ဘုန်းကြီးကျောင်းသားဘဝ…
ကျုပ်တတိယတန်းနှစ်ကပေါဗျာ.. အသက်အနေနဲ့တော့ ရှစ်နှစ်သားပေါ့..
ဘာလို့မှန်းမသိကျောင်းတွေပိတ်တယ်လို့ ဆရာမကပြောတော့ ပျော်လိုက်
တာ.. ကျောင်းကတနှစ်ကြီးတောင်ပိတ်တာဆိုတော့ ကလေးပဲ..ဘာသိမှာလဲ..
ကျောင်းကနေအိမ်ကို ခုန်ပေါက်ပြီးပြေးလိုက်ရတာ..လမ်းမှာလဲ.ကျောင်းတွေပိတ်
တယ်..ကျောင်းတွေပိတ်တယ်လို့ အော်ရင်းနဲ့ပေါ့ … အိမ်ရောက်တော့လည်း
မိဘတွေ မျက်နှာမကောင်းကြတာလည်းမသိဘူး… သူငယ်ချင်းတွေနဲ့
ပျော်ပျော်ပါးပါး ဆော့ကစားနေတော့တာပါဘဲ… ကျွန်တော်ဆော့ပုံက
ဘယ်လောက်ကဲတယ်တော့မသိဘူး .. ကျောင်းပိတ်ပြီးနှစ်ရက်အကြာမှာ
ရွာထဲက ရွယ်တူကလေးတစ်ယောက်နဲ့ လူပျိုပေါက်တစ်ယောက် ထိပ်ပေါက်
ခေါင်းပြဲ ပထမတစ်ယောက်က ကစားရင်း ပလပ်စတစ်ကားလေးကို ပြန်မပေးလို့
ဆိုပြီး.. တွေ့ရာတုတ်နဲ့ နှက်ထည့်လိုက်တာ…နဖူးမှာ သေရာပါအမာရွတ်
ရသွားပါရော့လား..နောက်တစ်ယောက်ကတော့ ကျုပ်ထက်ကြီးပါတယ်..
ကျုပ်မှာအစ်မတွေရှိတော့..ဟေ့ကောင် အစ်မပေးယောက်ဖလို့ စစနေလို့
( ကြိုပြောထားရပါစေ..ခုတော့ အစ်မတွေက အိမ်ထောင်ကျကုန်ပါပြီ.. )
လက်ထဲမှာကိုင်ထားတဲ့ ကျောက်ခဲနဲ့ နှက်ထည့်လိုက်တာ ခေါင်းပေါက်သွား
ပါလေရော..နှစ်ရက်အတွင်း လူနှစ်ယောက်ကို ထိပ်ပေါက် ခေါင်းကွဲအောင်နှံ
လိုက်တဲ့ သားတော်မောင်ကို အဖေက အိမ်မှာ မထားဝံ့တော့ပါဘူး…..
နောက်ရက်ကိုအိပ်ရာလိပ်ပြင်ခိုင်းပြီး ရွာဦးဘုန်းတော်ကြီးကျောင်းကို
ပို့ပါတော့တယ်… မကောင်းကျောင်းပို့လိုဘဲ ပြောရမလား…
ကျောင်းမှာ ကိုယ့်ထက်အရင်ရောက်နေတဲ့ ကိုယ့်လိုလူက
ငါးယောက်လောက်ရှိတယ်..ရွယ်တူတွေပါပဲ..ဘယ်လိုကြောင့်
ရောက်နေတယ်ဆိုတာတော့မသိပါ…ကျောင်းသားဆိုလို့
လွယ်လွယ်စားရမယ် မထင်နဲ့နော့…မနက်စောစောလေးနာရီ
ဆို အိပ်ရာကထရပြီ…အာရုဏ်ဆွမ်းပို့လာသူတွေရဲ့ ဆွမ်း
ချိုင့်တွေကို လဲပေးရတယ်..ငါးနာရီလောက်မှာဆွမ်းပို့လာတဲ့
သူတွေနဲ့အတူ ဘုန်းတော်ကြီးရှေ့မှာ ဆွမ်းတော်ကပ် ငါးပါးသီလ
ယူရတယ်..ပြီးရင် ဘုန်းတော်ကြီးအတွက် အာရုဏ်ဆွမ်းပြင်ပေးရ
ပါတယ်…ဘုန်းကြီးက အာရုဏ်ဆွမ်းဘုဉ်းပေးနေချိန်မှာ
နောက်နားမှာ ကျောင်းသားတွေက ဒူးတုတ်ပြီးစောင့်နေ
ရတယ်..ဘုန်းကြီးဘုဉ်းပေးပြီးတော့ ကျောင်းသားတွေစားရပါတယ်..
