ဒုတိယမြောက်ကျူးရှုးကျောင်းထိုင်ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူ၊

ကျောင်းကို ပြင်လည်ပြုပြင်မည်ဟုသိရှိရပြီး၊ ပြီးစီးပါက ပြည်တွင်းမှ သံဃာများ လာရောက်သီတင်းသုံးမည်ဟုသိရှိရ

ဂျပန်နိုင်ငံမြောက်ပိုင်း ကျူးရှုးကျွန်း မိုးဂျိအရပ်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေး စေတီ(ကမ္ဘာအေးစေတီ)နှင့် ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဖြစ်သော ဘဒ္ဒန္တခေမိန္ဒသည် သာသနာနှစ် ၂၅၅၅၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ခရစ်သက္ကရာဇ် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်(ဗုဒ္ဓဟူး)နေ့ နေ့ လယ် ၃းဝဝ နာရီတွင် ဘဝနတ် ထံ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်းသိရှိရသည်။

 

ဘဒ္ဒန္တခေမိန္ဒသည် အဆိုပါကျောင်းတွင် ၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာ ပြည်မှကြွရောက်ခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူခဲ့သည့်အချိန်အထိ ကျူးရှုးကျောင်းတွင် ထေရဝါဒသာသနာတည်တံ့ပျံပွားအောင် ဆောင်ရွက်ခဲ့ သည့် ဒုတိယမြောက်ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်သည်။

 

ပျံလွန်တော်မူသည့်အချိန်တွင် ဆရာတော်သည် သက်တော် ၈၉ နှစ်၊ သိက္ခာတော် ၆၉ ဝါ ရှိပြီဖြစ်သည်။ ကြွင်းကျန်ရစ်သော  ဥတုဇရုပ်ကလာပ်တော်အား ဆရာတော်၏ဆန္ဒအရ ကျူးရှုးရှိ University of Occupational and Environmal Health, Japan  သို့ ပေးပို့လှူဒါန်း လိုက်ကြောင်း တိုကျိုရှိ မြန်မာသံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြ ထားသည်။

 

 

ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် ကျူးရှုးကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမိန္ဒ

ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် ကျူးရှုးကျောင်းထိုင်ဆရာတော်  ဘဒ္ဒန္တခေမိန္ဒ

(ဓါတ်ပုံ-http://blog.goo.ne.jp/dream-speaker/e/d3fb9947f5e8570e687399d002a537b6မှ)

 

ပထမကျောင်းထိုင်ဆရာတော်၏ဘွဲ့အမည်မှာ ဦးဝေပုလ္လဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးစေတီနှင့် ဘုန်းတော်ကြီးကျောင်းပေါ်ပေါက်လာခဲ့သည့် အချိန်မှစတင်၍ သီတင်းသုံးကျောင်းထိုင်ခဲ့သော ဆရာတော်ဖြစ်သည်။  ဆရာတော်အရှင်ဝေပုလ္လ အဆိုပါဒေသတွင် ကျောင်းထိုင်သီတင်းသုံးရင်း သာသနာပြန့်ပွားအောင်နှင့် ကျုးရှုး အရပ်ရှိ ဒေသခံပြည်သူများကိုလည်း ထေရဝါဒဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်လာအောင် တရားဒေသနာတော်များဟောပြောပို့ချခြင်း၊ စာအုပ်စာတမ်းများရေးသားခြင်းတို့ကို ဆောင်ရွက်သည့် ဆရာတော် တစ်ပါးဖြစ်သည်။ ထို့သို့ဆောင်ရွက်နေရင်း နာမကျန်းဖြစ်မှုကြောင့် သက်တော် ၇၈ နှစ် ၁၉၉၃ ခုနှစ်တွင် မြန်မာပြည်သို့ ပြကြွသွားခဲ့သည်။

 

ကမ္ဘာ့ငြိမ်းချမ်းရေးစေတီနှင့် ဘုန်းတော်ကြီးကျောင်းသည်  ဝန်ကြီးချုပ် ဦးနုလက်ထက် ၁၉၅၇ ခုနှစ်တွင်  မြန်မာဗုဒ္ဓဘာသာအသင်း နှင့် ဂျပန်နိုင်ငံ ဘက်မှ စစ်ပြန်စစ်မှုထမ်းဟောင်းများ၊ ဒေသခံပြည်သူများနှင့် ဂျပန်အလှူ ရှင်တို့၏ကောင်းမှုဖြင့်၊ မိုးဂျိဆိပ်ကမ်းကို မျက်နှာမူ နေသည့် TAKADAI တွင်ရှိ WAMEKARIပန်းခြံအတွင်း တည်ထားခြင်းဖြစ်သည်။

