပြားတွေပါ။

အခုတော့ ကျမ ကိုယ်တိုင် အလွမ်းပြေ နားထောင်နေရပြီပေါ့။

ဒီစာလေးကို ရေးနေရင်း အဟောင်းနဲ့ အသစ်အကြောင်း ပိုပြီး ကွဲပြား ခံစားနိုင်အောင် ဓါတ်စက်ကလေးကို ဖွင့်နားထောင်မိသည်။ ဒီ ဓါတ်ပြားစက်ကလေးကလည်း ရကတည်းက ဝင်းဦး သီချင်းလေးတွေပဲ အပြန်ပြန် အလှန်လှန် နားထောင်နေခဲ့ရတာ။ ရန်ကုန် ပြန်တုန်းက လက်လှမ်းမီသလောက် မြို့ထဲက ဆိုင်တွေမှာ လိုက်ရှာဝယ်ပေမဲ့ တခြား မြန်မာဓါတ်ပြားသီချင်း အဟောင်းတွေ ထပ်မတွေ့တော့။

ဆွေးမြေ့နေတဲ့ စက္ကူပတ်ကလေးထဲက ဓါတ်ပြားလေးကို ရွရွလေးထုတ်၊ ဓါတ်စက်ရဲ့ အခံပြားလေးပေါ် သာသာလေးချ။ အပ်ခြစ်တဲ့ မောင်းတံလေးကို ဖွဖွလေး ဓါတ်ပြားစွန်းပေါ် တင်လိုက်လို့ … ရှဲ…. ရှဲ….. ဆိုတဲ့ အသံလေးကို စ ကြားကတည်းကကို ရင်ခုန်စရာ ကောင်းနေပြီ။ ဟိုတုန်းက ရုပ်ရှင် မပြခင် အလံတော်ကို အရင် အလေးပြုတဲ့အခါ မှုန်မှုန်ဝါးဝါး ဖြစ်နေတဲ့ ပိတ်ကားပေါ်မှာ … ဖျစ်ဖျစ်.. ဖျစ်ဖျစ် နဲ့ မြည်နေသလိုမျိုးလည်း ဖွင့်ကာစမှာ ခဏ ကြားရမည်။ ပြီးရင် အပ်ကလေး ငြိမ်သွားပြီ ဆိုတာနဲ့ ပီသကြည်မြတဲ့ ဝင်းဦးရဲ့ တေးသံသာသာက မြို့မ တီးဝိုင်းကြီးထဲကိုပဲ ချက်ချင်း ရောက်သွားသလို ။

တကယ်တော့ ပီသတယ်လို့ပဲ သုံးရင် ပိုမှန်ပေလိမ့်မည်။ analog နည်းက မူရင်း သီဆိုတီးခတ်မှုကို နားထောင်သူဆီ တိုက်ရိုက် ပို့ပေးလိုက်တာမို့ digital နည်းလို 1 တွေ 0 တွေ ခွဲလိုက် ပြန်စုဖမ်းလိုက် လုပ်စရာမလို ကြည်မြနေဖို့ မလိုပဲနဲ့ကို သဘာဝ အတိုင်း ပီသနေတော့သည်။

ဒါဆိုရင် ကျမတို့တွေ သဘာဝ အတိုင်း ပီသချင်သလား သဘာဝကို ခြယ်လှယ်ပြီးမှ ကြည်မြချင်သလား တွေးစရာပင်။ အဟောင်းတွေကို ပြစ်ပယ်ပြီး အသစ်တွေ နောက်ချည်းလိုက်ကြမလား။ အဟောင်းနဲ့ အသစ်ကို ပေါင်းကူးဆက်နွှယ်မလား ဆိုတာကတော့ တွေးစရာ မလိုပါ။ မေးစရာလည်း မလိုပါ။

ကျမတို့တွေ အားလုံး နေ့စဉ် လူနေမူ ဘဝတွေထဲမှာ အသစ်အသစ်သော နည်းပညာတွေနဲ့ ရှင်သန်နေထိုင်ရင်း အသစ်အသစ်သော ကမ္ဘာ့အခင်းအကျင်းတွေထဲ စီးမျော တိုးဝင်ရင်း သမိုင်းတွေကို ပို… ပို စိတ်ဝင်စားလာကြ အဟောင်းတွေကို မြတ်မြတ်နိုးနိုး သိမ်းဆည်း စုဆောင်းနေကြသည်ပဲ။

အဟောင်းထဲက အကောင်းတွေကို ဂန္ထဝင်လို့ ဆိုကြသည်။ လူသိများကြသည်။ ထပ်ကာ ထပ်ကာ ခံစားကြသည်။ ကိုးကားကြသည်။ ဂန္ထဝင် မဟုတ်ရင်တောင် သမိုင်းဝင်လိမ့်မည်။ သမိုင်းဝင် မဟုတ်ရင်တောင် သမိုင်း မတင်နိုင်တာပဲ ဖြစ်လိမ့်မည်။ တကယ်တော့ အားလုံးသော အဟောင်းတွေဟာ သမိုင်းတွေပဲ မဟုတ်လား။

ယခုပင် ဓါတ်ပြားစက်က လွင့်ကျလာတဲ့ ဝင်းဦးရဲ့ သီချင်းဟောင်းလေးတွေထဲမှာ မြို့မတီးဝိုင်းကြီးကို မြင်နေရသည်။ မြိုမငြိမ်းနဲ့ သူ့ရဲ့ နောက်ဆုံးနေ့အကြောင်း တွေးနေမိသည်။ မျက်စိမမြင်ပဲ ဒီလို သီချင်းတွေစပ်နိုင်ခဲ့တဲ့ အေဝမ်းဆရာညှာကို အံ့ဩနေမိသည်။ သူ့သီချင်းတွေကို ယူဆိုချင်သလို ဆို ဘာမှတော့ မပြောင်းနဲ့ ဆိုတဲ့ ဦးဘသိန်းရဲ့ မာနကို ချီးမွမ်းနေမိသည်။ စစ်ပြီးခေတ် မန္တလေးမြို့ကြီးမှာ အနုပညာ လူမူစီးပွားတွေ၊ ကြွယ်ဝစည်ကားနေပုံကို မြင်ယောင် ကြည့်နေမိသည်။ မန္တလေး သင်္ကြန်ကြီးနဲ့အတူ ဗျာပါဆံ ဆံထုံးလေး တဖက်တချက်မှာ စပယ်ပန်းကုံးလေးတွေ ပတ်ခွေထားတဲ့ … နိုင်လွန်အကျႌ လက်ရှည်လေးမှာ ရေတွေစိုကပ်နေပေမယ့် ဘယ်ကမှန်း မသိတဲ့ အညတရ ယိမ်းသမလေး တယောက်ကိုလည်း အဖြူအမဲ ပုံရိပ်တွေထဲမှာ ဝဲလည်လည် ရှာဖွေနေမိတော့သည်။

ကေ

(၂၉ နိုဝင်ဘာ ၂၀၁၁)

မူရင်းလင့်လေးကတော့ http://www.myatshu.com/?p=2763

About super

has written 6 post in this Website..