ဆွမ်းစား၊ ဆေးစရာရှိတဲ့ ပန်းကန်ခွက်တွေ ဆေးပြီးရင်
ကျောင်းဝင်းသန့်ရှင်းရေးလုပ်ရတော့တာပေါ့…
မနက်ရှစ်နာရီမှာ ရွာထဲကို ဆွမ်းထမ်းနဲ့ ဆွမ်းတော်ဗျို့..
လို့ အော်ပြီး ဆွမ်းခံထွက်ရတယ်ဗျို့ … ကိုးနာရီခွဲလောက်မှာ
ကျောင်းပြန်ရောက်ပြီးဆွမ်းတော်ပြင် ဆွမ်းတော်ကပ်ပြီး
ဘုန်းဘုန်းအတွက် ဆွမ်းပွဲပြင် ဆွမ်းကပ်ပေါ့…နေ့လည်
၁၂နာရီလောက်ထိ ဆွမ်းနဲ့ လက္ဘက်ရည်စာစားပြီး….
နေ့လည် ၁နာရီကနေ ၂နာရီခွဲထိစာအံရပါတယ်..
ကျောင်းတိုင်တစ်တိုင်စီမှာ ထိုင်ပြီး ဘုန်းဘုန်းပေးထားတဲ့
စာတွေကို ကျက်မှတ်ရတာပါ…ကျုပ်ကိုတော့ လယ်တီ
ဆရာတော်ဘုရားကြီးရဲ့ ရ နေ့ ဘုရားရှစ်ခိုးနဲ့စပါတယ်..
စာကျက်လို့ရရင်ဘုန်းဘုန်းဆီမှာ စာပြန်ရတာပေါ့..
ထွန့်နေမေ့နေလို့ကတော့နာပြီတာမှတ်လေ…နားရင်းအုပ်
မလား..ထိပ်ပူမလားဘဲ…ခရားရေလွှတ်ဆိုနိုင်မှ ဘုန်းဘုန်း
ကသဘောကျတယ်..ရှေ့ကစာတွေကိုပြန်ပြီးပြီဆိုပြီးမေ့
ထားလို့လည်းရဘူးဗျ..ဘုန်းဘုန်းကပြန်ပြန်မေးတတ်တယ်..
ဒီနေရာမှာ ကျုပ်ကဉာဏ်ကောင်းတယ်ပြောရမှာ..ကြွားတာ
ဟုတ်ဘူးနော့..တခြားကျောင်းသားတွေ ၃ ရက်လောက်ကျက်မှ
ရတဲ့စာကို ကျုပ်ကတစ်ရက်နဲ့ရတယ်..ဒီတော့ဘုန်းဘုန်းက
ကျုပ်ကိုချစ်တယ်..ဘုန်းဘုန်းကကျုပ်ကို နာမည်မခေါ်ဘူး..
တရုတ်ကြီးတဲ့..ငယ်ငယ်ကကျုပ်ကအသားဖြူဖြူ ဝ၀
ကစ်ကစ်လေးလေ..စာအံလို့ပြီးပြီဆိုရင် ကျောင်းပေါ်
မှာတံမြက်စည်း လှည်း..ဘုရားရှိခိုးရတယ်..ပြီးရင်ရွာထဲက
ဆွမ်းချိုင့်တွေကို ပို့ အိမ်ခဏပြန်ပေါ့…ကျောင်းမှာက
ဘောင်းဘီတိုနဲ့မနေရဘူးပုဆိုးဝတ်ရတယ်..ပုဆိုးမနိုင်တနိုင်နဲ့
ပေါ့ဗျာ.. ညပိုင်းရောက်တော့ဘုရားရှိခိုး ပြီးရင်ဘုန်းဘုန်းကို
ကန်တော့ရတယ်..ဘုန်းဘုန်းက ဆုံးမစကားတွေပြောပေါ့..