 

 

ထို့နောက် ဒုတိယကမ္ဘာစစ်ပြန် စစ်မှုထမ်းဟောင်းများမှ စေတီတည် တံ့ဖို့နှင့် ကျောင်းကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဂေါပကအဖွဲ့အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ဆုတောင်းမေတ္တာပို့သရာ နေရာတစ်ခု အနေဖြင့်လည်းကောင်း၊ ဂျပန်-မြန်မာချစ်ကြည်ရေးအဖြစ်လည်းကောင်း၊ ဂျပန်နိုင်ငံ၌ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာပြန့်ပွားရေး ခြေကုပ်ဌာနအ ဖြစ်လည်းကောင်း၊ သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဒေသဆိုင်ရာ ပုဂ္ဂိုလ်များ၏ ထောက်ပံ့ကူညီမှုတို့ကိုရယူကာ နှစ်ပေါင်း ၅ဝ ကျော်ကို ဖြတ်သန်း လာ လျှက် ယနေ့ထက်တိုင် ရပ်တည်လျှက် ရှိနေသည်။

 

ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတည်ဆောက်ဖို့အတွက် ဂျပန်ဘုန်းတော်ကြီးများနှင့် မြန်မာဘုန်းတော်ကြီးများ သဘောတူလက်မှတ်ထိုးကြစဉ်

(ဓါတ်ပုံ-http://www.buposo.jp/aba/abamourning.htmlမှ)

 

ယခုအခါ ကျောင်းကိုပြန်လည်ပြုပြင်မည်ဟုသိရှိရပြီး၊ ပြီးစီးပါက ပြည်တွင်းမှ သံဃာတော်များကိုပင့်ဆောင်၍ လာရောက်သီတင်းသုံးခိုင်း မည်ဟု လက်ရှိဂေါပကအဖွဲ့သစ်မှ ပြောဆိုထားကြောင်း အဆိုပါကျောင်း တွင် နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာအောင် သာသနာပြု သီတင်းသုံးခဲ့သည့် ကျုးရှုးဆရာတော် ဦးသုစိဏ္ဏ၏ မိန့်ကြားချက်အရ သိရှိရသည်။

 

”ဘုန်းကြီးတို့ကို ကျောင်းပြုပြင်တော့မယ်။ ဒီကျောင်းဆောက်ထား တာ နှစ်ပေါင်း ၅ဝ ကျော်ပြီ။ အတော့်ကိုဟောင်းနွမ်းဆွေးမြေ့နေပြီ။ ရာသီဥတုဒဏ်၊ သဘာဝဘေး ဒဏ်ခံနိုင်အောင် အသစ်ပြန်ဆောက်မယ်။ ဒါကြောင့်ဒီကျောင်းကနေ စွန့်ခွာပေးပါဆိုပြီးပြောတယ်။ နောက် ဒီဇင်ဘာ ၃ ရက်နေ့မှာ ဘုန်းကြီး(ဦးသုစိဏ္ဏ)နဲ့ နောက်တစ်ပါးဖြစ်တဲ့ ဦးဝိဇ္ဇာနန္ဒကို ဒီကျောင်းကနေ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားပါမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ဒီကျောင်းပြင်ပြီးသွားရင်လည်း မြန်မာပြည်တွင်းက သံဃာတော်ကိုပင့်ဖိတ်ပြီး ထားမယ်လို့ ပြောတယ်။ ဒီလိုပြောလာကတည်းက ဘုန်းကြီးတို့ကို လက်ရှိဂေါပက အသစ်က ဆက်လက်လက်ခံလိုစိတ်မရှိတော့ဘူးဆိုတာ သိသာထင်ရှားနေ တော့ ဘုန်းကြီးလည်းနေချင်စိတ်မရှိတော့တာနဲ့ ကျူးရှုးကျောင်းကနေ စွန့်ခွာလာခဲ့တာ”ဟု မိုးသောက်ကြယ်သို့ ယခုလိုမိန့်ကြားခဲ့သည်။

 

၂၅ နှစ်ကျော်ကြာ သာသနာပြု သီတင်းသုံးခဲ့သည့် ကျုးရှုးဆရာတော် ဦးသုစိဏ္ဏ

 

 

 

