လွမ်းရမယ်မှန်းသိရက်
မြတ်မြတ်နိုးနိုး တွယ်ငင်တဲ့ကြိုး
နှလုံးသားထဲ သော့ခတ်လိုက်တယ်….
ကိုယ်ရင်ထဲမှာထာဝရမသာနိုင်တဲ့လရောင်
အလွမ်းနဲ့သိမ်းထုပ်
နှုတ်ဆက်တဲ့ခြေသံများ
သမုဒယအပူကို နမ်းရှိုက်မယ်….
ဖယောင်းတိုင်တိုလေးထွန်းညှိ
အသက်ရှုကြပ်တတ်တဲ့ည….ညတွေ
မင်းစွန့်သွားလို့
အထီးကျန်ခြင်းတွေက နှိပ်စက်တယ်…
အိပ်မက်ထဲမှာ
ရက်စက်သော စကားသံများရဲ့ သင်္ကေတ
ဂီတသံလို နားဆင်ရင်း
လွမ်းလို့ရှိုက်တဲ့သက်ပြင်း
ငွေ့ရည်ဖွဲ့မိုးရွာသွန်းစေသတည်း…
ကဗျာဆရာဆိုတာ
အများနဲ့ပိုပြီးလွမ်းတတ်တယ်
ပြီးတော့…..အချစ်ကြီးချစ်တတ်တယ်လေ…
ဘ၀မှာ
ရှိုက်သံစွက်တဲ့ အလွမ်းတွေနဲ့ပဲ ရင်းနှီးခဲ့ရ
ကျင့်သားရဖို့လိုသေးလား….။
အချစ်ဆိုတာ
နားလည်မှုနဲ့ ထုဆစ်ထားတဲ့ ကျောက်ဆစ်ရုပ်
သူ စိတ်ညစ်မှာစိုးတဲ့ ငဲ့ညှာစိတ်လေး
ရင်ထဲမှာ တိတ်တဆိတ် မြတ်နိုးမယ်….
ကိုယ့်နှလုံးသွေးက ကျတဲ့
အလွမ်းသွေးစက်တွေ
ဆေးသားအဖြစ် ပြောင်းလဲ
မင်းပုံတူပန်းချီကားလေးသိပ်လှတယ်…
ငါ့ ညတွေမှာ
ရင်ထဲကမီးတောက်လေးငြိမ်းဖို့
မင်းအပြုံးတွေနဲ့ဖျန်းလိုက်ပါ
လရောင်မဲ့
ကြယ်ရောင်မှိန်ပျပျညရိုင်းတွေ
အောက်ဆီဂျင်တွေရှားလွန်းသလား
“ကျန်းမာပါစေဆိုတဲ့”မေတ္တာပို့သံလေး
လေညှင်းရေ
ငါ့ဆီဆောင်ကျဉ်းပေးပါနော်
ဆည်းလည်းခတ်သော
မင်းသံစဉ်ကိုနာခံစိတ်ကူးရင်း
ငါနှစ်ခြိုက်စွာအိပ်စက်ပါရစေကွယ်……….။ ။

About htet way

has written 133 post in this Website..