ညကိုးနာရီခွဲဆို အိပ်ရာဝင်ရပြီ…နောက်ပိုင်းကျတော့..
ဘုန်းဘုန်းက ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊သံဃာဂုဏ်တော်
တွေကျက်ခိုင်းတယ်…အဲ့တာတွေပြီးတော့ ပရိတ်ကြီး ၁၁သုတ်ထဲက
မေတ္တသုတ်ကိုစကျက်ခိုင်းတယ်…အဓိပ္ပါယ်တွေကိုမြန်မာလိုရှင်း
ပြပေးပါတယ်…ခုထိနားထဲမှာစွဲနေတုန်းပါ…သတ္တဝါတွေကို…
သားတစ်တစ်ယောက်တည်းရှိတဲ့မိခင်က သူ့သားအပေါ်
ချစ်မြတ်နိုးသလို…ကိုယ်ကလည်းမေတ္တာထားရမယ်ဆိုတာတွေလေ…
နောက်ပိုင်းကျတော့ ရွာကနေမုံရွာစာသင်တိုက်မှာ..စာသင်သွားတဲ့
ဦးဇင်းပြန်လာတယ်..သူကညဆိုရင်ကျုပ်တို့ကို သိုင်းသင်ပေးတယ်..
ဘာသိုင်းလည်းတော့ကျုပ်လည်းသိဘူးရယ်..လက်ဖြုတ်နည်း
ချုပ်နည်းတွေ..ခြေနင်းသိုင်းကွက်တွေပါ..ဦးသစ်မင်းကြီးတော့
သိရင်သိမှာ…ပြီးရင်နှစ်ယောက်တစ်တွဲ ပြန်ချရတယ်..
တစ်ခါတော့ ကျုပ်နဲ့အတူကျတဲ့ကောင်…သူကကျုပ်ကိုဒုတ်နဲ့
ရိုက်ကျုပ်ကရှောင်ပြီးပြန်ကန်ကရတဲ့ အကွက်ပေါ့..ကျုပ်ကန်လိုက်တာ
ဘယ်နားမိသွားတယ်တော့မသိဘူး..အင့်ဆိုတဲ့အသံနဲ့လဲကျသွားလို့
မနည်းနှာနှပ်ယူရတယ်..ကျုပ်လည်းအဲ့ဒီကတည်းက ဘာသိုင်းမှ
မကစားတော့ဘူး..ခုထိတော့ လေသိုင်း၊လက်သိုင်း၊ခြေသိုင်းသုံးခု
တော့တော်တော်ကျွမ်းနေတုန်းပါ…ကျောင်းမှာအလှူပွဲရှိရင်တော့
သက်သာတယ်ကျုပ်တို့လုပ်ရမဲ့ အလုပ်တွေကို..ကပ္ပိယတွေကလုပ်သွား
ကြလို့ပါ…ကျောင်းမှာစာသင်ကျောင်းတွေမဖွင့်မချင်းနေရတာ..တစ်ခါတစ်ခါ
ပျင်းလို့အိမ်ပြန်ပြီး အဖေကိုတော်ပြီးဘုန်းကြီးကျောင်းမနေချင်တော့ဘူး
ပြောရင် အဖေက ညကိုဘုန်းဘုန်းဆီလာပြီး..တပည့်တော်သားက
မနေချင်တော့ဘူးတဲ့ဘုရားလို့လျှောက်ရင် ဘုန်းဘုန်းက ကလေးကတော်
တော်..မင်းတို့ကကဲကဲလို့ပြောလွှတ်လို့ အဖေလည်းနောက်ကိုလာမပြောရဲ
တော့ဘူး..ဘုန်းဘုန်းက စာတွေတော်တော်သင်ပေးပါတယ်..လောကနီတိ
တို့ဘာတို့ပေါ့ဗျာ..အင်္ဂလိပ်၊သချာင်္တွေတော့ပါဘူးပေါ့…အဲ့ဒီကျောင်းနေခဲ့
ရတဲ့အကျိုးက မြန်မာစာမှာတော်တော်အထောက်အကူဖြစ်သလို…နေထိုင်
မှု၊နေထိုင်တတ်ခြင်းတွေလည်းတော်တော်ခံစားရပါတယ်..ကျောင်းကထွက်
လာပြီးတဲ့နောက်ပိုင်း မနက်ငါးနာရီဆိုတာအလွန်ဆုံးအိပ်တတ်တော့တယ်..