ကျူးရှုးဂေါပကအဖွဲ့ကို ၂ဝ၁၁ ခုနှစ် ဧပြီလတွင် အသစ်ပြန်လည်ဖွဲ့ စည်းခဲ့ပြီး ယခင်ဆောင်ရွက်ခဲ့သော စစ်ပြန်စစ်မှုထမ်းများ မပါဝင်တော့ ကြောင်းနှင့်၊ လက်ရှိဂေါပကအဖွဲ့သစ်ထဲတွင် သဘောထားတင်းမာ သူ ၂ ဦးက ချယ်လှယ်လွှမ်းမိုးနေကြောင်း ဦးသုစိဏ္ဏ၏ ဆက်လက်မိန့် ကြားချက်အရ သိရသည်။

 

”ဂေါပကအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်တယ်။ စုစုပေါင်း ၁ဝ ယောက်လောက်ရှိမယ်ထင်တယ်။ လူဟောင်းတွေမရှိကြတော့ဘူး။ ဘုန်းကြီးတို့လည်း မပါဘူးလေ။ အရင်တုန်းကတော့ ဒီမိုးဂျိစေတီနဲ့ ကျောင်းစတင်တည်ထောင်တဲ့ ဂေါပကအဖွဲ့ထဲမှာ ပမထဦးကျောင်းထိုင်ခဲ့တဲ့ ဆရာတော် ဦးဝေပုလ္လ ပါတယ်။  နောက် ဆရာတော်ဖြစ်တဲ့ ဦးခေမိန္ဒ လက်ထက်ကျတော့ ဝင်မပါတော့ဘူး။ ဒါလည်း ဘုန်းကြီးတို့ဖက်က အားနည်းချက်တစ်ခုဖြစ်သွားတယ်။ အခု အသစ်ဖွဲ့တဲ့ ဂေါပကထဲမှာ ကျူးရှုးမြို့တော်ဝန်ဟောင်းရဲ့သမီးနဲ့ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းထူထောင်ထားတဲ့ ယချိယ ဆိုတဲ့သူက တော်တော့်ကို ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”ဟု သိရှိသည်။

 

 

လက်ရှိမြင်တွေ့နေရသော ကမ္ဘာ့ငြိမ်းချမ်းရေးကျောင်းအခြေအနေ

 

ဆက်လက်၍ ”ဘုန်းကြီးတို့ကို ဒီကျောင်းမှာ ဆက်မထားချင်ဘူး။ ဒီဂေါပကအသစ်စတက်လာတဲ့ ဧပြီလကတည်း ဘုန်းကြီးတို့ကို ခေါ်ပြောတယ်။ စေတီကိုပိတ်မယ်။ ဘုရားဖူးလာတဲ့လူသိပ်မရှိဘူး။ ဘုန်းကြီးတို့ကတော့ မပိတ်ဖို့ပြောတယ်။ နောက် ၁ဝ လပိုင်းကျတော့ ဘုန်းကြီးတို့ကို ဆွမ်းကိစ္စစီစဉ်နေတဲ့ ဂျပန်ဒါယာကာမကို သူတို့က(ဂေါပကအသစ်)ကျောင်းကနေထုတ်လိုက်တယ်။ နောက် ၁၁ လပိုင်းကျတော့ ဘုန်းကြီးတို့ကို ရေ၊ မီး ဖြတ်မယ်ဆိုပြီး ဖြတ်ပစ်လိုက်တယ်။ ကျောင်းထိုင်ဆရာတော်(ဘဒ္ဒန္တခေမိန္ဒ)ကလည်း တောတော့ကို မကျန်းမမာဖြစ်နေတယ်။ ဘုန်းကြီးတို့ ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုစာရေးပြီး မြန်မာသံရုံးကိုအကူအညီတောင်းတယ်။ သံရုံးက သံမှူး(ဦး)ကောင်းစံလွင်ကိုယ်တိုင် ကျောင်းကိုလာတယ်။ ဒီဇင်ဘာ(၁)ရက်နေ့မှာ သူကိုယ်တိုင်ကျောင်းအခြေအနေနဲ့ ဂေါပကအဖွဲ့သစ်ကလူတွေနဲ့ရော၊ မိုးဂျိမြို့တော်ဝန်နဲ့ရော ဒီကရပ်မိရပ်ဖတွေနဲ့ပါတွေ့ဆုံပြီး စေတီနဲ့ကျောင်းရေရှည်တည်တံ့ဖို့ ဆွေးနွေးညှိနှိုင်းကြတယ်။ နောက်ဆုံးကျောင်းပြင်မယ်ဆိုရင်လည်း ကုန်ကျစားရိတ်ကိုပေးပါမယ်။ လက်ရှိသီတင်းသုံးနေတဲ့ ဆရာတော်တွေကိုလည်း ကျောင်းမှာပဲဆက်ထားပါ။ သံရုံးအနေနဲ့ တစ်လကို ယန်း ၉ သောင်း လစဉ်ထောက်ပံ့ပါမယ်။ အဲဒီလောက်အထိ ပြောတာတောင် သူတို့(ဂေါပကအသစ်)က လက်မခံဘူးဖြစ်နေတာ။ နောက်ဆုံးတော့ သံမှူးဦးကောင်းစံလွင်လည်း ပြန်သွားရော နောက်ရက်(ဒီဇင်ဘာ ၃)မှာ ဘုန်းကြီးတို့နှစ်ပါးကို ဒီကျောင်းကနေ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားပါမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာ”

