ဒုတိယနေ့
မနေ့က ဗုဒ္ဓေါဂုဏ်တော်အရ ဒို့ ဘုရားအလောင်းတော်ဟာ ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်းမှာ ၀ပ်ဆင်းလို့ ခန္ဓာကို လမ်းခင်းလျှက် သမ္မာ သမ္ဗောဓိ ဘုရားဆုကို ပန်ဆင်ခဲ့တယ်နော်။ ဒီနေ့ ဆက်သွားကြစို့ဆိုတော့ သုဂတောဂုဏ်တော်ကို သွားကြရမှာနော်။
သုဂတောဂုဏ်တော်
သုက ကောင်းမွန်မြင့်မြတ်ခြင်းလို့ အဓိပ္ပါယ်ရပြီး ဂတ ကတော့ ကြွတော်မူခြင်းကို ဆိုလိုတယ်နော်။ ဒီတော့ အနက်က ဘယ်လိုဖြစ်သွားလဲဆို တော့ ကောင်းစွာ ကြွတော်မူခြင်းဆိုတဲ့ သဘောရောက်တယ်နော်။
အင်း…မနေ့ကပြောခဲ့သလို ဆုတောင်းခဲ့တဲ့ သုမေဓာရှင်ရသေ့ ဘ၀မှ စလို့ နောက်ထပ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီ (၁၀)ပါး ဖြည့်ကျင့်လာခဲ့တယ်လေ။ အဲလို ဖြည့်နေစဉ် တလျှောက်လုံးမှာလည်း မိမိရဲ့ ကိုယ်၊ နုတ်၊ စိတ် သုံးပါးလုံးကို မှားယွင်းတဲ့ အယူတွေ မကပ်ငြိအောင် သတိနဲ့ စောင့်ရှောက်ထိန်းသိမ်းလာခဲ့တယ်တဲ့နော်။ ဆိုလိုတာကတော့ ဘုရားဆု ပန်ခဲ့ သည်မှ စ၍ ဘုရားဖြစ်သည့်တိုင်အောင် အမှားအယွင်း အတိမ်းအစောင်း မခံဘဲ သတ္တ၀ါတို့ ချမ်းသာရရေး အကျိုးအတွက် ပါရမီတော်တွေကို ကိုယ်ကျိုး စွန့် အနစ်နာခံကာ ဖြည့်ကျင့်ခဲ့တယ်လို့ ပြောချင်တာပဲ။ အဲလို အဖက်ဖက်က အမှားကင်းအောင် စောင့်ထိန်းပြီး လာခဲ့လို့ပဲ ကောင်းသော ကြွတော်မူခြင်းဆို တဲ့ သုဂတော ဂုဏ်နဲ့ ပြည့်စုံတော်မူတယ်လို့ နားလည်ထားရပါမယ်။
အင်း ဒီနေရာမှာ ကိုယ်နားလည်ထားတာလေးပါ ထည့်ပြောလိုက် ချင်သေးတယ်။ အဲလို ဘုရားရဲ့ သုဂတော ဂုဏ်ကို ပွားများရင်းကနေမှ အော် ဒို့ဘုရားတောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင် မမှားမယွင်းအောင် စောင့်ထိန်းလာခဲ့တာပါလား။ ငါတို့တော့ဖြင့် ဒီဂုဏ်တော်ကို ပွားရင်းနဲ့ အတတ် နိုင်ဆုံး အကုသိုလ်ကံတွေ မထိုက်အောင် ထိန်းသွားရမယ်လို့ နှလုံးသွင်းထား မယ်ဆိုရင်တော့ ဂုဏ်တော်ပွားရကျိုးနပ်တာပေါ့နော်။ ကံ၊ကံရဲ့ အကျိုးကို ယုံကြည်တာသည် ဗုဒ္ဓဘာသာဝင်တိုင်းမှာရှိရမယ့် အခြေခံ ယုံကြည်မှုပဲလေ။ ဒီတော့ မကောင်းတာမလုပ်ရင် မကောင်းကျိုး မခံရတာပေါ့။ အဲဒီကမှ တဆင့် ၀ိပဿနာ ဥာဏ်ထိတိုင် ကူးလို့ ကိုယ့်စိတ်ကလေးကို ၀ိပဿနာမဂ္ဂင်ငါးပါးနဲ့ ထပ်ဆောင်းနိုင်လို့ စုစုပေါင်း မဂ္ဂင်ရှစ်ပါးပြည့်အောင်ထိ မမှားမယွင်း အောင် စောင့်ထိန်းသွားမယ်ဆိုရင် ပိုတောင် အကျိုးရှိပါသေး တယ်နော်။ ဘုရား ဂုဏ်တော်ပွားရင်း ဘုရားကိုလည်း ကျေးဇူးဆပ်ရာ ရောက် သွားမှာမို့ အားလုံး ပွားရင်း ကျင့်သွားကြပါစို့လား။

သုဂတော – ကောင်းသော စကားကို ဆိုတော်မူသော မြတ်စွာဘုရား။ မှန်ကန်၍ အကျိုးရှိသော စကားကို ဆိုတော်မူသော မြတ်စွာဘုရား။
*သဗ္ဗညုတ ဥာဏ်တော်ရရန် ကောင်းစွာ ကြွတော်မူခဲ့သော မြတ်စွာ ဘုရား။

ကဲ ဒီနေ့တော့ သုဂတော ဂုဏ်တော်ပွားရင်း မိမိကိုယ်ကိုယ် ကောင်းအောင် စောင့်ရှောက်နိုင်ကြပါစေ။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”