ဘယ်လောက်အိပ်ရေးပျက်ပျက် အဲ့အချိန်ရောက်ရင် နိုးနေတော့တာ..
ပြီးတော့ ညအိပ်ရာဝင်တိုင်း ဘုရားရှိ်ခိုးပြီးမှအိပ်တတ်တော့တာ…
ဒါလေးတွေကိုရေးပြရတာက ကျုပ်ကြုံခဲ့ရတာလေးတွေကိုပြောပြခြင်
လို့ရယ်..ခုခေတ်ကလေးတွေဘုန်းတော်ကြီးကျောင်းမှာမနေကြလို့
ဘာသာအပေါ် လေးစားယုံကြည်မှုလေးတွေနည်းတယ်ထင်တာရယ်..
ဘုန်းကြီးတွေကိုမလေးစားကြမှာစိုးလို့ရယ်ပါ..ပြီးတော့
ကျုပ်ကလည်းရေးချင်တာရယ်ကြောင့်ပါ….
ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း….
14 comments
naywoonni
January 2, 2012 at 6:34 pm
ဘာကြောင့် ကျောင်းတွေ ပိတ်ရသလဲ ထည့်ပြောဦးလေ….ဘုန်ကြီးကျောင်းသားလေးရဲ့…။ 1987 -88 ဖြစ်ပုံရတယ် ဟုတ်တယ်ဟုတ်…။
kotun winlatt
January 2, 2012 at 6:38 pm
ဟုတ်တယ်ဗျ..၈၈ အရေးအခင်းနှစ်မှာ ကျနော်က
တတိယတန်းကျောင်းသားပါဗျာ…။
windtalker
January 2, 2012 at 7:11 pm
ဒါဆို ကိုထွန်းဝင်းလတ် က ကျုပ်ထက် ၄ နှစ်လောက် ကြီးတာဘဲ ။ ကျုပ် က မူလတန်း ကို နှစ်နှစ် တက်ခဲ့ရတာ
etone
January 3, 2012 at 2:43 pm
etone ကတော့ .. အိမ်ထဲမှာ ကွေးလို့ ကောင်းတဲ့ အချိန်ပဲ …. ။ 😉
KoNyeinChan
January 2, 2012 at 7:11 pm
ဖတ်လို ့တော့ကောင်းသား.. ဒါပေမယ့်
(((နောက်ရက်ကိုအိပ်ရာလိပ်ပြင်ခိုင်းပြီး ရွာဦးဘုန်းတော်ကြီးကျောင်းကို
ပို့ပါတော့တယ်… မကောင်းကျောင်းပို့လိုဘဲ ပြောရမလား…)))
ဆိုရာမှာ ကိုယ်သိသလောက်ဆိုရရင် “မကောင်း ချောင်(ဂျောင်) ပို ့” ဆိုတဲ့ စကားသာအမှန်ဖြစ်ပါလိမ့်မယ်.. သုံးမရတော့တဲ့ ပစ္စည်းတစ်ခုခုကို ကိုယ်တွေအိမ်မှာ သိပ်အရှုပ်မခံချင်တော့ရင် ချောင် ထဲသာ ပို ့ထားလိုက်ကြတာပါ.. ဒါကို တချို ့တချို ့သော လူကြီးများက မကောင်းကျောင်းပို ့ဆိုပြီး(ကျောင်းမှာ သွားထားရင် ပြန်ကောင်းသွားလိမ့်မယ်) ဆိုတဲ့ အဓိပ္ပါယ်မျိုး ကောက်စေပြီး
အမှားဖြစ်သွားတဲ့ စကားစုတစ်ခုပါ
kotun winlatt
January 2, 2012 at 7:42 pm
ကိုငြိမ်းချမ်းရေ…
မကောင်းကျောင်းပို့လို့ပဲ ကျနော်တို့ဆီမှာသုံးတယ်ဗျ..