 

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာသံရုံးမှ သံမှူးဦးကောင်းစံလွင်ကတော့ ”ကျနော်တို့ကတော့ ကျူးရှုးမှာရှိတဲ့ မိုးဂျိကျောင်းကြီး ဆက်လက်တည်တံဖို့နဲ့ သာသနာပြန့်ပွားဖို့အတွက် လက်ရှိဂေါပကအဖွဲ့ကိုမေတ္တာရပ်ခံထားကတော့ ကျောင်းကိုမဖျက်ပါနဲ့ဦး၊ အခု သီတင်းသုံးနေတဲ့ဆရာတော်တွေကိုလည်း ဒီကျောင်းမှာပဲ ဆက်လက်သီတင်းသုံးခွင့်ပေးဖို့ပြောဆိုပေမယ့် ကျောင်းက အတော့်ကိုဟောင်းနေပြီဖြစ်တဲ့အတွက် အသစ်ပြန်ဆောက်မှရမယ်လို့ဆိုပါတယ်။ ကျောင်းသစ်ဆောက်ပြီးရင်တော့ မြန်မာပြည်က သင့်တော်တဲ့ ဘုန်းတော်ကြီးတွေပင့်ပြီး သီတင်းသုံးခိုင်းမယ်လို့ပြန်ပြောပါတယ်” ဟု  မိုးသောက်ကြယ်သို့ ယခုလိုရှင်းပြသည်။

 

ဦးကောင်းစံလွင်၏ဆက်လက်ရှင်းပြချက်အရ ဂျပန်နိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းလင်းတည်တံ့ပြန့်ပွားရေးနှင့် မိုးဂျိမြို့ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော်နှင့် ဘုန်းတော်ကြီးကျောင်း ဆက်လက်ရေရှည်တည့်တံ့စေရေးအတွက် မြန်မာပြည်တွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းမှ ဂျပန်လွှတ်တော်အမတ်များ၊ ကျူးရှုးမြို့ တော်ဝန်နှင့် မိုးဂျိမြို့တော်ဝန်တို့ထံ အကူအညီတောင်းထားကြောင်းသိရှိရသည်။

 

 

သံမှူး ဦးကောင်းစံလွင်(၀ဲဖက်မှဒုတိယမြောက်)၊ မိုးဂျိမြို့တော်ဝန်(၀ဲဖက်မှတတိယမြောက်)နှင့် ကျူးရှုးရှိ မြန်မာဘုန်းတော်ကြီးကျောင်း၏ ဂျပန်ဂေါပကအဖွဲ့ဝင်တချို့

(ဓါတ်ပုံ-တိုကျို မြန်မာသံရုံးအင်တာနက်စာမျက်နှာမှ)

 

ယခုလို နှစ်ပေါင်း ၅ဝ ကျော်ကြာအောင် ရပ်တည်ပြီးမှ အခက်အခဲများနှင့်ကြုံကြိုက်နေမှုအပေါ် တိုကျိုရှိ ထေရဝါဒဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတစ်ဦးက”သူများဘာသာတွေက မရှိတာကနေရှိအောင်၊ ပြန့်ပွားလာအောင် များပြားလာအောင်လုပ်ဆောင်နေကြတယ်။ ကျနော်တို့က ပြန့်ပွားအောင် တိုးတက်အောင်မပြုလုပ်နိုင်တဲ့အပြင် အခုလိုမျိုးဖြစ်ပျက်နေတဲ့ကိစ္စက ရှက်စရာကြီးဗျာ”ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ ကို သွားရောက်ဖူးမျှော်လိုပါက

Fukuoka Prefecture, Kitakyushu, Moji Ward, Moji, 3251-4

တယ်လီဖုန်းနံပါတ် ၉၃-၃၂၁-၁ဝ၂၄ ဖြစ်သည်။

 

ရေးသားသူ-

မောင်ရှင်(ဘားမားမီဒီယာ)

 

အီးမေးလ်သတင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

kai

About kai

Kai has written 914 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.