လူသေသွားလို့ ကျန်ရစ်တဲ့ အဝတ်အစားတွေကို
ခန်းစီးတွေချုပ် ထိုင်းခင်းတွေချုပ်ပီး ကျောင်းကိုလှူကြတယ်..
ကောင်းတဲ့ လက်ဝတ်ရတနာတွေကိုကျတော့ ရောင်းချပီးဘာလို့မလှူသလဲ..
အဲ့တာမျိုးကိုယူပီး မကောင်းကျောင်းပို့လို့ သုံးတယ်ထင်တာပဲ အစ်ကိုရ..
အစ်ကိုပြောတာလည်း မှန်မှာပါ..
ကျနော်ပြောတာက ကျနော်တို့ဘက်က အသုံးအနှုန်းအကြောင်းပြောတာနော်..
KoNyeinChan
January 2, 2012 at 10:05 pm
အေးပေါ့ဗျာ.. ဗဟုသုတရတာပေါ့.. ဆက်ရေးဗျာ အားပေးနေပါ့မယ်
kotun winlatt
January 3, 2012 at 8:25 am
မကောင်းကျောင်းပို့ ။ ။ (၁) အိမ်၌မထားလိုသော အသုံးအဆောင်ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းသို့ ပေးပို့လှူဒါန်းသည်။
သူတစ်ချို့ကား၊ ကိုယ့်ဖို့ကောင်းရာ၊ ဝတ်စားပါ၍၊ များစွာပိုမို၊ မလိုချင်ကြောင်း၊
ထားမကောင်းလျှင်၊ ကျောင်းကိုပို့လေ၊ ဆိုသောထွေဖြင့်၊
(၂) ဆိုးပေနေသော ကလေးအား လိမ္မာယဉ်ကျေးလာအောင် ဘုန်းကြီးကျောင်းသို့ပို့ရာ၏။
မကောင်းကျောင်းပို့ ။ ။ ရပ်ရွာထဲတွင် ကျောင်းမနေပဲ ဆိုးပေနေသော ကလေးအား ကျောင်းသို့ ပို့အပ်ထားပါက အကြီးအကြပ် အကွပ်အထိန်း အဆုံးအမဖြင့် လူတော်ဖြစ်လာနိုင်သည်။
ပညာရေးဝန်ကြီးငှာန မြန်မာစာအဖွဲ့ဦးစီးငှာနက ထုတ်ဝေတဲ့ မြန်မာဆိုရိုးစကားစာအုပ် အမှတ်စဉ် ၄၈၁၊ စာမျက်နှာ ၁၄၈မှာ ရေးထားပါတယ်….။ ကိုငြိမ်းချမ်းရေ…
အစ်ကို စိတ်ထဲမှာ မရှင်းဖြစ်နေမှာစိုးလို့ ကျနော်ရှာဖွေပြီး ရေးပေးလိုက်ပါတယ် ခင်ဗျာ..
ရွှင်လန်းချမ်းမြေ့ပါစေနော်…။
ကြောင်လေး
September 16, 2012 at 10:51 pm
ဒီစာလေးခုမှ ဖတ်မိလို့ ဝင်ပြီးလျှာရှည်လိုက်ဦးမယ်။ ကျွန်တော်သိထားတဲ့စကားပုံအပြည့်အစုံက
“သမက်မကောင်းကျောင်းပို့ ” လို့ဆိုပါသတဲ့၊အင်းလေးဒေသကစတယ်လို့ မှတ်သားဖူးပါတယ်။
အချိန်လည်း အတော်ကြာသွားပြီဆိုတော့ ဒီအကြောင်းရွာထဲက စာဖတ်အားကောင်းသူများ သိထားရှင်းထားပြီးသားများရှိမလားမဆိုနိုင်။ နဲနဲရှည်တဲ့အတွက် ပို့ စ် တစ်ခုအနေနဲ့ တင်ပြပါ့မယ်။
blackchaw
January 2, 2012 at 9:09 pm
ကိုထွန်းဝင်းလတ်ရေ
ကွန်းမန့်ဝင်ပေးသွားပါတယ်။
နောက်မှ အေးအေးဆေးဆေး ဖတ်ခွင့်ပြုပါနော။
comegyi
January 3, 2012 at 5:24 am
ကိုထွန်းဝင်းလတ်ရေ့
ခင်ဗျား ဘာရေးရေး
ကြုံသလို အခွင့်သင့်သလို
ဖတ်ဖြစ်ပါတယ်ဗျ
…………….
စကားပြောဟန် အရေးသွက်သွက်
နဲ့ရေးပြတတ်တော့
ဖတ်ရတာ အရသာရှိတာပေါ့ဗျာ
ကျုပ်လည်း အဲလို ဘုန်းကြီးကျောင်း
အကျင့်လေးများရချင်လိုက်တာ ……
အခုတော့ဗျာအစာရှာတဲ့ ညငှက်ကြီးကို
ဖြစ်လို့ ……ညဆိုတကုပ်ကုပ်
နေ့ဆိုအိပ်…….
အားပေးသွားတယ်ဗျာ
ခင်တဲ့……
etone
January 3, 2012 at 2:50 pm
စာရေးသူရဲ့ ဘုန်းကြီးကျောင်းသား ဘဝကို ထပ်တူခံစားပြီး ဖတ်သွားပါတယ်နော် … ။
အသက်ငယ်ငယ်လေးနဲ့ မိဘနဲ့ ခွဲနေရတဲ့ ဒုက္ခကိုနားလည်ပါတယ် … ဒီလိုပဲ သူများနဲ့နေရတော့ သူများ မျက်နှာ ကြည့်နေရတဲ့ဘဝကိုလည်း ကိုယ်ချင်းစာမိတယ် … ။
ကျွန်မဆို ငယ်ငယ်က အိပ်ယာခွဲအိပ်လျှင်တောင် တအိအိနဲ့ ငိုတာ … နှဲမှုတ်သလိုပဲ 😀
အဒေါ်တွေနဲ့ ခရီးသွားလည်း အိမ်လွမ်းလို့ ငိုတာပဲ … ။
အဆိုးဆုံး မူကြိုပို့လျှင်တောင် အဖေ့ ပုဆိုးကြီးဆွဲပြီး နှပ်ချီးတွေ သုတ်လို့ ငိုသေးတယ် 😀
အဲ့ဒီအရွယ်တုန်းကတော့ အိမ်ကို အရမ်းခင်တွယ်တယ် … ။
အခုတော့ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားသလား မှတ်ရတယ် .. လုံး ဝကို အိမ်မကပ်ဘူး … အိပ်ချိန်ပဲ အိမ်မှာရှိတယ် … 😆
thit min
January 4, 2012 at 6:36 am
ကိုဝင်း ထွန်းလတ် ရေ
ကျနော်က သိုင်းကစားတာ ကိုသိမယ်တဲ့လား။
မန်းလေးကိုလာမယ်၊ပြီးတော့ …
ဟား ဟား ဟား တွေ့မှပြောတော့မယ်နော်။
ခင်မင်စွာ
မောင်သစ်မင်း
ထွန်း ပြောင်
September 16, 2012 at 12:13 pm
အင်း……….ကျုပ်နေခဲ့တဲ့ဘုန်းကြီးကျောင်းကိုတောင် သတိရသွားပြီဗျာ.
ကျုပ်လဲ ငယ်ငယ်တည်းက ဘကြီးဘုန်းကြီးကျောင်းမှာနေပြီး လောကီကျောင်းတက်ခဲ့ရတာဗျ
နွေရာသီကျောင်းပိတ်ရက်ဆို ရွာမပြန်ခိုင်းဘူးလေ……ခုနှစ်နေ့ဘုရားရှိခိုး….ပရိတ်ကြီး(၁၁)သုတ်
အပြင်ယဉ်ကျေးခြင်း ၊ အတွင်းယဉ်ကျေးခြင်း ၊ပဌာန်း ပစ္စယနိဒ္ဒေသ ကျက်ခိုင်းတာ….အဲတုန်းကတော့ ဘာမှမသိဘူး..ကလေးဆိုတော့
ခုမှတန်ဖိုးရှိမှန်းသိတယ်ဗျာ….နေ့တိုင်းလဲ အောက်မေ့နေမိပါရဲ့ဗျာ (ဘကြီးဘုန်းကြီးရဲ့ကျေးဇူးတွေကို)